Sunday, April 05, 2015

မြန်မာ-တရုတ် ပြဿနာများကို (၂) ဖက် တပ်မတော် ခေါင်းဆောင်များ ညှိနှိုင်း ဆောင်ရွက်မည်


မြန်မာ-တရုတ် နှစ်နိုင်ငံ ပြဿနာများကို နှစ်ဖက် တပ်မတော် ခေါင်းဆောင်များ အချင်းချင်း ညှိနှိုင်း ဆောင်ရွက် ရန် တွေ့ဆုံ ဆွေးနွေး သဘော တူညီမှု ရရှိခဲ့ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က The Messenger Media သို့ ပြောသည်။ 


ထိုကဲ့သို့ ပူးပေါင်း ဆောင်ရွက် ရာတွင် ကိုးကန့် တိမ်းရှောင် တပ်ဖွဲ့အတွင်း ပါဝင်နေသည့် တရုတ်ကြေးစား စစ်သားများ အရေးနှင့် ပတ်သက်၍ မြန်မာ့ တပ်မတော်ဘက်မှ တွေ့ရှိချက် အထောက်အထားများ ပေး ပို့မည် ဖြစ်ကာ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ လိုအပ် သလို အရေးယူ ဆောင်ရွက်ရန် တရုတ်နိုင်ငံဘက်မှ သဘောတူ ခဲ့ကြောင်း ၎င်းက ဆိုသည်။ 

ကျွန်တော်တို့ သွားရောက် ဆွေးနွေးတဲ့အခါမှာ နှစ်ဖက်တပ်မတော် ခေါင်းဆောင်ချင်း သီးသန့် ဆွေးနွေးနိုင် ခဲ့ ပါတယ်။ အဲဒီမှာ ကိုးကန့် ကိစ္စကို ကျွန်တော်တို့ ဘက်က တွေ့ရှိချက်တွေ ပေးပို့ ထားတယ် ဟု ဦးဝဏ္ဏမောင်လွင်က ပြော သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းက စတင် ဖြစ်ပွားခဲ့သည့် ဖုန်ကြားရှင် ဦးဆောင်သည့် (MNDAA) ကိုးကန့် တိမ်းရှောင် တပ်ဖွဲ့ အတွင်း ပါဝင်သည့် တရုတ်ကြေးစား စစ်သား အချို့အား လက်နက်ခဲယမ်း များနှင့် အတူ လောက်ကိုင် ဒေသတွင် ဖမ်းဆီးရမိခဲ့ကာ ပြစ်ဒဏ် တစ်သက်တစ်ကျွန်း အထိ မြန်မာဘက် က အမိန့်ချမှတ်ခဲ့သည်။ ကြေးစားတွေကိစ္စကိုပဲ သီးသန့် ဆွေးနွေးတာမျိုးမဟုတ်ဘူး။

အဓိကကတော့ နှစ်နိုင်ငံ နယ်စပ် ပြဿနာ တွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့  မိတ်မပျက် ဖြေရှင်းနိုင်ဖို့ သူတို့ (တရုတ်နိုင်ငံ) ကလည်း သဘောတူတယ် ဟု ဦးဝဏ္ဏမောင်လွင်က ဆက်လက် ပြောသည်။

ယခုသီတင်းပတ် ဧပြီလ (၃) ရက်နေ့ ကလည်း ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်ခရိုင် ရွှေလီ မြစ်ကြောင်း အနီး မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်နိမိတ်ပိုင်နက် အငြင်းပွား နေသည့် မြေနေရာတွင် တံတားဆောက်ရန် ဟု ဆိုကာ တရုတ် လက်နက်ကိုင် (၁၂) ဦးက လာရောက်၍ အလံစိုက်ရာမှ ကုန်းသာ၊ စဲ့ဟိုင်းနှင့် မန်နောင်ရွာမှ ဒေသခံ (၅၁၂) ဦးမှ ကန့်ကွက်မှုကြောင့် နောက်ကြောင်း ပြန်သွားသည့် ဖြစ်ရပ် ဖြစ်ပွား ခဲ့သည်။

မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်နိမိတ်သည် မိုင်ပေါင်း (၁၃၀၀) ကျော်ရှိပြီး နယ်နိမိတ် အတိအကျ သတ်မှတ် ထားသည်မှာ နှစ်ပေါင်း (၅၀) ရှိနေ ပြီး နှစ်ကြိမ်သာ စစ်ဆေးမှုပြုလုပ် နိုင်သေးကာ အဆိုပါ ပြဿနာအား ညှိနှိုင်း ဖြေရှင်းရန် မြန်မာ အစိုးရဘက်မှ အကြောင်းကြားထား သော်လည်း၊ တရုတ် ဘက်မှ အကြောင်းပြန် ကြားခြင်း မရှိသေးကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သိရသည်။

မြန်မာ- တရုတ်နှစ်နိုင်ငံ နယ်စပ် ပြဿနာများနှင့် ပတ်သက်၍ ဧပြီ (၁) နှင့် (၂) ရက် တို့တွင် မြန်မာကိုယ်စား လှယ်အဖွဲ့တို့ တွေ့ဆုံ ခဲ့ရာတွင် တပ်မတော်ကိုယ်စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီးအောင်သန်းထွဋ်နှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ လက်ဦးထောက် စစ်ဦးစီး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မာယိမင်နှင့် အရာရှိချုပ် ဗိုလ်ချုပ်ကြီး ဖန်ဖန်းဝေ တို့နှင့် သီးခြား တွေ့ဆုံ ဆွေးနွေးခဲ့သည်။

Messenger News Journal

No comments:

Post a Comment

My Blog List