ဖွဲ့စည်းပုံအခြေခံဥပဒေမပြောင်းလဲသင့်ကြောင်း တပ်မတော်၏အကြံပြုချက်များသည် ပါတီစုံဒီမိုကရေစီစနစ် အား တည်ငြိမ်ညင်သာစွာဖြင့် အေးချမ်းစွာကူးပြောင်းနိုင်ရေးအတွက်ဖြစ်သည်ဟုတပ်မတော်သား လွှတ် တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင့်စိုးကဆွေးနွေးသည်။
နိုဝင်ဘာ ၁၇ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအပါအ၀င် လွှတ်တော်ကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာအပေါ်မူတည်ကာ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင့်စိုးက "မူလအခြေခံဖွဲ့စည်းပုံမှာပါရှိသောပုဒ်မ များအပေါ် ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ၏ အစီရင်ခံစာပါ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြချက်များနှင့် ပြောင်းလဲရန်မသင့်သော မူလ အတိုင်းထားရှိသင့်ကြောင်း အကြံပြုချက်များသည် ပါတီစုံဒီမိုကရေစီစနစ်အား တည်ငြိမ်ညင်သာစွာဖြင့် အေးချမ်းစွာကူးပြောင်းရေးအတွက် အလေးထားဆောင်ရွက်မှုများဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်" ဟု ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ၎င်းက "နိုင်ငံတကာမှာ ကွဲပြားမှုများကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်း၍မရလျှင် နောက်ဆုံး နည်းလမ်းဖြင့် စစ်ရေးနည်းလမ်းကို အသုံးပြုခဲ့တာတွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းကြောင်း တစ်လျှောက်မှာလည်း နိုင်ငံရေး၊ လူမျိုးရေး အယူအဆကွဲပြားမှုတိုင်းမှာ တွေ့ဆုံဆွေးနွေးမှုမအောင်မြင်ပါက စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းသုံးစွဲခဲ့ကြပါတယ်။ ၎င်းဖြစ်စဉ်များအရ ယခုကဲ့သို့ ပါတီစုံဒီမိုကရေစီစနစ်ဖြင့် အသွင်ကူးပြောင်းဆောင်ရွက်ချိန်မှာ တည်ငြိမ်ညင်သာစွာဖြင့် အေးချမ်းစွာကူးပြောင်းနိုင်ရေး၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ လူမှုဘ၀လုံခြုံကောင်းမွန်ရေး ၎င်းမှ စီးပွားရေးဖွံ့ဖြိုးတိုးတက်ကာ အဆင့်မြင့်လျော်ညီသည့် အခြေခံကောင်းများ ဖန်တီးဆောင်ရွက်နိုင်ရေးအတွက် တပ်မတော်သည် အဓိကကျသော ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးမှာ အချိုးအစားတစ်ခုအဖြစ်ပါဝင်ပြီး သမိုင်းပေးတာဝန်အရ တစ်ခုတည်းသောတပ်မတော်အဖြစ် ပူးပေါင်းဆောင်ရွက်သွားမည်သာဖြစ်ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို မူလအတိုင်းသာထားရှိသင့်ပါ တယ်" ဟု ဆွေးနွေးပြောကြားသည်။
အလားတူ တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအား လုံးဝမပြင်ဆင်ရန် တစ်သမတ်တည်းစွဲကိုင်နေ ခြင်းမဟုတ်ဘဲ ပြင်သင့်သည်များကို ပြင်သင့်သည့်အချိန်တွင်ပြင်နိုင်အောင် ဖွဲ့စည်းပုံအခြေခံဥပဒေလေ့ လာသုံးသပ်ရေးကော်မတီသို့ တင်ပြခဲ့ပြီးဖြစ်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ခင်မောင်ထွန်းက ပြောကြားသည်။
ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြီးပြည့်စုံသည်ဟုမဆိုနိုင်သော်လည်း အရေးတကြီးပြင်ဆင်ရမည့် အခြေအနေမဟုတ်သည်မှာ လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေများအရ သိရှိနိုင်ကြောင်း တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ခင်မောင်ထွန်းက ပြောကြားသည်။
သို့သော် ပြည်သူများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလိုလားချက်များကို တပ်မတော်အပါအ၀င် နိုင်ငံခေါင်းဆောင်များက စဉ်းစားပေးသင့်ကြောင်း တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီ ဟကျော်က ဆွေးနွေးသည်။
မြန်မာနိုင်ငံ၌ စစ်တပ်က ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းယူပြီးနောက် တစ်ပါတီအာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင်လည်း စစ်တပ်က နောက်တစ်ကြိမ် ထပ်မံအာဏာသိမ်းခဲ့သည်။ ထိုကဲ့သို့ စစ်တပ်အာဏာသိမ်းစဉ်ကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် မြေပေါ်မြေအောက်သယံဇာတများ စီမံခန့်ခွဲမှု အလွဲများကြောင့် ဆုံးရှုံးမှုများခဲ့ပြီး သစ်တောဖုံးလွှမ်းမှုပမာဏမှာ ၁၉၆၂ ခုနှစ်ဝန်းကျင်က နိုင်ငံဧရိယာ ရာခိုင်နှုန်း ၆၅၊ ၇၀ ခန့်ရှိရာမှ ယခုအခါ ၂၅ ရာခိုင်နှုန်းခန့်သာရှိတော့သည်အထိ ကျဆင်းခဲ့သည်ကို ဥပမာ အဖြစ်တွေ့မြင်နိုင်သည်။
ထို့အတူ ၁၉၆၂ ခုနှစ် အာဏာမသိမ်းမီက မြန်မာနိုင်ငံသည် အာရှတွင် ထိပ်တန်းနိုင်ငံအဖြစ်ရပ်တည်နိုင် ခဲ့သော်လည်း နောက်ပိုင်းတွင် နိုင်ငံမှာတဖြည်းဖြည်းတိုးတက်မှုကျဆင်းကာ လက်ရှိတွင် အရှေ့တောင် အာရှအဆင်းရဲဆုံးနိုင်ငံများတွင် ပါဝင်နေသည်။ ထို့ပြင် နိုင်ငံတွင်းအလုပ်အကိုင် ရှားပါးမှုအပါအ၀င် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ရွှေ့ပြောင်းလုပ်သားအဖြစ်ပြောင်းရွှေ့သွားသူမှာ ခြောက်သန်းခန့် အထိရှိနေသည်။ လတ်တလောအခြေအနေများအရ လူထုအတွင်း အာဏာသိမ်းမည်ဟူသော သတင်း စကားများထွက်ပေါ်နေသလို ထိုသို့ဖြစ်မည်ကို စိုးရိမ်မှုများရှိနေကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ လက်ရှိအစိုးရကိုလည်း အရပ်သားအစိုးရစစ်စစ်အဖြစ် ရှုမြင်ခြင်းမရှိဘဲ စစ်တပ်တစ်ပိုင်းအစိုးရအဖြစ် ထင်မြင်ယူဆသူများရှိနေကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment