Monday, July 20, 2015

အင်န်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းများစာရင်း သြဂုတ်လ ထုတ်ပြန်မည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ကိုယ်စားလှယ်လောင်းများ မှတ်ပုံတင်ခြင်းကို ယခုလအတွင်း ပြုလုပ်နိုင်မည် မဟုတ်ဘဲ သြဂုတ်မှသာ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများ မှတ်ပုံတင်ခြင်းကို ဇူလိုင် ၂၀ ရက်မှ စတင်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသော်လည်း စိစစ်မှုများအဆင့်ဆင့်ပြုလုပ်ရမည် ဖြစ်သဖြင့် အတည်ပြုကိုယ်စားလှယ်လောင်းများ စာရင်းကို သြဂုတ်လရောက်မှသာ ထုတ်ပြန် နိုင်မည်ဖြစ် ကြောင်း အင်န်အယ်လ်ဒီ ဗဟိုကော်မတီဝင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြော သည်။

‘‘အဆင့်ဆင့်က တင်ပြလာတာကို ဗဟိုကစိစစ်မှုပြုပြီးမှ ကိုယ်စားလှယ် လောင်းမှတ်ပုံတင် တာတွေ၊ အတည်ပြုကိုယ်စား လှယ်လောင်းစာရင်း ထုတ်ပြန် တာတွေ လုပ်နိုင်မှာပေါ့။ သြဂုတ် လထဲမှ ဖြစ်နိုင်မယ့် သဘောရှိပါ တယ်’’ဟု ဒေါ်ခင်စန်းလှိုင်က ပြောသည်။

အောက်ခြေမြို့နယ်အသီးသီးက တင်ပြလာသည့် ကိုယ်စားလှယ်လောင်း လျှောက်လွှာများ နှင့် သုံးသပ် ချက်များကို ယခုလ ၂၃ ရက်နောက်ဆုံးထား၍ ပြည်နယ်နှင့် တိုင်းဒေသကြီး အင်န်အယ်လ်ဒီပါတီများက စိစစ်မှုများ ပြုလုပ်ကာ ဗဟိုသို့ ပေးပို့ရမည် ဖြစ်ပြီး ဗဟိုမှ သြဂုတ် ၁ ရက် နောက်ဆုံးထား၍ စိစစ်မှုပြုလုပ် ရန် သတ်မှတ်ထားကြောင်း၎င်းက ဆိုသည်။

‘‘ဒီလိုသတ်မှတ်ထားတဲ့အတွက်ကြောင့် သြဂုတ် ၁ ရက် နောက်ပိုင်းမှပဲ ကိုယ်စားလှယ် လောင်းစာရင်း သွင်းတာကို လုပ်နိုင်မယ့်သဘော ရှိတယ်။ စာရင်းသွင်း မှတ်ပုံတင်တာကတော့ မကြာပါဘူး။ ရွေးချယ် စိစစ်ရတာပဲ ကြာမှာပါ’’ဟု ဒေါ်ခင်စန်းလှိုင် က ပြောသည်။

အထွေထွေရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်၌ မှတ်ပုံတင်ခြင်းကို ဇူလိုင် ၂၀ ရက် မှ သြဂုတ် ၈ ရက်အထိ ရက်ပေါင်း ၂၀ အတွင်း အပြီးပြုလုပ် ရမည် ဖြစ်သည်။

လက်ရှိတွင် ကိုယ်စားလှယ်လောင်း လျှောက်ထားမှု များပြားနေပြီး တစ်မြို့နယ်နှစ်ဦးသာ ရွေးချယ်ရမည့် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်လောင်းနေရာများတွင်ပင် မြို့နယ်တစ်ခုလျှင် လျှောက်ထားသူ ၄၀ ခန့်ရှိနေကြောင်း အင်န်အယ်လ်ဒီပါတီမှ လွှတ်တော်ကိုယ်စားလှယ်အချို့က ပြော သည်။

ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် အရည်အချင်းရှိသူ၊ အမျိုးသမီး၊ လူငယ်နှင့် တိုင်းရင်းသား တို့အား ဦးစားပေးရွေးချယ်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသို့ ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်သွင်းသူများသည် ပိုင်ဆိုင်မှုဝန်ခံချက်နှင့် ကျန်းမာရေး ဆေးစစ်ချက်များ ထည့်သွင်းတင် ပြရန် သတ်မှတ်ထားသည်။


7Day Daily


No comments:

Post a Comment

My Blog List