Saturday, April 11, 2015

ဘယ်နှပွင့်ပဲဆိုင်ဆိုင် ရိုးသားပွင့်လင်းစွာဆွေးနွေးဖို့သာ အဓိက


ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မလာရေး တားမြစ်ထားသည့် သဘောနှင့် ရေးဆွဲခဲ့ကြသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူအများနှင့်အတိုက်အခံပါတီက ပြင်ဆင်ရေးဆွဲရမည်ဟု တောင်းဆိုခဲ့ကြသော်လည်း နိုင်ငံအာဏာကို ဦးဆောင်နေသူ နိုင်ငံအကြီးအကဲများကမူ စိတ်လိုလက်ရ တွန်းအားပေးမဆောင် ရွက်သေးပါ ။ ဒေါ်အောင်ဆန်းစုကြည်တို့၏ ဖွဲ့စည်းပုံပြင်ဆင်ရေး သဘောထားလက်မှတ်ကောက်ခံရာ လူဦးရေမှာ သန်း ၆၀ တွင် ၅ သန်းသာရှိသည်ဟု အာဏာပိုင်များက သတ်မှတ်ပြောဆို သည်။
 ဒေါ်အောင်ဆန်းစုကြည်က ဤသို့ လူဦးရေနည်းနည်းသာပြုပြင်လိုသည်ဟု ယူဆလျှင် တနိုင်ငံလုံးမှာ မဲပုံးထောင်လိုက်ပါဟု ပွင့်ပွင့်ရှင်းရှင်း ပြောခဲ့ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေသည် မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်းကြောင့် တနိုင်ငံလုံး ဒုက္ခရောက်နေချိန်၊ ဧရာဝတီတိုင်းမှာ လူဦးရေ သိန်းချီအသက် ဆုံးရှုံးရချိန်တွင် ပြည်သူများကိုထိုဒုက္ခတောမှ ကယ်တင်ခြင်း မရှိဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာ ထောက်ခံခိုင်း၊ မဲထည့်ခိုင်းခဲ့သည်ကို ယနေ့တိုင် ပြောစမှတ်ပြုနေကြ ရသည်။

NLD အနေနှင့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ လှည်းနေလှေအောင်း မြင်းဇောင်းပါမကျန် တနိုင်ငံလုံး အပြတ် အသတ်ရွေးချယ်မဲပေးခဲ့၍ အနိုင်ရခဲ့သည်။ သို့သော် အစိုးရက လက်ထဲကအာဏာကို လွှဲမပေးခဲ့ပါ။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်မူ ကိုယ်စားလှယ်အနည်းငယ်သာ အရွေးချယ်ခံရမည်ဖြစ်၍ NLD ကို လွတ်လွတ်လပ်လပ် ပါဝင်စေခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် NLD အပြတ်အသတ် အနိုင်ရခဲ့သည်။ သို့သော် တနိုင်ငံလုံးအတိုင်းအတာ မဟုတ်ဘဲ လိုအပ်သည့်အနေရာများသာ ရွေးချယ်ခဲ့သဖြင့် NLD လွှတ်တော်အမတ်မှာ နည်းပါးပါသည်။ အများစုမှာ ကြံ့ဖွံ့ပါတီကဖြစ်၍ ကြံ့ဖွံ့အစိုးရသာ အာဏာရှိပါသည်။

NLD အနေနှင့် တွေ့ဆုံဆွေးနွေးရေး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်ပြင်ရေးကို အမြဲတမ်း တောင်းဆိုခဲ့ဖူး ပါသည်။ ယခင်က ကြံ့ဖွံ့အစိုးရ စစ်ခေါင်းဆောင်များသည် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မကြာခဏ ခေါ်ယူတွေ့ဆုံခဲ့သည်။

သို့သော် ပြည်သူလူထုအပေါ်မှာ ဘာတခုမျှ ပွင့်ပွင့်လင်းလင်း အသိပေးခဲ့ခြင်းမရှိပါ။ အစိုးရဘက် ကရော ၊ ဒေါ်အောင်ဆန်းစုကြည်ဘက်ကပါ ဘာတခုမျှ ဖွင့်ဟပြောပြခြင်းမရှိခဲ့ပါ။ ထို့ကြောင့် သူတို့ ဘယ်လောက်
ပဲတွေ့ဆုံတွေ့ဆုံ ဘာတခုမှ အကျိုးရှိမှာ မဟုတ်ဟု လူထုကလည်း စိတ်ဝင်စားမှု အလွန်နည်းပါသည်။

ဧပြီလ ၁၀ ရက်နေ့တွင် အများအခေါ် ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပြန်သည်။ တိုင်းရင်းသားအားလုံးကိုယ် စား ဒေါက်တာအေးမောင်၊ သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၊ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ဥက္ကဋ္ဌ သူရရွှေမန်းနှင့် ဦးခင်အောင်မြင့်တို့ဖြစ်သည်။

ထိပ်သီး ၆ ဦးတွင် ၅ ဦးသည် လက်ရှိအစိုးရဘက်ကဖြစ်သည်။ ပြည်သူ့ဘက်သားမှာ ဒေါ်အောင်ဆန်း စုကြည် တဦးတည်းသာရှိသည်။ ဒေါ်အောင်ဆန်းစုကြည်ဘက်မှစတင်အဆိုပြုခဲ့သော သမ္မတ၊ ကာချုပ် ၊ ပြည်ထောင်စုလွှတ်တော် နာယက ပါဝင်သည့် ၄ ဦး ၄ ဖလှယ်ဆွေးနွေးပွဲကို အကြောင်းအမျိုးမျိုးကြောင့် ပယ်ချထားခဲ့ပြီး ထိုမှတဆင့် ၆ ပွင့်ဆိုင်ဆွေးနွေးပွဲပြုလုပ်ရန်ယမန်နှစ် နှောင်းပိုင်းကတည်းက ခြေလှမ်းပြင်ခဲ့ ကြသော်လည်း သမ္မတရုံးဘက်မှ ဘက်ပေါင်းစုံပါဝင်ရေးကို ရှေးရှုသည်ဆိုသည့်သဘော၊ ၁ နိုင်ငံလုံး၏
ကံကြမ္မာကို ၄ ဦး၊ ၆ ဦးထဲကသာ ဆုံးဖြတ်နေခြင်းမဟုတ်ဆိုသောသဘော ပြောဆိုမှုများဖြင့် တိုင်းရင်း သားခေါင်းဆောင်များ၊ နိုင်ငံရေးပါတီခေါင်းဆောင်များပါဝင်သည့် ၄၈ ဦး တွေ့ဆုံပွဲကို ၂ ကြိမ် ကျင်းပခဲ့ ကြသည်။ 

ထိုသို့ အမှန်တကယ် လက်ဆုပ်လက်ကိုင်ပြနိုင်မည့်ရလဒ်မျိုး၊ အပြောင်းအလဲမျိုး ထွက်ပေါ်လာမည့် တွေ့ဆုံ မှုများပြုလုပ်ရန် နေ့ညရွှေ့ဆိုင်းနေသဖြင့် ဒေါ်အောင်ဆန်းစုကြည်က ရိုက်တာသတင်းဌာနနှင့် တွေ့ ဆုံ မေးမြန်းခန်းတွင် ဖွဲ့စည်းပုံကို မပြင်ပါက NLD ရွေးကောက်ပွဲကိုမ၀င်ဘဲ သပိတ်မှောက်ကောင်း
 မှောက်မည်ဟု ပြောဆိုသည်အထိပင် ဖြစ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအကြီးအကဲများ တွေ့ဆုံသည်ကို ပြည်သူလူထုက ဘာမျှမသိခဲ့ရ။ ယခုအကြိမ်တွင်လည်း တိတိကျကျ သိခွင့်မရှိပါ။ သိခွင့်ရှိသလောက် သိရသည်များမှာ ဆွေးနွေးချက်များမှာ လွန်စွာယေဘူယျ ဆန်ပါသည်။

တကယ်တော့ ၄ ပွင့်ဆိုင်ပဲဖြစ်ဖြစ်၊ ၆ ပွင့်ဆိုင်ပဲဖြစ်ဖြစ် အရေး မကြီးပါ။ အရေးကြီးသည်မှာ အာဏာရှိသူ များဘက်က ရိုးသားပွင့်လင်းဖို့သာ အရေးကြီးပါသည်။

ဒေါ်အောင်ဆန်းစုကြည်ကို လူထုနှင့်ဝေးသွားအောင် လူထုမေ့မေ့ ပျောက်ပျောက်ဖြစ်သွားအောင် နှစ်ပေါင်း များစွာ နေအိမ်အကျယ်ချုပ် ချထားခဲ့သည်။ လွှတ်တော်ထဲဝင်သည့်အခါလည်း လွှတ်တော်အကျယ်ချုပ် ဘ၀ ရောက်သွားရသည်ဟု ပြောဆိုနေကြသည်။ 

လွှတ်တော်ထဲရောက်သည်ဆိုကတည်းက ပြည်သူနှင့်ကင်းကွာသွားခဲ့သည်မှာတော့အမှန်။ ပြည်သူ့အသံ၊ ပြည်သူ့ ခံစားချက်၊ ပြည်သူ့သဘောထား ဘာတခုမျှ ကိုယ်စားမပြုနိုင်တော့သည်မှာ လွှတ်တော်ကိုယ်စား လှယ် ဘ၀ရောက်တည်းက ဖြစ်သည်။

မည်သို့ဆိုစေ နောင်ကျင်းပမည့် ဆွေးနွေးပွဲများသည် ရိုးသားမှု၊ ပွင့်လင်းမြင် သာမှု၊ တဘက်နှင့် တဘက် အကျေအလည် ဆွေးနွေးညှိနှိုင်းမှု (တယောက် ၅ မိနစ်၊ ၁၀ မိနစ် သတ်မှတ်ထားခြင်း မရှိရ) ပြဿနာပြေ လည်ရေးကို ဦးတည်မှု၊ တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် စေတနာထားမှုများရှိရမည့်အပြင် ဆွေးနွေးပွဲ တွင် ဆွေးနွေးချက် အပြည့်အစုံကို မျှော်လင့်စောင့်စားနေသော ပြည်သူလူထုအား အသိပေး ထုတ်ပြန် ဖို့ မျှော်လင့်ပါသည်။

တင်တင်ဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List