Saturday, April 11, 2015

တွေ့ဆုံဆွေးနွေးပွဲကျင်းပ









နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ငုရွှေဝါခန်းမ၌ ယနေ့ မွန်းလွဲ ၂ နာရီ တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် တို့ တက်ရောက် သည့် တွေ့ဆုံဆွေးနွေးပွဲကိုကျင်းပသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က အဖွင့်အမှာစကား ပြောကြားရာ၌ ယနေ့ပြုလုပ် သည့် တွေ့ဆုံဆွေးနွေးပွဲသည် လွှတ်တော်မှ အရေးကြီး အဆိုတင်သွင်းပြီး တက်ရောက်လာကြသည့် ပုဂ္ဂိုလ်(၆)ဦးတွေ့ဆုံရန် တိုက်တွန်းခဲ့သည့်အတွက် တွေ့ဆုံနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း။

မိမိအနေဖြင့်လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်း အသီးသီးတို့မှ ကိုယ်စားလှယ် များနှင့် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးပွဲများကို ပုံစံ အမျိုးမျိုးဖြင့် ပြုလုပ်ခဲ့ ပါကြောင်း။

ယင်းသို့ ပြုလုပ်ရခြင်း၏အကြောင်းရင်းမှာယခုကဲ့သို့ ဒီမိုကရေစီနိုင်ငံသစ်ကို အစပျိုးထူထောင်ရာတွင် ဒီမိုကရေစီအတွေ့အကြုံ၊ ဒီမိုကရေစီအလေ့အကျင့်များ နည်းပါးသေးသည့်အတွက် မိမိတို့၏ နိုင်ငံရေး လုပ်ငန်းစဉ်တွင် နိုင်ငံသားအားလုံး ပါဝင်ပြီးမိမိတို့၏အတွေ့အကြုံ၊ မိမိတို့၏သဘောထား၊ မိမိတို့၏အမြင် များဖြင့် အားလုံးပေါင်းစပ်ပါဝင်ဆောင်ရွက်နိုင်ရန် ဖြစ်ပါကြောင်း။

အများနှင့်ပူးပေါင်းဆောင်ရွက်ရာတွင် အများလက်ခံနိုင်သည့် အမျိုးသားရေး ရည်မှန်းချက်များဖြစ်သည့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးအတွက်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ၊ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် ၂၀၁၅ခုနှစ်တွင် လွတ်လပ်ပြီးတရားမျှတ သည့် ရွေးကောက်ပွဲကို ငြိမ်းငြိမ်း ချမ်းချမ်းဖြင့် ပြုလုပ်နိုင်ရေးတို့ကို ဦးစားပေးဆွေးနွေးခဲ့ပါကြောင်း။

ဤကိစ္စများသည်လက်ရှိမိမိတို့နိုင်ငံအတွက် မရှိမဖြစ်၊ မလုပ်မဖြစ်သည့် လိုအပ်ချက် များဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် မိမိတို့ ဦးစားပေးဆောင်ရွက်ကြရမည့် အမျိုးသားရေးတာဝန်များလည်း ဖြစ်ပါကြောင်း။

ထို့ကြောင့် မိမိတို့စဉ်းစားကြသည့်အခါ ပါတီအရေး၊ လူပုဂ္ဂိုလ် အဖွဲ့အစည်း အရေးထက် အမျိုးသားရေးကို ဦးစားပေးကြရမည်ဖြစ်ပါကြောင်း၊ အကြောင်းအရာ တစ်ခုထဲအပေါ်တွင် မစဉ်းစားဘဲဘက်ပေါင်းစုံမှ ၊ ထောင့်ပေါင်းစုံမှ စဉ်းစားမှသာ မှန်ကန်သည့် သုံးသပ်ချက်၊ ဆုံးဖြတ်ချက်များကို ချမှတ်နိုင်မည်ဖြစ် ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်တို့က ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီးဦးရဲထွဋ်က ဆွေးနွေးပွဲတွင် နောင်ဆွေးနွေးပွဲများ၌ ဆောင်ရွက် ရမည့် ဆွေးနွေးမှု မူဘောင် ၊ ဆွေးနွေးပွဲပုံစံ၊ ဆွေးနွေးပွဲများ ပြန်လည် ကျင်းပမည့်အချိန်များနှင့် ပတ်သက်ပြီးသဘောတူညီမှု ရရှိ ခဲ့ကြောင်း၊ ဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်သူအားလုံးက ညီအစ်ကိုမောင်နှမ စိတ်ဓာတ်ဖြင့် လွတ်လပ် ပွင့်လင်းစွာဆွေးနွေးသဘောတူညီချက် ရရှိခဲ့သည့်အတွက် အောင်မြင်သော ဆွေးနွေးပွဲဖြစ်ကြောင်း ၊ နောင်တစ်ကြိမ်ဆွေးနွေးမှုကို လွှတ်တော်အစည်းအဝေးများ ပြန်လည်ကျင်းပချိန်တွင် အားလုံးညှိနှိုင်း ကျင်းပ သွားမည် ဖြစ်ကြောင်း သတင်းမီဒီယာ များကို ရှင်းလင်းပြောကြားခဲ့သည်။

MOI Webportal Myanmar

No comments:

Post a Comment

My Blog List