Wednesday, April 08, 2015

မြန်မာ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရခိုင်ပြည်နယ်ရောက်






မြန်မာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိုင် သည် ရခိုင်ပြည်နယ် စစ်တွေမြို့ သို့ ဧပြီလ ၇ ရက်နေ့က ရောက်ရှိလာပြီး ရခိုင်ပြည်နယ် အခြေခံ ပညာကျောင်းများသို့ ကွန်ပျူတာများ  လှူဒါန်း ပေးအပ်ခဲ့သည်ဟု သတင်း ရရှိသည်။

လှူးဒါန်းခဲ့သော ကွန်ပျူတာ အရေအတွက်မှာ အလုံး ၁၅၀ ဖြစ်ပြီး၊ စုစုပေါင်း ကာလတန်ဖိုး သိန်းတစ်ထောင် ခန့် ရှိကြောင်း သိရသည်။ ယင်းသို့ လှူဒါန်းရာတွင် တပ်မတော် မိသားစုများအပြင် ပုဂ္ဂလိက အလှူရှင်းများ လည်း ပါဝင်ကြောင်း သိရသည်။

ကွန်ပျူတာများကို စစ်တွေမြို့ ဦးဥတ္တမ ခန်းမတွင် အခမ်းအနားပြုလုပ် လှူဒါန်းခဲ့ပြီး ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းမှ လက်ခံ ရယူခဲ့သည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခမ်းအနားတွင် ရခိုင်ပြည်နယ် အရင်က ထက်တိုးတက်သွားသည်ကို တွေ့မြင်ရ၍ ၀ိုင်းဝန်းလုပ်ဆောင်ကြသည့် ပြည်သူများကို ချီးကျူး ဂုဏ်ပြုကြောင်း ပြောကြားသည်။

“ကျွန်တော် ၂၀၀၄ ခုနှစ်က ရခိုင်ပြည်နယ်မှာ တိုင်းမှူးတာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ယခင် ၁၀ နှစ်တာ ကာလနဲ့ ယခုအခြေအနေ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ရခိုင်ပြည်နယ်ဟာ တော်တော့ကို တိုးတက် သွားပါတယ်။ ၀ိုင်းဝန်းလုပ်ဆောင်ကြတဲ့ ပြည်သူတွေကို ချီးကျူးဂုဏ်ပြုပါတယ်”ဟု ပြောဆိုသည်။

၎င်းပြင် ကာကွယ်ရေး ဦးစီးချုပ်မှ တိုင်းပြည်တပြည် တိုးတက်ရန်အတွက် အေးချမ်းသာယာရေးသည် အလွန်အရေးကြီးကြောင်း၊  ပြည်ထောင်စု အစိုးရအနေဖြင့် စီးပွားရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ အပြောင်း အလဲကို ပြုလုပ်ခဲ့ကြောင်း၊ အချို့အပိုင်းတွင် အောင်မြင်မှုရရှိခဲ့သော်လည်း အချို့အပိုင်းတွင် နှောင့်နှေး ကြန့်ကြာမှုများ ရှိကြောင်း၊သို့သော်လည်း အောင်မြင်အောင် ဆောင်ရွက်နေဆဲဖြစ်ကြောင်း ပြောကြား သည်။

“လူတိုင်းက ဖွံ့ဖြိုးစေချင်တဲ့ ဆန္ဒရှိကြပါတယ်။ အခွင့်အရေးတွေ မရရှိခဲ့တဲ့အတွက် မတိုးတက်ခဲ့တာတွေ လည်း ရှိတယ်။ သူများတိုင်းပြည် တိုးတက်နေတာတွေကို ချီးမွန်းနေမယ့်အစား ကိုယ့်တိုင်းပြည်တိုးတက်ဖို့ အတွက် ဘယ်လို ဆောင်ရွက်ရမယ်ကို စဉ်းစားဖို့လိုတယ်”ဟု ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။

ပညာရေးကဏ္ဍတွင် အတန်းကူးပြောင်းမှု အလွန်နိမ့်ကျနေကြောင်း၊ သူများနိုင်ငံတွင် တက္ကသိုလ် ၀င် တန်း အောင်မြင်မှု ၉၈ ရာခိုင်နှုန်း ရှိကြောင်း၊ ယင်းသို့ အတန်းကူးပြောင်းမှု နိမ့်ကျနေရခြင်းမှာ ပညာရေး ခါးဆက်ပြတ်၍ ဖြစ်ကြောင်း၊ တတန်းနှင့်တတန်း စာအဆင့် ကွာဟာချက်မြင့်မားမှုကြောင့် ကျောင်းသားများ စာပိ၍ စာမကြေညက်ခြင်းကြောင်း ဖြစ်ရသည်ဟု မြန်မာပြည် ပညာရေးနှင့် ပတ်သက်ပြီးလည်း ကာကွယ်ရေး ဦးစီးချုပ်က ထောက်ပြ ဝေဖန် ပြောဆိုသည်။

“ရခိုင်ပြည်နယ်မှာ မီး ၂၄ နာရီ ရရှိနေပြီ ဖြစ်တဲ့အတွက် ဒီကွန်ပျူတာတွေဟာ ရခိုင်ပြည်နယ်နဲ့ ကိုက်ညီမယ် ဆိုပြီး လာလှူတာပါ။ ဒီကွန်ပျူတာတွေကို မဖြစ်မနေ အသုံးပြုကြပါ။ ပျက်ရင် ပြန်ပြင်လို့ရပါတယ်။ ဒီလိုမျိုး လှူဒါန်းခွင့်ရအောင် စီစဉ်ပေးတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုတဲ့ ရခိုင်ပြည်နယ်အစိုးရကို ကျေးဇူးတင်ပါ တယ်။ ပုဂ္ဂလိက အလှူရှင်တွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြော သည်။

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက သူ့အနေဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အ တွက် ဆောင်ရွက်နေခြင်းမှာ မိမိအတွက် မည်သည့် မျှော်လင့်ချက်မှ မပါဘဲ အဖြူရောင်စိတ်သက်သက်နှင့် လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း ပြောကြားသည်။

“ကျွန်တော် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မေတ္တာနဲ့ အဖြူရောင်စိတ်သက်သက်နဲ့ လုပ်နေ တာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ယနေ့ကွန်ကွန်ပျူတာ ပေးသည့် ကာကွယ်ရေးဦးစီးချုပ်နှင့် အလှူရှင်များကို ကျေးဇူးတင်ကြောင်း၊ ယခု လှူ ဒါန်းလိုက်သော ကွန်ပျူတာများသည် နိမ့်ကျနေသော ရခိုင်ပြည်နယ်ပညာရေးအတွက် တစ်ထောင့်တစ်နေ ရာက အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ကြောင်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က ပြောသည်။

အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်အရာရှိကြီးများ၊ ရခိုင်ပြည်နယ်ဝန်ကြီး ချုပ်နှင့် ၀န်ကြီးများ၊ ဌာနဆိုင်ရာအရာရှိများ၊ ရပ်မိရပ်ဖများအပါအ၀င် စုစုပေါင်း ၇၀၀ ခန့် တက်ရောက်ကြောင်း သိရသည်။ အခမ်းအနားကို ၉ နာရီခွဲကျော်တွင်စတင်ပြီး ၁၀ နာရီခွဲကျော်တွင် ပြီးဆုံး ခဲ့သည်။

ယခု မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ရခိုင် ခရီးစဉ်သည် မတ်လ ၂၉ ရက်နေ့က မြန်မာ- ဘင်္ဂ လာဒေခ်ျ့နယ်စပ်တွင် ရက္ခိုင့်တပ်မတော်နှင့် မြန်မာ့တပ်မတော်အကြား ပထမဆုံးအကြိမ် တိုက်ပွဲ ဖြစ် ပွားပြီးနောက် လာရောက်သော ခရီးစဉ် ဖြစ်သဖြင့် စစ်ရေးစစ်ရာ ကိစ္စများနှင့် သက်ဆိုင်နိုင်ကြောင့် အများက လေ့လာသုံးသပ် ပြောဆိုသည်။

Narinjara

No comments:

Post a Comment

My Blog List