Thursday, July 23, 2015

အိုင်ဝေဝေ နိုင်ငံကူးလက်မှတ် ပြန်ရပြီ


တရုတ်နိုင်ငံသား အိုင်ဝေဝေရဲ့ နိုင်ငံကူးလက်မှတ်ကို တရုတ်အစိုးရက လေးနှစ်ကြာ သိမ်းဆည်းခဲ့ပေမယ့် မကြာသေးခင်တုန်းကပဲ ပြန်ပေး လိုက်ပြီလို့ သိရပါတယ်။ အိုင်ဝေဝေဟာ တရုတ်နိုင်ငံရဲ့ မော်ဒန် အနုပညာ သမားထဲမှာ နာမည် အကြီးဆုံ အနုပညာသမား ဖြစ်ပြီး တရုတ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဝေဖန်ခဲ့သူ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ လေးနှစ်က တရုတ်အစိုးရက အိုင်ဝေဝေကို ၈၁ ရက်ကြာ ဖမ်းဆီးထိန်းသိမ်းခဲ့သလို သူ့ရဲ့ နိုင်ငံကူး လက်မှတ်ကိုလည်း သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကပဲ လူ့အခွင့်အရေး လှုပ်ရှားသူ ရှေ့နေတွေနဲ့ နိုင်ငံရေး လှုပ်ရှားသူတွေကို အစိုးရက ဖမ်းဆီးပြီးနောက် အိုင်ဝေဝေရဲ့ နိုင်ငံကူး လက်မှတ်ကို ပြန်ပေးတာနဲ့ တိုက်ဆိုင်နေပါတယ်။

ဒီလို တိုက်ဆိုင်မှုကို ကြည့်ပြီး အရင်ရက်တုန်းက ပြုလုပ်တဲ့ ဖမ်းဆီးမှုတွေဆီ လူတွေ အာရုံမစိုက်အောင် အခုလို အာရုံလွဲတာ ဖြစ်မယ်လို့ သုံးသပ်ကြသလို တချို့ကလည်း အိုင်ဝေဝေလို လူမျိုးကို တရုတ်နိုင်ငံ အတွင်းမှာ မထားချင်လို့ ပြည်ပကို ပို့နိုင်အောင် လုပ်ဆောင်တာ ဖြစ်မယ်လို့ သုံးသပ်ကြပါတယ်။

အိုင်ဝေဝေက အရင်တုန်းက ပြည်ပကို ထွက်ခွင့်မရပေမယ့် သူ့ရဲ့ အနုပညာ လက်ရာတွေကို ပြည်ပမှာ ခင်းကျင်း ပြသလေ့ရှိပါတယ်။

မဲလ်ဘုန်းမြို့မှာလည်း ဒီနှစ်အတွင်း သူ့ရဲ့ အနုပညာလက်ရာကို ပြသဖို့ စီစဉ်ထားတာကြောင့် ဒီပြသမှုမှာ အိုင်ဝေဝေ ကိုယ်တိုင် တက်ရောက်နိုင်မယ့် အနေအထား ဖြစ်လာပါတယ်။

ဒါ့အပြင် အသက် ၅၈ နှစ်အရွယ် အိုင်ဝေဝေ အနေနဲ့ စက်တင်ဘာလကျရင် လန်ဒန်မြို့မှာ ပြုလုပ်မယ့် သူ့ရဲ့ အနုပညာ ပြပွဲကိုလည်း အချိန်မှီ တက် ရောက်နိုင်မယ့် အနေအထား ရှိလာပါတယ်။

အိုင်ဝေဝေရဲ့ အနုပညာ ပြပွဲမှာ အိုင်ဝေဝေ တက်ရောက်ခွင့် မရလေလေ တရုတ်အစိုးရအပေါ် မကောင်း ကြောင်း ဝေဖန် ရေးသားမှုတွေ ပိုများလေ လေ ဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်သမ္မတ ရှီကျင်ပင်း ဗြိတိန်ကို လည်ပတ်တဲ့အခါ ဖိအားပေးမှု တွေ၊ ဝေဖန်မှုတွေ မခံရ အောင် အိုင်ဝေဝေရဲ့ ခရီးသွားလက်မှတ်ကို ပြန်ပေး တာ ဖြစ်မယ်လို့လည်း သုံးသပ်ကြပါတယ်။

အိုင်ဝေဝေကတော့ ပထမဦးဆုံး အလည်အပတ် သွားချင်တဲ့ နိုင်ငံကတော့ ဂျာမနီနိုင်ငံ ဖြစ်ပြီး အကြောင်း ရင်းကတော့ ဂျာမနီမှာ ရှိတဲ့ သားကို တွေ့ချင်တာက တကြောင်း၊ ကျန်းမာရေး စစ်ဆေးမှု ခံယူချင်တာက တကြောင်းကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

အိုင်ဝေဝေဟာ ၂၀၁၁ ခုနှစ်တုန်းက ဘာရှင်းပြချက်မှ မရှိပဲ တိတ်တဆိတ် ဖမ်းဆီးခံခဲ့ရပါတယ်။

သူ့အတွက် ပြည်ပမှာ တောင်းဆိုမှုတွေ လုပ်ပေးတာများပြီးနောက် တရုတ်အစိုးရက သူ့ကို အခွန်ပေး ဆောင်ဖို့ ပျက်ကွက်တဲ့အမှုနဲ့ တရားစွဲပြီး ဒဏ်ကြေးအနေနဲ့ အမေရိကန် ဒေါ်လာ ၂.၄ သန်း တောင်းခဲ့ ပါတယ်။

သူ့ရဲ့ နိုင်ငံကူးလက်မှတ် ရုတ်သိမ်းခံရတဲ့နောက်ပိုင်း အိုင်ဝေဝေဟာ ၂၀၁၃ ခုနှစ် နိုဝင်ဘာလကစပြီး သူ့ရဲ့ အိမ်ပြင်နဲ့ စတူဒီယို အခန်းပြင်ပမှာ စက်ဘီး တစ်စီးကို အမြဲတမ်း ရပ်ထားပြီး ခြင်းတောင်းထဲမှာ ပန်းတွေ ထိုးထားပါ တယ်။

သူ့ကို ခရီးသွားခွင့် မပေးမခြင်း ဒီအတိုင်း လုပ်ဆောင်မယ်လို့ ပြောခဲ့သလို ပန်းတွေ ထိုးလာတာ ရက်ပေါင်း ၆၀၀ ပြည့်တဲ့ အချိန်မှပဲ သူ့ရဲ့ နိုင်ငံကူး လက်မှတ် ပြန်လည်ရရှိတာ ဖြစ်ပါတယ်။

သူ့ကို ပြည်ပ ထွက်ခွာခွင့် ပေးသလို ပြည်ဝင်ခွင့် ပေးမယ်လို့ မျှော်လင့် ကြောင်းလည်း အိုင်ဝေဝေက ပြော သွားခဲ့ပါတယ်။

ABC

No comments:

Post a Comment

My Blog List