ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သင်္ကြန်ကာလအတွင်း မူးယစ်ဆေးဝါးနှင့် ကာမဆေးအပါအ၀င် တားမြစ် ဆေးဝါးများ ရောင်းချခြင်းမရှိစေရန် စစ်ဆေးလျက်ရှိရာ ဧပြီ ၈ ရက်နေ့အထိ ဖမ်းဆီးရရှိမှု(၃)မှု ရှိနေပြီ ဖြစ်ကြောင်း စစ်တွေမြို့မရဲစခန်းမှ သိရှိရသည်။
မဟာသင်္ကြန်ကာလအတွင်း ဘေးဖြစ်စေသောဆေးဝါးများရောင်းချမှု မရှိစေရန် စစ်တွေမြို့နယ် ရဲတပ်ဖွဲ့ မှ ဆေးဆိုင်များအား စုံစမ်းရှာဖွေ နေခြင်းဖြစ်ရာ ဧပြီလ ၂ ရက်နေ့က စစ်တွေမြို့ ကန်တော်ကြီးရပ်ကွက်၊ ပဒေသာဆေးဆိုင်နှင့် စစ်တွေမြို့ မကျည်းမြိုင်ရပ်ကွက် အကွက်(၃) ဘုမေဆေးဆိုင်နှင့် မကျည်းမြိုင်ရပ် ကွက် အကွက်(၉) မှ ဘုမေဆေးဆိုင်တို့မှ ကာမဆေးများကို ရောင်းချနေသည်ကို ဖမ်းဆီးအရေးယူ ထားခြင်း ဖြစ်သည်။
“ ဒီနှစ်မှာ အဲလိုမျိုးဆေးတွေကို ပထမဆုံးအကြိမ်ဖမ်းမိတာပါ။ မနှစ်ကတော့ မရှိဘူး။ ကျွန်တော်တို့က မဟာသင်္ကြန်ကာလမှာ ပျော်ရွှင်စွာကစားနိုင်ရေး အတွက် ပြီးတော့ ဘေးဖြစ်စေတဲ့ဆေးဝါးတွေကိုရောင်းချမှု မရှိစေရေး အတွက် ရှာဖွေမှုတွေပြုလုပ်နေတာပါ။” စစ်တွေမြို့မ ရဲစခန်းနယ်ထိန်း ခေါင်းဆောင် တာဝန်ခံ ရဲအုပ် အေးခင်မောင်ကပြောသည်။
မဟာသင်္ကြန်ကာလအတွင်း ဘေးဖြစ်စေသောဆေးဝါးများရောင်းချမှု မရှိစေရေးအတွက် စစ်တွေမြို့နယ် ရဲစခန်းမှ ယခင်နှစ်များကလည်း စစ်ဆေးခဲ့သော်လည်း ဖမ်းဆီးရမိမှုမရှိဘဲ ယခုနှစ်အတွင်း ပထမဆုံး ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း စစ်တွေမြို့မရဲစခန်းမှ သိရသည်။
“အခုကျွန်တော်တို့ ဆက်လက် ဆောင်ရွက်နေပါတယ်။ မဟာသင်္ကြန် ကာလမှာ ဘေးဖြစ်စေတဲ့ ဆေး ဝါးတွေ မရောင်းချဖို့အတွက်ပါ။” ဟု စစ်တွေမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် တာဝန်ခံ ရဲအုပ်အေးခင်မောင် က ပြောသည်။
အဆိုပါ တားမြစ်ဆေးဝါးများရောင်းချသူများဖြစ်သည့် ကျော်မင်းနိုင်အား (ပ) ၇၂/ ၂၀၁၅ ၊၁၉၉၂ ခုနှစ် အမျိုးသား ဆေးဝါးဥပဒေပုဒ် ၁၈/၁၉ အရ လည်းကောင်း၊ မောင်ကျော်လှ(ခ) မာမောက်အာလောင်အား(ပ) ၇၃ /၂၀၁၅ ၁၉၉၂ ခုနှစ် အမျိုးသားဆေးဝါးဥပဒေပုဒ် ၁၈/၁၉ အရလည်းကောင်း၊ တရားခံအာလာဒိန် (ခ) မောင်သိန်းအား (ပ) ၇၄/၂၀၁၅ ၊၁၉၉၂ ခုနှစ် အမျိုးသားဆေးဝါးဥပဒေပုဒ် ၁၈/၁၉ အရလည်းကောင်း စစ်တွေမြို့မ ရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်နေကြောင်း သိရသည်။
Shwe Myitmakha Media Group

No comments:
Post a Comment