Wednesday, July 22, 2015

စစ်ကိုင်းအစိုးရအဖွဲ့ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် စာရင်းများ ကောက်ခံပြီ





စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဇူလိုင်(၂၀)ရက် ညနေပိုင်းမှ စတင်ကာ မြစ်ရေများ ပြန်လည်ကျဆင်းနေပြီး ရေကြီးရေလျှံဖြစ်ပွားမှုမှ ပျက်စီးဆုံးရှုံးမှု စာရင်းကို စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ဇူလိုင်(၂၁)ရက်နေ့မှ စတင် ကောက်ယူနေပြီဖြစ်ကြောင်း အစိုးရအဖွဲ့ထံမှ သိရှိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရေကြီးရေလျံမှုကြောင့် လူနေအိမ်များ နစ်မြှပ်ခဲ့ရပြီး ထိခိုက်မှုအများဆုံး ဒေသမှာ ကောလင်း၊ ကန့်ဘလူ၊ ကျွန်းတောဒေသများဖြစ်ပြီးဒေသခံ ၇၀၀၀ ၀န်းကျင်မှာ ကောလင်းမြို့ပေါ် ရှိ ဒုက္ခသည်စခန်း (၄)ခုတွင် ခိုလုံနေရကြောင်းစစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ အတွင်းရေးမှူး ဦးစိုးစိုးဇော်က ဆိုသည်။

“လက်ရှိအခြေအနေကရေပြန်ကျနေပြီဆိုတော့ သက်ဆိုင်ရာဌာန အသီးသီးကို ဆုံးရှုံးမှုတွေကို စာရင်း ကောက်ယူခိုင်းထားပါတယ်။ ရက်ပိုင်းအတွင်းမှာ စာရင်းကထွက်လာမှာပါ။”ဟု ဦးစိုးစိုးဇော်ကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရေကြီးနစ်မြုပ်ခဲ့ရသည့် ဒေသများကိုကျန်းမာရေးအဖွဲ့များ၊ ကယ်ဆယ်ရေးအဖွဲ့များနှင့် အုပ်ချူပ်ရေးမှူးများကို စေလွတ်ထားကာ အ၀တ်အထည်၊ ရေနှင့် အစားအစာ များ လှုဒါန်းမှုများ ပြုလုပ်ပေးနေကြောင်း သိရသည်။

ထို့အပြင် ဇူလိုင်လ(၁၉)ရက်က ချပ်သင်းစံပြကျေးရွာအနီး မူးမြစ်ကမ်းဘေးရှိ ကျေးရွာငယ်(၂)ရွာမှ အိမ်ခြေ (၁၀)လုံးရေစီးဖြင့် မျောပါသွားသည့် နေရာများကိုလည်းသွားရောက် ကူညီမှုများလုပ်ဆောင်ပေးနေ ကြောင်း အစိုးရအဖွဲ့ထံမှ သိရသည်။

“ရွာလုံးကျွတ်ပါသွားတယ်ဆိုတာကကောလာဟလတွေပါ။ ကျွန်တော်တို့တွေ သွားရောက် ကူညီ ပေးနေ ပါတယ်။ အားလုံးလည်းဘေးကင်းကြပါတယ်။”ဟု ဦးစိုးစိုးဇော်က ပြောသည်။

ထို့အပြင် ချပ်သင်းစံပြကျေးရွာ၊ ပေါက်စိန်ကုန်း၊ ကံကြီးရွာတို့မှ ပျက်စီးဆုံးရှုံး မှုများကို တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌက စာရင်းကောက်ကောက် ယူနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံလူမှုကူညီပေးရေးအဖွဲ့အစည်းများကောက်ယူထားသည့် ကောလင်း မြို့ရေဘေး ဒုက္ခသည် စာရင်း များမှာ ဒက္ခဏရာမအလယ်ကျောင်းတိုက်တွင် လူဦးရေ – ၄၀၀၊ အနောက်ကျောင်းကြီးတိုက်တွင် လူဦးရေ – ၇၀၀၊ ဆိုင်ဒူးကျောင်း နှင့် ဆေးမင်းခုံကျောင်းတို့တွင် လူဦးရေ ၂၀၀ ကျော်၊ ကောလင်းဘူတာတွင် လူဦးရေ ၂၅၀ ကောလင်းစံတော်သာဘိုးဘွားရိပ်သာ တွင် လူဦးရေ ၁၃၀ တို့ ရှိနေကြောင်း သိရသည်။

“ရေကတော့ ပြန်ကျနေပါပြီ။ ဒေသခံ NLD၊  ရန်ကုန်၊ မန္တလေးနဲ့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေက ကူညီ ပေးနေကြပါတယ်။”ဟု ကောလင်းမြို့ ဒေသခံ ကိုပြည့်စုံက ပြောသည်။

ရေမြုပ်ဧရိယာဖြစ်သည့် ရေဦးမြို့တွင်လည်း ရေပြန်လည်ကျဆင်းနေပြီဖြစ် သော်လည်း ပျိုးစပါးဧက ၃၀၀ ကျော် ပျက်စီးသွားကြောင်း ရေဦးမြို့ လှည်းပွဲကျေးရွာမှ ဒေသခံ ဦးအောင်ဌေးထံမှ သိရသည်။

ဒေသခံများပြောပြချက်အရကန့်ဘလူမြို့နယ်ရှိဆည် ၈ ခုခန့်မှ ဆည်ကျိုး မည်ကိုစိုးရိမ်ခြင်းကြောင့် ရေပိုရေ လျှံများလွှတ်ခဲ့ရကြောင်း၊ ၁၆ ရက်နေ့မှ စတင်ကာ ၁၈ ရက်နေ့အထိ မိုးအဆက်မပြတ်ရွာသွန်းခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းအတွင်းရေကြီးရေလျံမှုကြောင့် ရေဝပ်ဧရိယာမှာ ၅၉.၈၃ စတုရန်းမိုင်ရှိပြီးပျမ်းမျှ ရေအမြင့် ၈ ပေ ၀န်ကျင်း မြင့်တက်ခဲ့ခြင်းဖြစ် ကြောင်း အစိုးရအဖွဲ့၏ စာရင်းအရ သိရသည်။

Shwe Myitmakha Media

No comments:

Post a Comment

My Blog List