ပြည်သူလူထုအတွက် မှန်ကန်သော အုပ်ချုပ်ရေးစနစ်တစ်ခု ထူထောင်ပြီး အကျိုးပြုလိုကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အာဇာနည်နေ့ အထိမ်းအမှတ် အခမ်း အနားတွင် ပြောကြားလိုက်သည်။
ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD ပါတီ)၏ အာဇာနည် နေ့ အခမ်းအနားတွင် ယင်းသို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။
“ပြည်သူတွေကို မှန်ကန်တဲ့ အုပ်ချုပ်ရေးစနစ် ထူထောင်ပေးမည့်နည်းနဲ့ အကျိုးပြုချင်ပါတယ်။ ဒီလိုအထူး တလည် အကျိုးပြုချင်လို့ ကျွန်မတို့ ရွေးကောက်ပွဲဝင်တာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများသည် မြန်မာနိုင်ငံအတွက် များစွာ အကျိုး ကျေးဇူးပြုခဲ့ပြီး နိုင်ငံအတွက် မည်သည့် နေရာတွင်မဆို အကျိုးပြုနိုင်ခြင်းသည် ဂုဏ်ယူစရာဖြစ်ကြောင်း၊ NLD ပါတီဝင်များ ယင်းစိတ်ဓာတ်မျိုး ထားစေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ သည်။
မြန်မာနိုင်ငံသည် နိုင်ငံရေးစနစ် ပြောင်းလဲရန် အချိန်တန်ပြီ ဖြစ်သော်လည်း ပြောင်းလဲခြင်း မပြုလုပ်ဘဲ ယခင်စနစ် အတိုင်းသာ ဆက်သွားပါက ပြည်သူ လူထု ဆက်လက်ဆင်းရဲနေဦးမည် ဖြစ်ကြောင်း NLD ပါတီ၏ အာဇာနည်နေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။
NLD ပါတီအနေနှင့် ဒီမိုကရေစီ နိုင်ငံရေးအရ ပြည်သူလူထု၏အကျိုး ထမ်းဆောင်ရန် တရားဝင် ရာထူး အာဏာရရှိမှ လုပ်ဆောင်နိုင်မည် ဖြစ်သောကြောင့် ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ထူထောင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ လူ့အခွင့်အရေး အာမခံချက်၊ ဒီမိုကရေစီစနစ်ကို ဦးတည်ဖော်ဆောင် မည့် NLD ပါတီကို မဲပေးခြင်းဖြင့် အာဇာနည် နိုင်ငံနှင့် ထိုက်တန်သူများ အာဇာနည်များအပေါ် ကျေးဇူး တရား သိတတ်ကျေးဇူးဆပ်သူများအဖြစ် သမိုင်းကမ္ပည်းတင်နိုင်ရန် သန္နိဋ္ဌာန်ပြု လက်တွေ့အကောင်အ ထည်ဖော်ရန် တိုက်တွန်းကြောင်း NLD ပါတီက အာဇာနည်နေ့နှင့် ပတ်သက်သော ကြေညာချက်တစ် စောင် ထုတ်ပြန်ခဲ့ သည်။
ယင်းကြေညာချက်တွင် လက်ရှိ နိုင်ငံရေးအခြေအနေများ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် NLD ပါတီ၏ ရွေးကောက်ပွဲဝင်သည့် ကိစ္စများ ပါဝင်သော အချက်ခြောက်ချက်ကို ဖော်ပြထားသည်။
ဇူလိုင်လ ၁၉ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့သော (၆၈) နှစ် မြောက် အာဇာနည်နေ့ အခမ်းအနားသို့ နိုင်ငံတကာသံတမန်များ၊ မိတ်ဖက်နိုင်ငံရေးပါတီများ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးတို့ တက်ရောက်ခဲ့သည်။
(အံ့မင်းညို)
The Voice Weekly
No comments:
Post a Comment