Monday, July 20, 2015

ဗိုလ်ချုပ်နေအိမ်ပြတိုက်သို့ လာရောက်သူ စံချိန်တင်များပြား နှစ်ငါးဆယ်အတွင်း အမြင့်ဆုံးဖြစ်



ရန်ကုန်မြို့တွင်(၆၈)နှစ် မြောက် အာဇာနည်နေ့အခမ်းအ နားကျင်းပပြုလုပ်သော အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြ တိုက်၊ ဝန်ကြီးများရုံး ဟောင်းများသို့ ယခုနှစ်၌ လာရောက်ဂါရဝပြုသူ စံချိန်တင်များ ပြားခဲ့သည်။ ယခုနှစ်တွင် အချိန်တိုးမြှင့် လေ့လာခွင့်ပြုခဲ့သော အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည့် အတွင်းဝန်များရုံးသို့ လာရောက်လေ့လာသူ သောင်းချီရှိခဲ့ပြီး အဆောက်အအုံကြံ့ခိုင်မှုအတွက် စိုးရိမ်စရာအနေအထားဖြစ်ခဲ့သောကြောင့် လုံခြုံရေးအင်အား ကိုပင် တိုးမြှင့် ခဲ့သည်။

ပြီးခဲ့သည့်နှစ်ကစ၍ ဝန်ကြီးများရုံးကို ပြင်ဆင်ခွင့်ရထားသည့် အနော်မာကုမ္ပဏီက ပြည်သူများ အား စတင်လေ့လာခွင့်ပြုခဲ့သော် လည်း နံနက် ၉ နာရီမှ မွန်းတည့်၁၂ နာရီအထိသာ ခွင့်ပြုခဲ့သည်။

ယခုနှစ်တွင် နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ တိုးမြှင့်ဖွင့်လှစ် လိုက်သောကြောင့် လာရောက် လေ့လာသူ များပြားခဲ့ခြင်းဖြစ် ကြောင်း လုံခြုံရေးတာဝန်ယူထား သူများက သုံးသပ်သည်။

‘‘ဗိုလ်ချုပ်တို့လုပ်ကြံခံရတဲ့ နေရာနားက လှေကားထစ်တွေ၊ အခန်းတွေဆို တော်တော်ပြုပြင် ဖို့ လိုနေတာပါ။ အဲဒါကြောင့် ဒီနေ့လာကြည့်တဲ့လူတွေရော လာမ ကြည့်ဖြစ်တဲ့လူတွေကိုရော ထိန်း သိမ်းမှုတွေကို စည်းကမ်းတကျနဲ့ ကြည့်စေချင်ပါတယ်’’ဟု ရန်ကုန် မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ မရွှေယင်းမာဦးက ဆိုသည်။

ဝန်ကြီးများရုံးသို့ လာရောက်လေ့လာသူများကိုလည်း အဆိုပါ အဖွဲ့က အဆောက်အအုံနှင့်ပတ် သက်၍ သဘောထားစစ်တမ်း တစ်ခု ကောက်ယူခဲ့သည်။

‘‘ဘယ်နှခုနစ်က ဘယ်အ ခန်းမှာ ဘာတွေလုပ်ခဲ့တယ်ဆို တာကို သမိုင်းအထောက်အထား လေးတွေနဲ့ပြထားရင် သိပ်ကောင်းမှာ။ အခုဟာက အိုဟောင်းနေတဲ့အဆောက်အအုံဟောင်းကြီးထဲကို ဝင်ကြည့်ရသလိုပဲ။ ဘယ်နားမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ကလေးတွေကို မရှင်းပြနိုင်ခဲ့ဘူး’’ ဟု ဝန်ကြီးများရုံးသို့ သွားရောက်လေ့လာခဲ့သည့် ကျောင်းသားမိဘတစ်ဦးက ၎င်း၏အမြင်ကို ပြောသည်။

ဝန်ကြီးများရုံးမှာ လမ်းများ ရှုပ်ထွေးပြီး တစ်နေရာနှင့်တစ်နေ ရာသွားလာရန် လမ်းပြဆိုင်းဘုတ် များညွှန်ပြထားခြင်းမရှိကြောင်း သွားရောက် လေ့လာသူများက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်သို့ လာရောက်လေ့လာသူ ၁၉,၀၀၀ ကျော်ရှိခဲ့ပြီး ပြတိုက်စဖွင့်ခဲ့သည့်နှစ်မှ နှစ်ပေါင်းငါးဆယ် ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် စံချိန်တင်ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ဒီနှစ်ကတော့ စံချိန်တင်တဲ့ နှစ်ပဲ။ မနှစ်ကအများဆုံးလာတဲ့ လူဦးရေတောင် ၁၄,၀၀၀ကျော် လောက်ပဲရှိတဲ့အတွက် ငါးထောင် ကျော်လောက်ပိုလာပါတယ်’’ဟု ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြ တိုက်မှ ဦးစီးအရာရှိဦးကျော်အေး က ပြောသည်။

ယခုနှစ်အတွင်း ဗိုလ်ချုပ် အောင်ဆန်းနေအိမ်ပြတိုက်သို့ ကျောင်းသား၊ကျောင်းသူများနှင့်မိသားစုလိုက်လာရောက် လည်ပတ်သူအများအပြားရှိခဲ့ပြီး ဗိုလ်ချုပ်၏ အသုံးအဆောင်ပစ္စည်းများနှင့်နေအိမ် ဖွဲ့စည်းပုံများအကြောင်းကို ရှင်းပြထားသည့် လက်ကမ်းစာစောင်များကို လေ့လာသူများအား ပေးဝေခဲ့သည်။

‘‘အာဇာနည်နေ့အတွက် ဒီ နှစ်မှာတော့ ပထမဆုံးအနေနဲ့ ဗိုလ်ချုပ်ပြတိုက်နေအိမ်အကြောင်း ရှင်းပြထားတာတွေနဲ့ ဗိုလ်ချုပ်ရဲ့ အသုံးအဆောင်ပစ္စည်းတွေအကြောင်းကို ရှင်းပြထားတဲ့ လက်ကမ်းစာစောင်တွေ ကိုလေ့လာတဲ့သူတွေကို ပေးဝေခဲ့ပါတယ်’’ဟု ဦးကျော်အေးကဆိုသည်။

အဆိုပါလက်ကမ်းစာစောင်များတွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၏ နေအိမ်ဖွဲ့စည်းပုံ၊ ဗိုလ်ချုပ်၏ အသုံးအဆောင်ပစ္စည်းများဖြစ် သော ဖီးလစ်ရေဒီယို၊ ဆက်တီထိုင်ခုံများ၊ ဗိုလ်ချုပ်ရေး သားခဲ့သည့်စာအုပ်များ၊ အမှတ်တရဓာတ်ပုံများ၊ ဗိုလ်ချုပ်၏မိန့် ခွန်းကောက်နုတ်ချက်နှင့် ပြတိုက် ဖွင့်ချိန်၊ ပိတ်ချိန်တို့အကြောင်းကို ဖော်ပြထားသည်။

‘‘မြန်မာနိုင်ငံသားတွေမမေ့ သင့်တဲ့ ဒီနေ့မှာ မွန်မြတ်တဲ့ စိတ် ထားနဲ့ ဒီကိုလာရတာဖြစ်ပါတယ်။ ကျူရှင်ကနေလည်းအားလုံးသွား လို့ရအောင် စီစဉ်ပေးပါတယ်။ဒါ ဒုတိယတစ်ခေါက်ပါ။ အရင်နှစ်ကလည်းလာတယ်။ ဗိုလ်ချုပ်လုပ် ခဲ့တဲ့ ကျွန်တော်တို့မသိသေးတဲ့အ ရာတွေကို လေ့လာခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်’’ဟု အမေ့ပျိုးခင်း အခမဲ့ပညာရေး ကျောင်းမှ ဒသမတန်းကျောင်း သားကိုလှိုင်မြင့်ကပြောသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးမြင့်ဆွေလည်း လာရောက်လေ့လာခဲ့ကြောင်း သတင်းရရှိသည်။

အာဇာနည်ဂူဗိမာန်သို့ လည်း နံနက်အစောပိုင်းတွင် အာ ဇာနည်ခေါင်းဆောင်များ၏ဆွေ မျိုးများ၊ အစိုးရအဖွဲ့တာဝန်ရှိသူ များ၊ နိုင်ငံတကာအဖွဲ့အစည်း များ လာရောက်ဂါရဝပြုပြီးချိန် တွင် အများပြည်သူ ဂါရဝပြုနိုင်ရန် ဖွင့်လှစ်ပေးခဲ့သည်။ လူဦးရေ လွန်စွာ များပြားလာသဖြင့် လုံခြုံ ရေးအင်အားများထပ်မံတိုးချဲ့ကာ ဂါရဝပြုခွင့်ပေးခဲ့ကြောင်း သိရ သည်။

လာရောက်ဂါရဝပြုသူ၊ လာ ရောက်လေ့လာသူများအတွက် အစိုးရက စီမံခန့်ခွဲမှုအား နည်းသောကြောင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်း အခက်အခဲ အချို့နှင့် ကြုံတွေ့ခဲ့ရကြောင်း သွားရောက် လေ့လာသူများက ဆိုသည်။

အာဇာနည်ဂူဗိမာန်သို့ လာ ရောက်ဂါရဝပြုသူအများစုမှာ ကျောင်းသားကျောင်းသူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းအချို့ မှ ပြည်သူများ အဓိက တက်ရောက် ဂါရဝပြုခဲ့ကြပြီး နေ့လယ်ပိုင်းတွင် လူဦးရေ လွန်စွာ များပြားလာ သောကြောင့် ကြန့်ကြာမှုများရှိခဲ့ သည်ဟု သွားရောက်ဂါရဝပြုခဲ့သူ နွေအလင်း ပရဟိတလူငယ်များ ကွန်ရက်မှ မယမင်းနိုင်က ပြော သည်။

7Day Daily



No comments:

Post a Comment

My Blog List