Thursday, April 09, 2015

ယခုနှစ် မူလတန်းပြ ဆရာအတတ်သင်တန်း အတွက် သင်တန်းသား လေးထောင်ကျော် လျာထား


နိုင်ငံတစ်ဝန်း မူလတန်းအဆင့် စာသင်ကျောင်းများတွင် သင်ကြားပို့ချရန် လုပ်ငန်းခွင်အကြို မူလတန်းပြ ဆရာ အတတ်ပညာသင်တန်းအတွက် သင်တန်းသား ၄၃၀၀ ဦးနီးပါး ခေါ်ယူရန် စီစဉ်ထားကြောင်း ဆရာအတတ်ပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။
ယင်းသင်တန်းကို စိတ်ဝင်စားသော ပြည်တွင်းမှ ဘွဲ့တစ်ခုခု ရရှိထားပြီး သူများ ဧပြီလ ၉ ရက်နေ့ နောက် ဆုံးထားကာ နီးစပ်ရာ မြို့နယ်ပညာရေးမှူး ရုံးများသို့ လျှောက်ထားရန် ကြေညာထားပြီး သင်တန်းဝင်ခွင့် အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတ ရေးဖြေစာမေးပွဲများ ဖြေဆိုရမည်ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ရေးဖြေစာမေးပွဲများကို ဒေသအလိုက် အခြေခံပညာကျောင်းများတွင် မေလ ၅ ရက်၌ ကျင်းပသွားမည်ဖြစ်ပြီး သင်တန်းကို ဇွန်လမှ စက်တင်ဘာလကုန်အထိ ပညာရေးကောလိပ်များ တွင် သင်ကြားရန်ရှိကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

သင်တန်းပြီးဆုံးပါက သက်ဆိုင်ရာ ဒေသအလိုက် စာသင်ကျောင်းများတွင် မူလတန်းပြအဖြစ် လက်တွေ့ ဆင်းရန် သတ်မှတ်ထားကြောင်း၊ ယခု မူလတန်းပြ ဆရာအတတ် သင်တန်းသည် ဒုတိယအကြိမ်မြောက် သင်တန်းဖြစ်ပြီး ၂၀၁၄-၂၀၁၅ ပညာသင်နှစ်က ပထမဆုံးဖွင့်လှစ်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနက ကြေ ညာထားသည်။

လျှောက်လွှာကြေညာများကို မတ်လ ၃၀ ရက်က ကြေညာခဲ့ပြီး ဧပြီလ ၂ ရက်တွင် ပြည်နယ်နှင့် တိုင်း ပညာရေးမှူးရုံးများက လျှောက်လွှာများ စတင် လက်ခံခဲ့သည်။

ယခင်က ယင်းကဲ့သို့ ပုံစံတူသော မူလတန်းအဆင့် ဆရာအတတ်ပညာ သင်တန်းများကို တစ်နှစ်ကြာ သင်ကြားပြီး အလယ်တန်းအဆင့် ဆရာ အတတ်ပညာ သင်တန်းကို ၂ နှစ် သတ်မှတ်ထားခဲ့ သော်လည်း ၂၀၁၄ ခုနှစ်မှ စတင်၍ လပိုင်းသင်တန်း အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။

ရေးဖြေ စာမေးပွဲဖြေဆိုရန် ရွေးချယ်ခံရသူ များထဲမှ ပဏာမရွေးချယ်ထားသူ တို့ကို မေလ ၁၇ ရက်နှင့် ၁၈ ရက်တွင် လူတွေ့စစ်ဆေး၍ မေလ ၂၀ ရက်တွင် သင်တန်းတက်ရောက်ခွင့် ရရှိသူများကို ထုတ်ပြန်ကြေ ညာပေးမည် ဖြစ်ကြောင်း ဆရာ အတတ်ပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနထံမှ စုံစမ်း သိရှိရသည်။

ပထမအကြိမ် လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ သင်တန်းတွင် သင်တန်းသား ၅၇၀၀ ကျော် လက်ခံ ခဲ့ကြောင်း အဆိုပါဌာနမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List