Wednesday, April 08, 2015

ရခိုင်ပြည်နယ် ပညာရေးတိုးတက် မြင့်မား ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရေး ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်း

 









နိုင်ငံတစ်ခု ဖွံ့ဖြိုးတက်ရန်အတွက် ပညာရည်မြင့်မားမှု အထူး လိုအပ် ပါကြောင်း၊ ဖိုးသုညနှင့် တိုင်းပြည် တည်ဆောက်၍ မရနိုင်ဟု ရှေး လူကြီးသူမများ ပြောဆိုခဲ့ကြ ကြောင်း၊ နိုင်ငံတွင် ပညာတတ်များ ပေါ များစေရေး အားလုံးကဝိုင်းဝန်း ဆောင်ရွက်ကြရန် လိုကြောင်း၊ ကလေးလူငယ်များအခြေ ခံကောင်းကောင်းနှင့် ပညာ သင်ကြားခွင့်ရစေရန် မိဘ၊ ဆရာ၊ အုပ်ချုပ်သူများ၊ အဖွဲ့ အစည်းများ အားလုံး ပူးပေါင်း ဆောင် ရွက်ကြစေ လိုကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပပြုလုပ်သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစု များနှင့် စေ တနာရှင် အလှူရှင်များ ပူးပေါင်း၍ ရခိုင်ပြည်နယ် အတွင်းရှိ ပညာရေးကျောင်း များသို့ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်း ပေးအပ်ခြင်း အခမ်းအနား တွင် ထည့်သွင်း ပြောကြားသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်တွေလေဆိပ်သို့ ရောက်ရှိရာ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့မိမြို့ဖ များက ကြိုဆိုကြသည်။

ထို့နောက် စစ်တွေမြို့ဦး ဥတ္တမခန်းမ၌ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းပေးအပ်ပွဲ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူဇနီး ဒေါ်ကြူကြူလှ၊ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အနောက်ပိုင်း တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ NGO အဖွဲ့အစည်းများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများ၊ ဒေသခံ ပြည်သူ များနှင့် စေ တနာရှင် အလှူရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမှာစကား ပြောကြားရာတွင် ၁၈၂၄ခုနှစ်မှစ၍ ရခိုင် ၊ တနင်္သာရီ ဒေသများသည် ကိုလိုနီ ဖြစ်ခဲ့ရပါကြောင်း၊ ကိုလိုနီဖြစ်ခဲ့ရသည့် အကျိုးဆက် များသည် တိုင်းပြည် အတွက် များစွာထိခိုက် စေကြောင်း၊ အကြောင်းမျိုးမျိုးကြောင့် တစ်ယောက်နှင့် တစ်ယောက် အထင်အမြင် လွဲမှားမှုများ၊ သံသယဖြစ်မှု၊ အယူဝါဒ ကွဲပြားမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း၊ လွတ်လပ်ရေး ရပြီးချိန်တွင် လည်း ပြည်တွင်း သောင်းကျန်းမှုများ၊ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများကြောင့် ဒေသဖွံ့ဖြိုး တိုး တက်မှုများစွာ နောက်ကျခဲ့ ရကြောင်း။လက်ရှိသမ္မတကြီး ဦးဆောင်သော နိုင်ငံတော်အစိုးရမှ လိုအပ် သည့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများဖြင့် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင် နေပါကြောင်း၊ တပ်မတော် အနေဖြင့်လည်း တည်ငြိမ်အေးချမ်းရေး၊ စည်းလုံး ညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး တို့အား အမျိုးသားရေး မူဝါဒချမှတ်၍ စွမ်းအားရှိသရွေ့ပါဝင်ဆောင်ရွက် နေကြောင်း ၊ နိုင်ငံဖွံ့ဖြိုး တိုးတက်မှုအတွက် တိုင်းပြည်တည်ငြိမ် အေးချမ်းမှုသည် လွန်စွာအရေးကြီး ပါကြောင်း ၊ နိုင်ငံတော် အစိုးရ အနေဖြင့် စတင်တာဝန်ယူစဉ်ကပင်ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းစဉ် အောင်မြင်စေရန် ကြိုးပမ်းဆောင်ရွက်ခဲ့ ပါကြောင်း၊ တပ်မတော် အနေဖြင့်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ရေး အတွက်မဖြစ်မနေ ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ငြိမ်းချမ်းရေး ကိစ္စအောင်မြင်ရေး အတွက် ကတိကဝတ် တည်ရှိခြင်း၊ နားလည်မှု၊ ယုံကြည်မှု၊ စာနာမှုများဖြင့် ဆက်လက် လုပ်ဆောင် သွားရမည်ဖြစ်ပါ ကြောင်း၊ ဖွံ့ဖြိုး တိုးတက်မှုမှာ မိမိနိုင်ငံ၏ ပကတိ လိုအပ်ချက် ဖြစ်ကြောင်း၊ လူတိုင်းလူတိုင်း မိမိဘဝ တိုးတက်အောင် မြင်လို သကဲ့သို့ နိုင်ငံတိုင်းကလည်း ဖွံ့ဖြိုးတိုးတက် လိုကြပါ ကြောင်း ၊အခြားနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုကို အားကျသည်ထက် မိမိနိုင်ငံကို တိုးတက်လိုစိတ်ဖြင့် အားလုံးကြိုးပမ်း ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ တည်ငြိမ် အေးချမ်းမှု ရရှိရန် လိုအပ်သကဲ့သို့ ဆက်လက်ပြီး စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင် ရွက် ကြရမှာ ဖြစ်ကြောင်း။

မိမိတို့တိုင်းပြည်တွင် မြေပေါ်မြေအောက် သယံဇာတ၊ ရေသယံဇာတများ စွာရှိကြောင်း၊ ယင်းသယံဇာတ များကို စနစ်တကျ အသုံးပြုရန် လိုအပ်သကဲ့သို့ ကုန်ကြမ်း ထုတ်လုပ် ရောင်းချမှုအစား တန်ဖိုးမြင့်ထုတ်ကုန် အဖြစ်ဆောင် ရွက်နိုင်ပါက များစွာ အကျိုးကျေးဇူး ရနိုင်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရန်အတွက် အသိ ပညာ အတတ်ပညာများ လိုအပ်မည်ဖြစ်ကြောင်း၊ ယင်း၏ အခြေခံမှာ အတန်းပညာပင် ဖြစ်ကြောင်း၊ ပညာ သင်ကြားခြင်းသည် ဝမ်းစာဖြည့်ခြင်းဖြစ်၍၊ ပညာသင်ကြား ချိန်တွင် အမှန်တကယ် တတ်မြောက်အောင် သင်ကြားရန် လိုကြောင်း၊ ပညာသင်ချိန်တွင် အခြားကိစ္စရပ်များ စိတ်ဝင်စားနေခြင်းကြောင့် လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ အရည်အသွေးများ ကျဆင်းစေနိုင်ကြောင်း၊ပညာသင်ကြားရာတွင် တန်းစဉ်
ကူးပြောင်း သင်ကြားမှုသည်လည်း အရေးကြီးပါကြောင်း၊တိုးတက်အောင်မြင် နေသည့် နိုင်ငံများကို လေ့ လာ ဆန်းစစ်ကြည့်ရာ မူလတန်းမှ တက္ကသိုလ် အဆင့်အထိ တန်းစဉ် ကူးပြောင်းသင်ကြားနိုင်မှု ၉ဝ ရာခိုင်နှုန်းကျော် ရှိသည်ကို တွေ့ရပါကြောင်း၊ မိမိနိုင်ငံတွင် တန်းစဉ် ကူးပြောင်း သင်ကြားနိုင်မှု ရာခိုင်နှုန်း နည်းပါးနေခြင်းကိုလည်း သတိကြီးစွာထား၍ လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ် အတွင်း ၂ဝဝ၃ခုနှစ်၌ သူငယ်တန်း တက်ရောက် ခဲ့သူ ၁ဝ၄၅၆၉ဦးရှိခဲ့ရာ ၂ဝ၁၄ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲဖြေ ဆိုသူ အင်အားမှာ ၂၅၄၅ဝသာရှိ၍ သူငယ်တန်းမှ ဒသမတန်း အထိ တန်းစဉ် ကူးပြောင်းမှုမှာ ၂၅ရာ ခိုင်နှုန်းခန့်သာ ရှိကြောင်း၊ ယင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်သူ ၄၆၃၉ဦးသာရှိ၍ တန်းစဉ် ကူးပြောင်း ၍ တက္ကသိုလ်အဆင့် တက်ရောက် နိုင်မှု ရာခိုင်နှုန်း လွန်စွာနည်းပါး နေသည်ကို တွေ့ရပါကြောင်း၊ယနေ့ သည်နည်းပညာ ခေတ်ဖြစ်သော်လည်း အခြေအနေ မပေးခြင်း၊လေ့လာစူးစမ်း လိုစိတ်နည်းခြင်း တို့ကြောင့် နည်းပညာဆိုင်ရာ အားနည်းချက်များရှိ နေပါကြောင်း၊ သို့ဖြစ်၍ နည်းပညာ၏ အခြေခံဖြစ်သည့် ကွန်ပျူတာ ပညာ သင်ကြားနိုင်ရန်ကွန်ပျူတာ အားလှူဒါန်း ရခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် မီး ၂၄နာရီရရှိ သည်နှင့်ကွန်ပျူတာများလှူဒါန်းရန်ဆိုသည့်စိတ်ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ လှူဒါန်းသည့် ကွန်ပျူ တာများကိုလည်း တန်ဖိုးရှိရှိ အသုံးချစေ လိုပါကြောင်း၊ ယနေ့လှူဒါန်းပွဲ အခမ်းအနား ဖြစ်မြောက်ရေး အတွက် စီစဉ်ဆောင်ရွက် ပေးကြသူများ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းကြသည့် စေတနာရှင် အလှူရှင်များ၊ လက်ခံရယူပေးကြသည့် ဒေသံပြည်သူများ အားလုံးကို ကျေးဇူးတင်ရှိ ပါကြောင်းဖြင့် ပြော ကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မိသားစုမှ လှူဒါန်းသည့် ကွန်ပျူတာနှင့် ဆက်စပ် ပစ္စည်း များအား ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံ ရယူသည်။

ယင်းနောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများမှ လှူဒါန်းသည့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ အား ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)မှ လည်းကောင်း၊ သီးခြား အလှူရှင်များက ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများအား ဆက်လက်လှူဒါန်း ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီး လက်ခံရယူကြသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်အတွင်းရှိ ပညာရေးကျောင်း များအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင် အလှူရှင်များ၏ ကွန်ပျူတာနှင့် ဆက်စပ် ပစ္စည်းများ ထောက် ပံ့ ပေးအပ်ခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အခမ်းအနားအပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် မြို့မိ၊မြို့ဖများနှင့် ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြသည်။

ယနေ့ပြုလုပ်သည့် ရခိုင်ပြည်နယ် အတွင်းမှ ပညာရေး ကျောင်းများအတွက် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း များ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားတွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစု များ နှင့်အတူ ကမ္ဘောဇ ကုမ္ပဏီလီမိတက်၊ မက်(စ်)မိသားစု၊ ထူးဖောင်ဒေးရှင်း မိသားစု၊ ချန်းဟိန်းကုမ္ပဏီ လီမိတက်မိ သားစု၊ အိုင်ဂျီအီး မိသားစု၊ Jewellery Lucky Production ကုမ္ပဏီလီ မိတက်မိသားစု၊ Gateways Group of Companies မိသားစု၊ Asia World ကုမ္ပဏီလီမိတက် မိသားစု၊ ဧဒင်ကုမ္ပဏီလီမိတက်မိသားစု၊ ကြယ်နီ လာ ကုမ္ပဏီများ အုပ်စုမိသားစု၊ Sky One & Lucky Man လီမိတက်မိသားစု၊ အောင်မြင်သူများ ကုမ္ပဏီ အုပ်စု မိသားစု၊ Amazing ကုမ္ပဏီ လီမိတက်မိသားစု၊ နောင်တုံ ကုမ္ပဏီ လီမိတက်မိသားစုနှင့် Authentic ကုမ္ပဏီ လီမိတက် မိသားစုတို့မှလည်း ပူးပေါင်းပါဝင် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ စစ်တွေမြို့ မြို့လယ်ချောင်း ရေစီးရေလာ ကောင်းမွန်စေရေး၊ မြို့လယ်ချောင်းနှင့် ကုလား တန် မြစ်ဆုံချောင်းဝ သန့်ရှင်း သာယာလှပရေး၊ လုပ်ငန်းခွင် အခြေအနေနှင့် ကုလား တန်မြစ် ဘေး မြို့ပြ မြေယာတိုးချဲ့ ဖော်ထုတ်ရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ပြည်နယ်ဝန်ကြီးချုပ် က ရှင်းလင်း တင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည် များအကြံပြု ဆွေးနွေးပေးခဲ့သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့ View Point အပန်းဖြေ စခန်း အဆင့်မြင့်တိုးချဲ့ ဆောင်ရွက်နေမှု လုပ်ငန်းခွင် အတွင်း လှည့်လည်ကြည့် ရှု လေ့လာကြသည်။ ဆက်လက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် စစ်တွေတပ်နယ် ဗန္ဓုလခန်းမ၌ တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်သည် အဓိက တာဝန်ဖြစ် သည့် နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်ရင်း နိုင်ငံတော်၏လိုအပ်ချက်ဖြစ်သည့် ဒေသ ဖွံ့ဖြိုးရေး များကိုပါ တတ်စွမ်းသရွေ့ ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံတော် ကာကွယ်ရေး တာဝန် ထမ်းဆောင်နိုင်ရန် စွမ်းရည်ရှိသော တပ်မတော်ဖြစ်ရန် လိုကြောင်း၊ တစ်ဦးချင်း စွမ်းရည်မှ တပ်ဖွဲ့အလိုက် စွမ်းရည်ရှိအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာတပ်များ၏ တည်မြဲ အမိန့်ပါ လုပ်ငန်း တာဝန် များကို သိရှိလိုက်နာ ဆောင်ရွက်ခြင်းသည် တစ်ဦးချင်း စွမ်းရည်ပင်ဖြစ်ကြောင်း။

အလားတူ ခြေလျင်ခြေမြန်၊ လက်ရုံးတပ်ဖွဲ့အလိုက် မိမိလုပ်ငန်း တာဝန်များကို မှန်မှန်ကန်ကန်နှင့် ကျွမ်း ကျွမ်းကျင်ကျင် ထမ်းဆောင်နိုင်စွမ်းရှိခြင်းသည် တပ်ဖွဲ့၏စွမ်း ရည်ကို တိုးတက်စေမည်ဖြစ်ကြောင်း၊ တစ်ဦးချင်း စွမ်းရည်ကို အထောက်အကူဖြစ်စေသည့် စည်းကမ်းကောင်းမွန်မှု၊ စိတ်ဓာတ်ကောင်းမွန်မှု ရှိစေရန် ကိုယ်တိုင်ထိန်း သိမ်း လုပ်ဆောင်ရမှာ ဖြစ်သလို တာဝန်ရှိသူ များမှလည်း ကြပ်မတ်ဆောင် ရွက် ပေးရန် လိုအပ်ကြောင်း၊ လူတိုင်း မလုပ်ဆောင်နိုင်သည့် တပ်မတော်သား အဖြစ် မိမိကိုယ်တိုင် ယုံကြည်ချက်၊ ခံယူချက်ဖြင့် တာဝန်ထမ်းဆောင် ခဲ့ခြင်းဖြစ်၍ အခြေခံ စိတ်ဓာတ် ကောင်း
မွန်ပြီးဖြစ်ကြောင်း။

လောက်ကိုင်ဒေသ ဖြစ်စဉ်နှင့် ပတ်သက်၍ တစ်တိုင်းပြည်လုံး ထောက်ခံ အားပေးခဲ့သည်မှာလည်း တပ်မတော်သားများ စိတ်ဓာတ်ကို အသိအမှတ်ပြုခြင်း ပင်ဖြစ် ကြောင်း၊ ယင်းကောင်းမွန်သော စိတ်ဓာတ် ကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ရမှာ ဖြစ်ကြောင်း၊ တပ်မတော်အနေ ဖြင့်လည်း စွမ်းရည် ထက်မြက်သည့် တပ်မတော် ဖြစ်ရေး၊ တပ်တည်ဆောက်ရေး လုပ်ငန်းကြီး ၄ ရပ်ဖြင့် တည်ဆောက်နေသကဲ့သို့ တပ်မတော် သားများ အပြည့်အဝလုပ်ငန်း တာဝန်ထမ်းဆောင်နိုင်ရန်အတွက် စားဝတ်နေရေး၊ သွားလာရေး၊ ပညာရေး ၊ ကျန်းမာရေး၊ လူမှုရေးကိစ္စ အဝဝကို ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ တိုင်းပြည်တာဝန် ထမ်းဆောင်ရင်း အသက်စွန့် သွားသူ၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ရသူ၊ သက်ပြည့်တာဝန် ထမ်းဆောင်ခဲ့သူ များအတွက် စစ်မှုထမ်းဟောင်း အိမ်ယာများကို စီစဉ်ဆောင်ရွက်ပေးနေ ကြောင်း၊ တာဝန် ထမ်းဆောင်မှုနှင့် ပတ်သက်၍ နေ့စဉ်ရွတ်ဆိုနေသည့် ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော် အတွက်ဆိုသည့် သစ္စာ တရား မမေ့ရန်လိုကြောင်း၊ မိမိ၏စစ်သား ဂုဏ်ရည်ကို ထိန်းသိမ်းပြီး စည်းကမ်းကောင်းသော၊ စိတ် ဓာတ်ကောင်းသော တပ်မတော်သားများအဖြစ် ကြိုးပမ်းလုပ်ဆောင်ရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြား သည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က စစ်တွေ တပ်နယ်ရှိ ပညာရေး ကျောင်းများအတွက် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်ရာ ဒေသကွပ် ကဲရေး မှူးက လက်ခံရယူသည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှက တပ်ရင်း/ တပ်ဖွဲ့များမှ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းများ အတွက် ထောက်ပံ့ ငွေများ ပေးအပ် ရာ ဒေသကွပ်ရေးမှူး၏ ဇနီးက လက်ခံရယူသည်။

ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး လှဌေးဝင်းက သုတ၊ ရသ စာအုပ်စာစောင် များကို လည်းကောင်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်က အားကစားပစ္စည်းများကို
လည်းကောင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လှမင်းက စားသောက်ကုန် ပစ္စည်း များကို လည်းကောင်း ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီး လက်ခံရယူကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် စစ်တွေတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် ခဲ့သည်။
ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် စစ်တွေတပ်နယ်ရှိ တပ်မတော် ဆေးရုံသို့ သွားရောက်၍ ဆေးရုံ တက်ရောက်ကုသမှု ခံယူလျှက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူ များအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ဆေးကုသမှု အခြေအနေ အသေးစိတ်ကို မေးမြန်းကာ ဆေးကုသမှုဆိုင်ရာ လိုအပ်ချက်များ၊ တစ်ဦးချင်း၏ တင်ပြချက် များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး အားပေးစကား ပြောကြားကာ လက်ဆောင် ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့သည်။

အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့သည် အမျိုးသမီး လူနာဆောင် သို့ သွားရောက်၍ ဆေးရုံ တက်ရောက်ကုသမှု ခံယူနေသူ မိသားစုဝင်များ အား တွေ့ဆုံ၍ ဆေးကုသမှု အခြေအနေ အသေးစိတ်ကို မေးမြန်းကာ အားပေးစကား ပြောကြားပြီး လက်ဆောင် ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့သည်။

ယနေ့ မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောက်တော် မဟာမုနိ ဘုရားကြီးသို့ သွားရောက် ဖူးမြော်၍ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူ ပူဇော်ကာ ရွှေသင်္ကန်းများ ကပ်လှူပြီး အလှူငွေများ ပေးအပ် လှူဒါန်းခဲ့ကြသည်။

Senior General Min Aung Hlaing

No comments:

Post a Comment

My Blog List