Thursday, July 23, 2015

ထိုင်းသို့ ဗီဇာမလိုဘဲ သွားနိုင်တော့မည်


အပြည်ပြည်ဆိုင်ရာ လေဆိပ်များမှတစ်ဆင့် မြန်မာနှင့်ထိုင်း နှစ်နိုင်ငံ သွားလာမည့် ခရီးသည်များ အနေနှင့် ကြိုတင်ဗီဇာ လျှောက်ထားရန် မလိုတော့ဘဲ ၁၄ ရက် ဗီဇာကင်းလွတ်ခွင့်ပေးရန် စီစဉ်နေကြောင်း နိုင်ငံ ခြားရေး ဝန်ကြီးဌာန ကောင်စစ်ရေးရာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိန်ဦးက ပြောကြားသည်။

ဇူလိုင်လ ၂၈ နှင့် ၂၉ ရက်တို့၌ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံမည့် ဆွေးနွေးပွဲတွင် ဗီဇာကင်းလွတ်ခွင့်အတွက် သဘောတူညီချက်ကို လက်မှတ်ရေးထိုးမည် ဖြစ်ကာ လက်မှတ် ရေး ထိုးပြီး တစ်လအကြာတွင် ၎င်းစနစ်မှာ စတင်အသက်ဝင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ဆိုသည်။

“ကုန်းလမ်းထွက်ပေါက်တွေ ရှိပေမယ့် မလုပ်နိုင်သေးတဲ့အတွက် အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်တွေကနေ ဝင်ရောက်ခွင့်ကို ပထမအဆင့် ခွင့်ပေးသွားမယ်။ MOU လက်မှတ်ထိုးပြီးရင် နောက်တစ်လဆို အသက် ဝင်ပြီ။ ပတ်စ်ပို့အနီ ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားတိုင်း ထိုင်းနိုင်ငံရဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ် တွေကိုတစ်ဆင့် ဝင်ရောက်ခွင့်ရမှာ ဖြစ်တယ်” ဟု ဦးစိန်ဦးက ထပ်မံရှင်းပြသည်။

နှစ်နိုင်ငံ ခရီးသွားများအနေနှင့် ဗီဇာကင်းလွတ်မှုမှာ ၁၄ ရက် ရရှိမည်ဖြစ် ကာ ၁၄ ရက်ထက် ကျော်လွန် နေထိုင်လိုပါက သံရုံးများတွင် ဗီဇာ ထပ်မံလျှောက်ထားရမည် ဖြစ်ကြောင်း ကောင်စစ်ရေးရာ ဦးစီးဌာနမှ သိရှိရသည်။

“ထိုင်းသွားမယ်ဆို ချက်ချင်း လေဆိပ်ကို ဆင်းတာနဲ့ သွားလို့ရပြီ။ ခုဆို ဗီဇာအတွက် ၃ ရက်လောက် ကြိုပြီးလုပ်ရတယ်။ ဗီဇာကင်းလွတ်ခွင့် ပေးလိုက်ရင် နှစ်နိုင်ငံ ခရီးသွားအရေအတွက်က နှစ်ဆလောက် မြင့်သွားနိုင်တယ်” ဟု မြန်မာနိုင်ငံ ခရီးသွားအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဖြိုးဝေရာဇာက မှတ်ချက်ပေး ပြောဆိုသည်။

မြန်မာနိုင်ငံသို့ လာရောက်သည့် ထိပ်တန်းနိုင်ငံများတွင် ထိုင်းနိုင်ငံက ဦးဆောင်နေပြီး ၎င်းနောက်တွင် တရုတ်၊ ဂျပန်၊ ကိုရီယား၊ စင်ကာပူ၊ မလေးရှားနိုင်ငံများမှ ခရီးသွားများ ဝင်ရောက်နေကာ ယခုနှစ် ဇန်နဝါရီ လမှ ဇွန်လအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုတည်းမှ ထိုင်းခရီးသွား ၇၅၉၆၀ ဦး ဝင် ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနထံမှ သိရှိရသည်။

လက်ရှိ မြန်မာနိုင်ငံ အနေနှင့် အာဆီယံဒေသတွင်း နိုင်ငံများဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားတို့ကို ဗီဇာကင်းလွတ်ခွင့် ရထားပြီး ထိုင်း၊ စင်ကာပူ၊ မလေးရှားနိုင်ငံတို့ မှာ ဗီဇာဖြင့် သွားလာနေရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List