Thursday, April 09, 2015

ဖွဲ့စည်းပုံ မပြင်လျှင် “မေးခွန်းများ ပိုအမေးခံရမည်”ဟု အမေရိကန်သံရုံး ပြောဆို


မြန်မာနိုင်ငံတွင် အခြေခံ ဥပဒေကို ပြင်ဆင်နိုင်ခြင်း မရှိသည့်အတွက် ပြုပြင်ပြောင်းလဲရေးများ၏ ယုံကြည် စိတ်ချရမှု အပေါ် “မေးခွန်းများ မြင့်တက်လာမည်”ဟု အမေရိကန်နိုင်ငံက ဧပြီလ ၇ ရက်နေ့တွင် ပြောကြား ခဲ့သည်။ သို့သော် လာမည့်ရွေးကောက်ပွဲများ၏ တရားဝင်ဖြစ်မှုကို ထိခိုက်စေလိမ့်မည်ဟု မပြောပေ။
စစ်အုပ်ချုပ်ရေး အောက်၌ ၄၉ နှစ်ကြာမြင့်ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်တွင် အရပ်သားတပိုင်း အစိုးရက နိုင် ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း နှင့် နိုင်ငံရေးပါတီများဖွဲ့စည်းခြင်းအပါအ၀င် ဒီမိုကရေစီ ပြုပြင် ပြောင်း လဲရေးများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာခဲ့သည်။

သို့သော်လည်း ပြုပြင်ပြောင်းလဲရေးက ရပ်တန့်နေသည် သို့မဟုတ် နောက်ပြန်သွားနေသည် စသော စိုးရိမ် ပူပန်မှုများက တိုးတက်လာနေ ခဲ့သည်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ သမ္မတဖြစ်လာခွင့်ကို တားမြစ်ခြင်းခံထားရသောအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အကယ်၍ အခြေခံ ဥပဒေပြင်ဆင်နိုင်ခြင်း မရှိပါက နိုဝင်ဘာလတွင် ကျင်းပရန်ရှိသည့် ရွေး ကောက်ပွဲများကို သပိတ်မှောက်ခြင်းက ရွေးချယ်စရာနည်းလမ်းတခု ဖြစ်သည်ဟု ရိုက်တာ သတင်းဌာနသို့ ယခင် အပတ်အတွင်းက ပြောကြားခဲ့သည်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ လွှတ်တော်တွင် တပ်မတော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်နေပြီး အရေးပါသည့် ၀န် ကြီး နေရာများကို စစ်ဘက်က ရယူထားသည့် အတွက် နိုင်ငံရေးနှင့် ပတ်သက်၍ ထိရောက်သော ဗီတိုအာဏာ ရရှိ ထားသည်။ ထို့ပြင် နိုင်ငံခြားသား သားသမီး သို့မဟုတ် ဇနီးခင်ပွန်းသည် ရှိသူများကို သမ္မတလောင်း မဖြစ်ရန် တားဆီးထား သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကွယ်လွန်သူ ခင်ပွန်းနှင့် သား ၂ ယောက်က အင်္ဂလန်နိုင်ငံသားများ ဖြစ်သည်။

အရပ်ဘက်က စစ်ဘက်ကို ထိန်းချုပ်နိုင်ရန်နှင့် ပြည်သူများက ၎င်းတို့ရွေး ချယ်သည့် ခေါင်းဆောင်ကို လွတ်လပ်စွာရွေး ကောက်တင်မြှောက်ခွင့် ရှိရန် အတွက် အခြေခံဥပဒေကို ပြင်ဆင်သင့်သည်ဟု အမေရိကန်သံရုံးက ပြောသည်။

“အခြေခံ ဥပဒေကို မပြင်ဆင်နိုင်ခဲ့တဲ့ အတွက် ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေး ရှေ့ဆက်သွားနေတယ်လို့ ယုံကြည်နိုင်မှု အပေါ် မေးခွန်းတွေ မြင့်တက်လာပါလိမ့်မယ်” ဟု သံရုံးမှ ပြောရေး ဆိုခွင့်ရှိသူ တဦးက ရိုက်တာသတင်းဌာနသို့ ပြော သည်။

သို့သော်လည်း အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ရွေးကောက်ပွဲ၏ တရားဝင်ဖြစ်မှုကို ချိတ်ဆက်ပြောဆိုခဲ့ခြင်း မရှိပါ။

“ဒါပေမယ့် နောက်ဆုံးမှာတော့ ဒီမိုကရေစီ နည်းလမ်းတခုဖြစ်တဲ့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲရဲ့  ပြီးမြောက်အောင်မြင်မှုနဲ့ တရားဝင်ဖြစ်မှုကို မြန်မာပြည်သူတွေက ဆုံးဖြတ်ပါလိမ့်မယ်။”

ပြီးခဲ့သည့် အပတ်က ရိုက်တာသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများက ဦး သိန်းစိန်၏ သဘောထားတင်းမာသော အစိုးရအပေါ် ပျော့ပြောင်းလွန်းသည် ဟု ဒေါ်အောင်ဆန်းစုကြည်က စွပ်စွဲခဲ့သည်။

အလွန် အကျွံ ချီးကျူးခြင်းကြောင့် အစိုးရကို ကျေနပ်ရောင့်ရဲသွားစေပြီး ကတိပြုပြီး ဖြစ်သော ပြုပြင်ပြောင်း လဲရေးများကို နောက်ပြန်လှည့်စေ ခဲ့သည်ဟု သူက ပြောသည်။

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်က အမျိုးမျိုးရောထွေးနေခဲ့သည်ဟု အမေရိကန် သံရုံး၏ ပြောရေးဆိုခွင့်ရှိ သူက ပြော သည်။

“ပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုအသိုင်း အ၀ိုင်း ပွင့်လင်းလွတ်လပ်လာဖို့ အတွက် ပြုပြင် ပြောင်းလဲရေးတွေက လုပ်ဆောင်ခဲ့တယ်လို့ ကျနော်တို့ သတိပြုမိပါတယ်။

ဒါပေမယ့် ပြုပြင်ပြောင်းလဲရေးက လက်တွေ့ မှာ သဟဇာတ မဖြစ်ခဲ့သလို အများစုက မျှော်လင့်ထား သလောက်လည်း လျှင်မြန်မှု မရှိခဲ့တာ ရှင်းနေပါတယ်” ဟု သူက ဆိုသည်။စစ်တပ်၏ နိုင်ငံရေးတွင် ပါဝင်နေ မှုကို ဖယ်ရှားရန် သို့ မဟုတ် ဒေါ်အောင် ဆန်းစုကြည် သမ္မတ ဖြစ်လာရန် အခြေခံ ဥပဒေကို ပြင် ဆင်ရေးက မလွယ်ကူပါ။

ပြင်ဆင်လိုပါက စစ်ဘက်အရာရှိများနှင့် ၎င်းတို့၏ မဟာမိတ်များ လွှမ်းမိုးထားသည့် ပြည်ထောင်စု လွှတ်တော်တွင် ထောက်ခံမဲ ၇၆ ရာခိုင်နှုန်းရရှိရန်လိုသည်။

အကယ်၍ ထိုအဆင့်ကို ကျော်ဖြတ်လာနိုင်လျှင်ပင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတခုကို ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုများ အကြီးအကျယ် ပြုလုပ်နေသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြီးမှူး ကျင်းပပေးရန် လိုအပ်လာလိမ့်မည် ဖြစ်သည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List