Wednesday, April 08, 2015

အပစ်ရပ်စာချုပ် မူကြမ်း ချုပ်ဆိုပြီးနောက် တိုက်ပွဲဆက်ဖြစ်


တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (မူကြမ်း)ကို နှစ်ဘက်သဘောတူ လက်မှတ်ထိုးပြီး တပတ်အတွင်း ကချင် ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ အစိုးရ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၃ ခုတို့ အကြား တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေတယ်လို့ သတင်း ရရှိပါတယ်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်(မူကြမ်း)ကို မတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်းဗဟိုဌာန(MPC)မှာ ပြည်ထောင်စုငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) တို့ကြား လက်မှတ်ရေးထိုးခဲ့ကြ ပါတယ်။

အစိုးရတပ်မတော်နဲ့ ကချင် လွတ်လပ်ရေး တပ်မတော်(KIA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား မှာ ဧပြီလ ၅ ရက်ကစပြီး တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တာဝန်ရှိသူတချို့က ပြောပါတယ်။

ကချင် လွတ်လပ်ရေးအဖွဲ့ (KIO)ရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ အကြံပေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဒေါင်ခါးက “ကျနော်တို့နဲ့က မနေ့ကရော၊ တနေ့ကရော ၂ ရက် ဆက်တိုက်ဖြစ်တယ်။ သေဆုံးဒဏ်ရာ အသေးစိတ် ကတော့ မြေပြင်သတင်းတွေ မရသေးဘူး။ ဒီနေ့တော့ ငြိမ် နေပါတယ်”လို့ ဧရာဝတီကို ပြောပါတယ်။

KIA တပ်မဟာ(၂) လက်အောက်ခံ တပ်ရင်း (၁၁) ရှေ့တန်းတပ်တွေနဲ့ အစိုးရတပ်တွေဟာ ကချင် ပြည် နယ် မိုးကောင်းမြို့နယ် အတွင်းမှာရှိတဲ့ တာပဒေါင်း ကျေးရွာအနီးမှာ ဧပြီလ ၅ ရက်ကစပြီး ၂ ဘက် ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး နှစ်ဘက် ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့ ၂ ဖွဲ့ဟာ ဧပြီလ ၆ ရက် က ဆွေးနွေးရာမှာ အစိုးရတပ်မတော်ဘက်က ဗိုလ်မှူးကြီး သန်းအောင်နဲ့ KIA ဘက်က ဗိုလ်မှူးကြီး ဇော်တောင် တို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဦးဒေါင်ခါးက “မနေ့က ဆွေးနွေးပွဲမှာ ဗိုလ်မှူးကြီး သန်းအောင် ပြောတာကတော့ သူတို့ ဖွံ့ဖြိုးရေး လုပ်ငန်းနဲ့ လမ်းဖောက်တဲ့ ဟာရှိတယ်တဲ့။ အဲဒီ လမ်းဖောက်တဲ့ နေရာမှာ တံတားနားလေးက KIA စခန်းကို ရှောင်ပေး ဖို့ ပြောတာကနေ စဖြစ်တာပေါ့။ ဒါပေမယ့် အခုတော့ KIA တွေ ဖယ်ပေးလိုက်ပြီ”လို့ ပြောပါတယ်။

KIO အတွင်းရေးမှူး ဒေါက်တာ လဂျာ ဦးဆောင်တဲ့ ဗဟိုကော်မတီ အဖွဲ့ဟာ ၂၀၁၅ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့က နေပြည်တော်မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်တို့နဲ့ တွေ့ဆုံခဲ့ကြပြီး တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးနဲ့ နှစ်ဖက်ပဋိပက္ခ လျှော့ ချနိုင်ရေး ဆွေးနွေးခဲ့ပါသေးတယ်။

KIA နဲ့ တိုက်ပွဲဖြစ်နေတဲ့ တချိန်တည်းမှာပဲ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ် တုန်းရှမ်း ဒေ သမှာ MNDAA အပေါ် အစိုးရ တပ်မ (၃၃)၊ (၁၁)၊ (၆၆) လက်အောက်ခံ တပ်ရင်းတွေက လက်နက်ကြီး တပ်တွေ၊ မြေပြင် စစ်ကြောင်းတွေနဲ့ ဧပြီလ ၅ ရက်က စပြီး ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးထွန်းမြတ်လင်းက ပြောပါတယ်။

ထိုးစစ်ဆင်ရာမှာ အစိုးရတပ်က မြေပြင်တပ်တွေအပြင် လက်နက်ကြီးတွေ ကိုလည်း အသုံးပြုပစ်ခတ် တယ်လို့ MNDAA ဘက်ကပြော ပါတယ်။

ဦးထွန်းမြတ်လင်းက“အမြောက်လက်နက်ကြီးတွေနဲ့ ပစ်တယ်။ တပြိုင်တည်း ပစ်တဲ့ အမြောက်ဆန်က တကြိမ်ကျရင် အခု ၂၀ အထက် မှာ ရှိပါတယ်။ အဲဒီလို အရင်ပစ်ပြီးတော့ ကြည်းတပ်တွေနဲ့ ထိုးပါတယ်။ လာထိုးလို့ မရရင် လက်နက်ကြီးတွေနဲ့ ပြန်ပစ်၊ အဲဒီလိုလုပ်တယ်။ အဲဒီလို ပုံစံမျိုးနဲ့ ၅ ရက်နေ့ တရက်တည်း မှာပဲ ၆ ကြိမ်လောက် ထိုးစစ်ဆင်ပါတယ်”လို့ ဧရာဝတီကို ပြောပါတယ်။

၂ ရက် အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ အစိုးရတပ်ဘက်က ၃၅ ဦး ကျဆုံးသွားသလို MNDAA ဘက်ကလည်း ၄ ဦး အပြင်း အထန် ဒဏ်ရာရရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အစိုးရဘက်က သီးခြား အတည်ပြုချက် တော့ ဧရာဝတီက မရရှိသေးပါဘူး။

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းမှာလည်း အစိုးရတပ်မ (၇၇) လက်အောက်ခံ တပ်တွေ နဲ့ TNLA လက်အောက် ခံ တပ်ရင်း (၉၈၇) တို့ကြား ဒီနေ့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ TNLA က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး တာဘုန်းကျော် က ပြောပါတယ်။

တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့ပေမယ့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်(မူကြမ်း)လက်မှတ်ထိုးအ ပြီး နောက်ပိုင်းမှာတော့ တိုက် ပွဲဖြစ်ပွားမှု လျော့ကျသွားတဲ့အတွက် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် နောက်ဆုံးအဆင့်မှာ တပ်နေရာချထားရေးကို အသေအချာ ဆွေးနွေးဖို့လိုအပ်တယ်လို့ TNLA ဘက်က ထောက်ပြပြော ဆိုပါတယ်။

ဗိုလ်မှူးကြီး တာဘုန်းကျော်က “တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ် စဲရေးအတွက် NCA ကိုတကယ် လို့ လက်မှတ်ထိုးပြီးသွားရင်တော့ မပြောတတ်ဘူး။ NCA ကို လက်မှတ်ထိုးမယ်ဆိုရင် ဒီအတိုင်း ထိုးရုံ နဲ့ တော့ မပြီးဘူး။ တပ်နေရာတွေ သေချာဆွေးနွေးဖို့ လိုပါတယ်။

အခုလို တပ်တွေက အများကြီးဆက်ဖြစ် နေမယ်၊ တပ်နေရာချထားရေးကို အတိအကျ မဆွေးနွေးနိုင်ဘူးဆို ရင်တော့ NCA လက်မှတ်ထိုးလည်း တိုက်ပွဲက ရပ်မှာ မဟုတ်ဘူး”လို့ ဧရာဝတီကို ပြောပါတယ်။

ဧရာဝတီ

No comments:

Post a Comment

My Blog List