Friday, April 10, 2015

ဗကသ ကျောင်းသူ မပိုပိုကို ရဲတပ်ဖွဲ့က ဖမ်းဆီး


အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက် ဆန္ဒပြခဲ့ကြသည့် ကျောင်းသူ၊ ကျောင်းသား တချို့ကို ရဲတပ်ဖွဲ့ က လိုက်လံဖမ်းဆီးရာတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)မှ ကျောင်းသူ မပိုပိုကိုလည်း ဧပြီ ၈ ရက်က ဖမ်းဆီး လိုက်ကြောင်း သိရသည်။
ထိုသို့ ရဲတပ်ဖွဲ့က ဖမ်းဆီးမှုသည် ရန်ကုန်တိုင်းကမာရွတ်မြို့နယ် တရားရုံး၏ ဖမ်းဝရန်းဖြင့် ဖမ်းဆီးခြင်း ဖြစ် သည်ဟု မိသားစုဝင် တဦး က ပြောပြသည်။

ဗကသ အဖွဲ့ဝင် အသက် ၁၉ နှစ်အရွယ် မပိုပိုကို ကမာရွတ်မြို့နယ် တရားရုံးက ပုဒ်မ ၅ ခုဖြင့် စွဲချက်တင်ပြီး အင်းစိန်ထောင်ကို ယနေ့ ပို့လိုက်ခြင်း ဖြစ်ကြောင်း ပိုပို၏ အစ်မဖြစ်သူ မအိပုံက ဧရာဝတီကို ပြောဆိုသည်။

“မနေ့က သန်လျင်မှာ လာဖမ်းသွားတာ။ ဒီမနက်တော့ ကမာရွတ် တရားရုံးက စွဲချက်တင် ပုဒ်မတွေတပ်ပြီး အင်းစိန်ထောင်ကို ပို့လိုက်ပါတယ်”ဟု မအိပုံက ဆက်ပြောသည်။

မပိုပိုသည် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များဖြစ်သည့် ကိုကျော်ကိုကို၊ ကိုနန္ဒစစ်အောင်၊ ကိုလင်းထက်နိုင်(ခ) ဂျိမ်းစ်၊ ကိုဝင်းကျော့မှူး၊ ကိုထက်ခိုင်စိုးတို့နှင့် အတူ ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် တရားရုံး၏ ဖမ်းဝရမ်း ထုတ်ခံထားရသူ ဖြစ်ကြောင်း၊ ကိုနန္ဒစစ်အောင် ကို မတ်လ ၂၇ ရက်က ဖမ်းဆီးခံခဲ့ရပြီး ကိုဝင်းကျော့မှူးသည် ဧပြီ ၆ ရက်က အဖမ်းခံခဲ့ရကြောင်းလည်း သိရသည်။

မပိုပို၊ ကိုနန္ဒစစ်အောင်နှင့် ကိုဝင်းကျော့မှူးတို့ကို ကမာရွတ်မြို့နယ် တရားရုံးက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၃၊ ဥပဒေနှင့် ဆန့်ကျင် သည့် အဖွဲ့အစည်း အစုအဝေးတွင် ပါဝင်မှု၊ ပုဒ်မ ၁၄၅ အမိန့်မနာခံမှု၊ ပုဒ်မ ၁၄၇ လူစုခွဲရန် အမိန့်ပေးမှုကို မနာခံမှု၊ ပုဒ်မ ၃၃၂ ရဲ တပ်ဖွဲ့ဝင်များကို ထိခိုက် နာကျင်စေမှု၊ ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော် အကြည်ညို ပျက်စေမှုတို့နှင့် စွဲချက်တင်ထားကြောင်း ရှေ့နေ ဦးရောဘတ်ဆန်းအောင် က ပြောသည်။

မအိပုံကလည်း“ကျမညီမ အပါအဝင် ကျောင်းသားတွေ အဖမ်းခံရတဲ့ ကိစ္စမှာ အစိုးရက ကတိမတည် တာပါ။ ကျောင်းသားတွေနဲ့ သဘောတူညီချက် ယူထားတုန်းက ဆန္ဒပြ ကျောင်းသားတွေနဲ့ ဝန်းရံသူတွေကို မဖမ်းဆီးပါဘူးလို့ သဘောတူညီချက် ရှိပြီးသား၊ ဒါတွေကို ပြောင်ချိုးဖောက်တာပဲ။ ဒီလိုလုပ်လို့ တောင်းဆို မှုတွေက ရပ်တန့်သွားမှာ မဟုတ်ပါဘူး”ဟု ပြောဆိုသည်။

အလားတူ ယနေ့တွင် အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်နိုင်ရေး သပိတ်မှောက် ဆန္ဒပြမှုနှင့် ဖမ်းဆီးခံ ထားရသည့် ကျောင်းသူ၊ ကျောင်းသားများနှင့် ဝန်းရံသူများကို လက်ပံတန်းမြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့ပြီး လာရောက်တွေ့ဆုံကြသည့် ကျောင်းသားမိဘများကို လုံခြုံရေးတပ်ဖွဲ့များက ပေးမတွေ့သည့်အတွက် တင်းမာမှု ဖြစ်ပွားခဲ့ကြောင်း ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောသည်။

“လုံခြုံရေးဆိုတဲ့ စကားလုံးက နိုင်ငံရေးသမားတွေနဲ့ ပတ်သက်ရင်သာ ပေါ်လာတယ်။ လူမျိုးရေး၊ ဘာ သာရေး အကြမ်းဖက်မှုတွေ ဖြစ်တုန်းက လုံခြုံရေးဆိုတဲ့ စကားလုံးတွေ ပျောက်နေတယ်။ ဒီလိုသာ ဆက်ပြီး လုပ်နေမယ်ဆိုရင် ပြဿနာတွေက များနေဦးမှာပဲ” ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။

လက်ရှိ သပိတ်မှောက် ဆန္ဒပြမှုနှင့် ဖမ်းဆီးခံထားရသူများကို ဧပြီ ၂၃ ရက်တွင် လက်ပံတန်းမြို့နယ် တရားရုံးသို့ ထပ်မံ ချိန်းဆို လိုက်သည်ဟုလည်း ဆိုသည်။

ထိုသို့ဖမ်းဆီးခံထားရသူများကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၃ ဥပဒေမဲ့ ဆန့်ကျင်သည့် အဖွဲ့အစည်းအစု အဝေးတွင် ပါဝင်မှု၊ ပုဒ်မ ၁၄၅ အမိန့် မနာခံမှု၊ ပုဒ်မ ၁၄၇ လူစုခွဲရန် အမိန့်ပေးခြင်းကို မနာခံမှု၊ ပုဒ်မ ၃၃၂ ရဲတပ်ဖွဲ့ဝင်များကို ထိခိုက်နာကျင်စေမှု၊ ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော် အစိုးရ (သို့) နိုင်ငံတော် အကြည်ညို ပျက်စေမှု တို့ဖြင့် လက်ပံတန်းမြို့နယ် တရားရုံးက စွဲချက်တင်ထားကြောင်း သိရ သည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List