စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေလွှမ်းမိုးနေသောကန့် ဘလူမြို့နယ်သို့ နိုင်ငံတော် သမ္မတဦးသိန်းစိန် ယနေ့ (ဇူလိုင် ၂၀ ရက်)နံနက်တွင် သွားရောက်အား ပေးမည်ဖြစ်ကြောင်းစစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ အဖွဲ့မှတာဝန်ရှိ သူတစ်ဦးကပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် ရေလွှမ်းမိုးနေသော ကျေးရွာပေါင်း ၁၅၀ ကျော်ရှိသည်။ ယင်းအနက် ဇူလိုင် ၁၈ ၌ မိုးရေချိန် ၇ လက်မ ကျော်ဖြင့် စံချိန်တင်ရွာသွန်းခဲ့သော ကန့်ဘလူမြို့နယ်ရှိ ကျေးရွာအများစု ပါဝင်ကြောင်း ဒေသခံများက ပြောသည်။
သမ္မတ ခရီးစဉ်ရှိသည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ တာဝန်ရှိသူအများစုတို့သည် ဇူလိုင် ၁၉ ရက်ကတည်းက ကန့်ဘလူ မြို့သို့ ရောက်ရှိနေကြောင်း အထက်ပါ တာဝန်ရှိသူက ဆက် လက်ပြောကြားသည်။ သမ္မတ (သို့မဟုတ်) ဒုတိယသမ္မတတစ် ဦးဦး ယနေ့တွင် လာရောက်မည် ဟု ကြားသိရကြောင်း ဒေသခံများ ကလည်းပြောသည်။
အဆိုပါဒေသအတွင်းဇူလိုင် ၁၆ ရက်မှ ၁၉ ရက်အထိ မိုးအဆက် မပြတ် ရွာသွန်းမှုကြောင့် ဆည် တာတမံအချို့ ရေလျှံမှုဖြစ်ပေါ်ခဲ့ ပြီး ကျေးရွာများ ရေလွှမ်းမိုးမှု ဖြစ် ပေါ်ခဲ့ခြင်းဖြစ်သည်။
နောက်ဆုံးရရှိထားသည့် အချက်အလက်များအရ ကောလင်း မြို့နယ်အတွင်း ကျေးရွာ ၅၀ ခန့်၊ ဘုတလင်မြို့နယ်တွင်ကျေးရွာ ငါးရွာခန့်၊ ကန့်ဘလူမြို့နယ်တွင် ကျေးရွာ၃၀၀ခန့်ရေလွှမ်းခဲ့ကြောင်း ဒေသခံများကပြောသည်။
ကန့်ဘလူ၊ မင်းကင်း၊ ကနီ၊ ဘုတလင်နှင့် ကျွန်းလှမြို့နယ်တို့ တွင် လူဦးရေ ၆,၅၀၀ ကျော် ကယ်ဆယ်ရေးစခန်းများ၌ရောက် ရှိနေကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။‘‘ကန့်ဘလူမြို့နယ် အတွင်းမှာ ကျေးရွာ ၄၀ လောက်က ဆိုးဆိုးရွားရွားဖြစ်နေတယ်။ အစိုးရရဲ့ ကူညီထောက်ပံ့မှုအများကြီးလို အပ်နေသေးတယ်’’ ဟု ရေလွှမ်းမိုးခြင်းဒဏ်အများဆုံးခံရသည့် ကန့်ဘလူဒေသခံတစ်ဦးက ဇူလိုင် ၁၉ ရက်က ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးကိုယ်တိုင် ကန့်ဘလူမြို့နယ်တွင်အခြေချကာ ရေကြီးနစ်မြုပ်မှုများအနီး ကပ်စောင့် ကြည့်နေပြီး ရေဘေး သင့်ကျေးရွာများနှင့် ပြည်သူများ ကို စာရင်းပြုစုနေဆဲဖြစ်သည်ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက 7 Day Daily အား ပြောကြားသည်။
ကန့်ဘလူ ဒေသခံအချို့၏ ပြောကြားချက်အရ ဒေသခံ ၁၅,၀၀၀ ခန့်မှာ ရေဘေးသင့်နေပြီး မြောက်ပိုင်းတစ်ခုလုံးမှာ အစာရေစာ ပြတ်လပ်နိုင်သည့်အခြေအနေ ရင်ဆိုင်နေရသည်။
ကောလင်းမြို့နယ်ရှိ ရေကြီး နေသည့်ကျေးရွာများ၌ဘုန်းတော် ကြီးကျောင်းများတွင် ကယ်ဆယ်ရေးစခန်းများဖွင့်ထားပြီး အစား အသောက်များ၊ ဆေးဝါးကုသမှု များပေးနေရကြောင်းအစိုးရက သတင်းထုတ်ပြန်ထားသည်။
ဘုတလင်မြို့နယ်ရှိ ရေဘေး သင့်အိမ်ထောင်စု ၆၁ စုမှလူဦးရေ ၂၃၅ ဦးတို့ကို မြို့နယ်ဌာနဆိုင်ရာ များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကျေးရွာအခြေခံပညာမူလတန်း ကျောင်းသို့ ခေတ္တရွှေ့ပြောင်းနေရာချထားပေးနေရကြောင်း သတင်း ထုတ်ပြန်ထားသည်။
7Day Daily
No comments:
Post a Comment