Thursday, March 12, 2015

သပိတ်မှောက်ကျောင်းသားအချို့ ပညာရေးဥပဒေ ပြင်ဆင်သော ဥပဒေကြမ်းကြားနာပွဲ တက်မည်

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ဆန္ဒပြရာတွင် ဦးဆောင်သည့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီမှ တကသ၊ မြေလတ် ဗကသ ကျောင်းသားခေါင်းဆောင်များ မတ်လ ၁၆ ရက်တွင် အမျိုး သားလွှတ်တော်၌ ကျင်းပမည့် ဒုတိယအကြိမ်မြောက် ဥပဒေမူ ကြမ်း ကြားနာပွဲသို့ တက်ရောက် မည်ဖြစ်ကြောင်း သတင်းရရှိသည်။အမျိုးသားလွှတ်တော်တွင် မတ်လ ၅ ရက်နှင့် ၇ ရက်တွင် ပြု လုပ်ခဲ့သည့် ပထမအကြိမ်အမျိုး သားပညာရေးဥပဒေမူကြမ်း ကြား နာပွဲသို့ သပိတ်မှောက်ကျောင်း သားများနှင့် မြန် မာနိုင်ငံပညာရေး စနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံး ဆိုင်ရာကွန်ရက် (NNER) တို့ တက်ရောက်ခဲ့ခြင်း မရှိခဲ့ပေ။
‘‘ပထမအကြိမ် အမျိုးသား လွှတ်တော်ကြားနာပွဲမှာတုန်း ကတည်းက နောက်ထပ်ကြားနာဖို့အခွင့်အရေးရရင် လာရောက်ကြားနာမယ်လို့ ကျွန်တော်တို့ပြောခဲ့တယ်။အခု အမျိုးသားလွှတ်တော်က မတ်လ ၁၆ ရက်မှာ ထပ်ပြီးကမ်းလှမ်းလာတဲ့အတွက် ကျွန်တော်တို့ ဦးဆောင်ကော်မတီက ကိုးဦးတက်ရောက်ပါ မယ်’’ဟု ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုဇေယျာလွင်က ပြောသည်။

အမျိုးသားလွှတ်တော်တွင် ဒုတိယအကြိမ်ပြန်လည်ပြုလုပ်မည့် အမျိုးသားပညာရေးဥပဒေမူ ကြမ်း ကြားနာပွဲသို့ တက်ရောက်ရန် သပိတ်မှောက်ကျောင်းသားများအား မတ်လ၁၆ ရက်နှင့် သပိတ် မှောက်လေးပွင့်ဆိုင်တွေ့ဆုံဆွေး နွေးပွဲတွင် ပါဝင်ခဲ့သည့် မြန်မာနိုင် ငံပညာရေးစနစ် ပြုပြင်ပြောင်း လဲ ရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) ကို မတ်လ ၁၇ ရက်တွင် တက်ရောက်ရန် ဖိတ်ကြား ထားကြောင်း အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ရီက ပြောသည်။

‘‘သူတို့လာတက်တဲ့ မတ် ၅ ရက်နေ့ကတည်းက သူတို့တက် ချင်လို့လာတယ်။ ဒါပေမဲ့ လက်ပံတန်းအခြေ အနေကြောင့် ပြန် ဆုတ်ရတယ်။ နောက်တစ်ကြိမ် ထပ်တွေ့ချင်ပါတယ်လို့ ပြော သွားလို့ ပြန်ဖိတ် တာပါ။ ကျောင်း သားနဲ့ NNER ကို မတ် ၁၆ နဲ့ ၁၇ ရက်ဆိုပြီး ဖိတ်ထားတယ်။ ကျောင်း သားဘက်က လာတက် မယ်လို့ ဒီနေ့အကြောင်းပြန်တယ်’’ဟု ဦးခင်မောင်ရီက ပြောသည်။

လေးပွင့်ဆိုင်ဆွေးနွေးပွဲ သဘောတူညီချက်များဖြင့် ပြန် လည်ပြင်ဆင်ထားသည့် အမျိုး သားပညာရေး ဥပဒေမူကြမ်း ကြားနာပွဲကို အမျိုးသားလွှတ်တော် တွင် မတ်လ ၅ ရက်မှ ၁၅ ရက်အထိနိုင်ငံရေးပါတီများ၊ အရပ်ဘက်လူ မှုအဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးလျက်ရှိသည်။

ပင်မသပိတ်စစ်ကြောင်းကို လက်ပံတန်းမြို့တွင် မတ်လ ၁ဝ ရက်က အာဏာပိုင်များကအကြမ်းဖက်ဖြိုခွင်းခဲ့ခြင်းကို အပြင်းအထန်ကန့်ကွက်ရှုတ်ချခဲ့ပြီး အဖမ်းဆီးခံခဲ့သည့် ကျောင်းသားနှင့် ပြည်သူများကို ပြန် လည်လွတ်မြောက်စေရန် ပြည်ထောင်စုအဆင့် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်မည်ဖြစ်ကြောင်း ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုနန်းလင်းက ပြောကြားသည်။

‘‘သူတို့ပြောတာက ဆယ် တန်းစာမေးပွဲတွေရှိတဲ့အတွက် အခုလို ဖြိုခွင်းတယ်လို့ ပြောတယ်။အဖမ်းခံနေ ရတဲ့ ကျောင်းသားတွေကလည်း မတ် ၁၉ ရက်နေ့မှာ တက္ကသိုလ်ပထမနှစ်ဝက် စာမေးပွဲဖြေဖို့ရှိတယ်။ အဲဒါကြောင့် ပြန် လွှတ်ပေးဖို့ တွေ့ဆုံညှိနှိုင်းမှုတွေ ကို နည်းလမ်းပေါင်းစုံသုံးပြီးတော့ ပြုလုပ်သွားမှာပါ’’ဟု ကိုနန်းလင်း က ပြောသည်။

ပင်မ သပိတ်စစ်ကြောင်း လက်ပံတန်းမြို့တွင် မတ်လ ၁၀ ရက်က အင်အားသုံးဖြိုခွင်းခံရ သည့်ဖြစ်စဉ်၊ ရန်ကုန် လှည်းတန်းဆန္ဒပြပွဲ၊ ဆူးလေမြို့တော်ခန်းမ ရှေ့တွင် အာဏာပိုင်များ ဖြိုခွင်း ခံရသည့်ဖြစ်စဉ်နှင့် ဦးဆောင် ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များ ကို ရှင်းလင်းသည့် သတင်းစာရှင်း လင်းပွဲကို ရန်ကုန်မြို့ မြန်မာ ဂျာနယ်လစ်ကွန်ရက်ရုံးခန်းတွင် မတ် လ ၁၁ ရက် နေ့လယ်က ပြုလုပ်ခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်း ပွဲသို့ ဒီမိုကရေစီပညာရေးလှုပ်ရှား မှု ဦးဆောင်ကော်မတီမှ ကိုဇေ ယျာလွင်၊ ကိုချစ်ဝင်းမောင်၊ ကို နန်းလင်းနှင့် ကိုပိုင်ရဲသူတို့ တက်ရောက်ခဲ့ပြီး သတင်းမီဒီယာမှ လက်ပံတန်း၌ ပင်မ သပိတ်စစ်ကြောင်း ဖြိုခွင်းခံရမှုနှင့် ပတ်သက်၍ မေးမြန်းသည်များကို ၎င်းတို့အနေဖြင့် မျက်မြင်တွေ့ရှိခဲ့ခြင်း မရှိသောကြောင့် အသေးစိတ်ဖြေဆိုနိုင်ခြင်းမရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
7Day Daily

No comments:

Post a Comment

My Blog List