Wednesday, July 22, 2015

နိုင်ငံရေး အကျဉ်းသားအရေး အစိုးရလုပ်ဆောင်ချက် ရှေ့နောက်မညီဟု ဒေါ်အောင်ဆန်းစုကြည် ဝေဖန်


နိုင်ငံရေးအကျဉ်းသားများဆိုသည့် စကားရပ်ကို အဓိပ္ပာယ်ဖွင့်ဆိုရန် အစီအစဉ် မရှိကြောင်း ပြောဆိုခြင်း သည် အစိုးရအနေဖြင့် ရှေ့နောက် မညီသည့် သဘောဆောင်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားလိုက်သည်။

ယမန်နေ့က ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြည်ထဲရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက နိုင်ငံရေးအကျဉ်းသား ဆိုသည့် အဓိပ္ပာယ်ဖွင့်ဆိုရန် မရှိကြောင်း ပြောဆို ခဲ့ခြင်းနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ် ဖွင့်ဆိုချက်က မရှိဘူးဆိုတော့ အရှေ့ အနောက် မညီဘူးလို့ ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အစိုးရကပဲ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ဖို့ အဖွဲ့ဖွဲ့ပေးတယ် မို့လား။ အခုမှ နိုင်ငံရေး အကျဉ်းသားရဲ့ အဓိပ္ပာယ်ကို မဖော်ပြဘူးဆိုတော့ အရှေ့အနောက် မညီတဲ့ သဘောရှိတာပေါ့”ဟုကော့မှူး မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီ (၁၉)ရက် နေ့က နိုင်ငံတော်သမ္မတ လက်မှတ် ထိုးပြီး အဖွဲ့ဝင်(၁၉)ဦးပါ နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီကို စတင်ဖွဲ့စည်းခဲ့ပြီး၊ ယင်းကော်မတီကို ပယ်ဖျက်ကာ ယခုလက်ရှိ နိုင်ငံရေး အကျဉ်းသားများ ရေးရာ ကော်မတီကို ဖွဲ့စည်းထားရှိကြောင်း သိရသည်။

လက်ရှိတွင် ပြည်ထောင်စုအစိုးရ အဖွဲ့မှ အကျဉ်းထောင်များ ဥပဒေကြမ်းကို ရေးဆွဲပြီး လွှတ်တော်တွင် အတည်ပြု နိုင်ရေးအတွက် တင်သွင်းထားခဲ့ရာ၊ ယင်း ဥပဒေကြမ်းတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသည့် နိုင်ငံရေး အကျဉ်းသားများ အတွက် အဓိပ္ပာယ် ဖွင့်ဆိုချက်မှာ ပါဝင်ခဲ့ခြင်း မရှိကြောင်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

ထို့ပြင် ယမန်နေ့က ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် လည်း လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မေ၀င်းမြင့်က အကျဉ်းထောင် များ ဥပဒေကြမ်းတွင် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ် ဖွင့်ဆို ချက်ကို ထည့်သွင်း ဆောင်ရွက် ထားခြင်း ရှိမရှိ မေးမြန်းမှုကို ပြည်ထဲရေး ၀န်ကြီး ဌာနမှ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက အဆိုပါ ဥပဒေကို လွှတ်တော်သို့ ပေးပို့ခဲ့ပြီး ဖြစ်သောကြောင့် ပြင်ဆင် ဖြည့်စွက်ခြင်းကို လွှတ်တော်သဘောထား အတိုင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြား ခဲ့သည်။

Messenger News Journal


No comments:

Post a Comment

My Blog List