Wednesday, April 08, 2015

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်သစ် ၈ ဦး ထပ်ခန့်


ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်အဖြစ် တိုင်းရင်းသား လွှတ်တော်အမတ် ၈ ဦးကို သမ္မတ အမိန့်ဖြင့် အသစ် ထပ်မံ ခန့်အပ်လိုက်သည်ဟု ဧပြီ ၆ ရက်တွင် ထုတ်ပြန် ကြေညာသည်။ အသစ်ထပ်မံ ခန့်အပ်ခံလိုက်သည့် တိုင်းရင်းသား လွှတ်တော်အမတ်များမှာ ဦးအင်ဇော်နော်၊ ဦးစိုင်းခမ်းဝင်း၊ ဦးစောဘ လှိုင်၊ ဦးဟာကီး၊ ဒေါက်တာ မောင်မောင်ကြည် ၊ ဦးစိုင်းနွံတောင်း၊ ဦးစိုင်းထွန်းသိန်း၊ ဒေါက်တာ စိုင်းစံဝင်း တို့ ဖြစ်သည်။
သမ္မတအမိန့်ဖြင့် တိုင်းရင်းသား လွှတ်တော်အမတ်များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် အဖြစ် ခန့်အပ်လိုက်ခြင်း သည် ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။

လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို စစ်အစိုးရ လက်ထက်၊ နိုင်ငံတော် အေးချမ်းသာ ယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ က ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးအတွက် ရည်ရွယ်၍ အဖွဲ့ဝင် ၁၇ ဦးဖြင့် ၂၀၁၀ ပြည့်နှစ်တွင် ဖွဲ့စည်းထားခဲ့ခြင်း ဖြစ်သည်။

၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီးနောက် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်တွင် နိုင်ငံတော် သမ္မတ က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ဥက္ကဋ္ဌ ဦးတင်အေး အပါအ၀င် အဖွဲ့ဝင် ၇ ဦးဖြင့် ဖွဲ့စည်းပေး ခဲ့သော်လည်း ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင် အများစုသည် တပ်မတော်တွင် အဆင့်မြင့်အရာရှိ စစ်မှုထမ်းခဲ့သူများ ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များ ဖြစ်သည်။

ထိုကော်မရှင်ကဦးစီးကျင်းပခဲ့သည့် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲနှင့်၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက် ပွဲတို့တွင် လွတ်လပ် မှု ၊ တရားမျှတမှု မရှိခဲ့ဘဲ မဲမသမာမှုများ ရှိခဲ့သည်ဟု နိုင်ငံရေး အင်အားစု၊ ဒီမိုကရေစီ အတိုက်အခံ အင်အားစုနှင့် ပြည်သူများက ဝေဖန်ခဲ့ကြသည်။

လက်ရှိအချိန်၌လည်း ရွေးကောက်ပွဲ ကော်မရှင်က ချမှတ်သည့် စည်းမျဉ်းစည်းကမ်းများသည် လွတ်လပ်မှု၊ တရားမျှတမှု အပြည့် အ၀ မရရှိမည်ကို စိုးရိမ်သဖြင့် ကော်မရှင်ကို ဖျက်သိမ်းပြီး အသစ်ပြန်လည် ဖွဲ့ စည်းပေးရေး တောင်းဆိုရန် ပြည်သူ့လှုပ်ရှားမှု မြှင့် တင်ရေး ကွန်ရက်က ဧပြီလ ၅ ရက်မှစတင်ပြီး ပြည်သူ တို့၏ ထောက်ခံလက်မှတ်များကို လိုက်လံကောက်ခံနေကြောင်း သိရသည်။

ယင်း လက်မှတ်များကို ဇူလိုင်လ နောက်ဆုံးထား ကောက်ခံပြီး သမ္မတ၊ ပြည်ထောင်စု လွှတ်တော်နှင့် နိုင် ငံရေး ပါတီများသို့ ပေးပို့သွားမည်ဟု ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေး ကွန်ရက်၏ ပြောရေးဆိုခွင့်ရှိသူ ဦးကြည်လင်းက ဧရာဝတီကို ပြောသည်။

“၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို တရားမျှတမှုရှိဖို့ အသစ်ထပ်ခန့်ရုံနဲ့ မလုံလောက်ဘူး၊ ကော်မရှင်မှာ ပညာရှင်တွေ၊ ပါမောက္ခတွေခန့်ပြီး အသစ်ပြန်ဖွဲ့ဖို့ လိုတယ်၊ တပ်မတော် အကြီးအကဲတွေ၊ ပါတီ နိုင်ငံရေး အရောင်ရှိသူတွေ ကော်မရှင်မှာ ရှိနေတာက ရွေးကောက်ပွဲမှာ လွတ်လပ်မျှတမယ်လို့ ကျနော်တို့ မယုံကြည် ဘူး”ဟု ဦးကြည်လင်းက ပြောဆိုသည်။

ရွေးကောက်ပွဲ ဥပဒေ၊ ပုဒ်မ ၄ တွင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် လစာ၊ စရိတ် ၊ ကြေးငွေရသည့် အခြား မည်သည့် ရာထူးကိုမျှ လက်ခံခြင်းမပြုသူဖြစ်ပြီး နိုင်ငံရေးပါတီဝင် မဟုတ်သူ များ ဖြစ်ရမည်ဟု ပြဌာန်းထားသည်။

ဧရာဝတီ


No comments:

Post a Comment

My Blog List