Friday, March 13, 2015

မြန်မာရဲတပ်ဖွဲ့ အစွမ်းပြချက် ရက်စက်သယ်…


“လက်ရှိအစိုးရမှာ နည်းနည်းလေးသာကျန်တော့တဲ့ ဂုဏ်သိက္ခာကို တပြားမှမကျန်တော့အောင် မြန်မာ ရဲတပ်ဖွဲ့က အစွမ်းပြလိုက်တာ ဖြစ်တယ်” နိုင်ငံတကာမှာ Riot police ဆိုတာ Crowds လူအုပ်၊ Protests ဆန္ဒ္ဒပြသူတွေနဲ့ Riots အဓိကရုဏ်းတွေကို နှိမ်နင်းဖို့ ရည်ရွယ်ချက်နဲ့ ရဲအဖွဲ့ဝင်တွေကို ခွဲထုတ်ပြီး ဖွဲ့ထား တာဖြစ်တယ်။ 


Riot gear ဆိုတာ အဲဒီရဲတွေဝတ်ဆင်ရတဲ့ ဝတ်စုံနဲ့ တန်းဆာပလာတွေကိုခေါ်တယ်။ Riot helmet ဦးထုပ်၊ Shield ဒိုင်းက သတ္တုနဲ့၊ ကြိမ်နဲ့ အမျိုးမျိုးရှိတယ်။ Baton နံပါတ်တုတ် (သစ်သားတုတ်၊ ကြိမ် တုတ်၊ ဝါးရင်းတုတ်၊ ရာဘာတုတ်)တွေ ပေးထားတယ်။ လူကိုသေစေနိုင်တဲ့ သေနတ်ကို မသုံးရပဲ Rubber bullets ရာဘာကျည်ဆံ၊ Stun grenades စတန်းလက်ပစ်ဗုံး၊ Pepper spray ငရုပ်သီးစပရေး၊ Tear gas မျက်ရည်ယိုဗုံး စတာတွေသာ ကိုင်ခွင့်ရှိတယ်။

မြန်မာပြည်မှာ လွန်ခဲ့တဲ့ ၃ နှစ်တိတိက လုံထိန်းရဲတပ်ဖွဲ့ကို ဖျက်သိမ်းဖို့ လွှတ်တော်မှာ အဆိုတင်ခဲ့တယ်။ ဗိုလ်ချုပ်နေဝင်း လက်ထက်ကတည်းက လုံထိန်းဆိုတာ ထင်ပေါ်လာခဲ့တယ်။ လုံထိန်းတပ်ဦးစီးချုပ် ဗိုလ်မှူးကြီးစိန်လွင်က ၁၉၈၈ ခုနှစ် အရေးအခင်းကြီးကာလမှာ သမ္မတဖြစ်တာတော့ ဆန္ဒပြသူတွေကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်နှိမ်နင်းလို့ သူ့ကို Butcher of Rangoon ရန်ကုန်က သားသတ်သမား လို့ နိုင်ငံတကာမီဒီယာမှာ နာမည်ရခဲ့တယ်။ လုံထိန်းသမိုင်းဟာ သွေးညှီနဲ့စခဲ့တာပါ။

နောက်တက်လာတဲ့ စစ်အစိုးရလက်ထက်တွေမှာ လူစုလူဝေးထိန်ဖို့ ပိုပြီးဆန်းသစ်တဲ့နည်းနာတွေပါ သုံးလာတယ်။ ထောက်လှမ်းရေးနည်းနာတွေဖြစ်တယ်။ ကမ္ဘာမှာ ဘယ်တိုင်းပြည်မှ မသုံးတဲ့နည်းတွေပါ။ အရံအင်အားဆိုတဲ့အောက်မှာ မှတ်ပုံလည်းမတင်၊ လူသိလည်းမခံလို့ တရားမဝင်ဖွဲ့ထားတယ်။ အဲဒီတုံးက NLD ပါတီကို ပစ်မှတ်ထားခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် သွားရာမှာပါတဲ့ လူအုပ်ကိုဖြိုခွဲဖို့မှာ သုံးတယ်။ အစောပိုင်းမှာ ဟန့်တားတယ်၊ ခြောက်လှန့်တယ်။ နောက်တော့ ကိုယ်ထိလက်ရောက်ပါလာတယ်။ ၉-၁၁-၁၉၉၆ နေ့ကလူ စစ်ထောက်လှန်းရေးက ဦးတင်ဦးနဲ့ ဒေါ်စု စီးနင်းလာကားကို ထုနှက်ရိုက်ခွဲဖို့ ၂ဝဝ လောက်ကို ခိုင်းခဲ့တယ်။

၂ဝဝ၃ မေလ (၃ဝ) ရက်ညဦး၊ စစ်ကိုင်းတိုင်း၊ ဒီပဲယင်း၊ ကြည်ရွာမှာသုံးတဲ့နည်းကတော့ သြချ ရလောက်အောင် ရက်စက်ယုတ်မာလွန်းခဲ့တယ်။ အကျဉ်းထောင်ထဲက ဆိုးသွမ်းသူတွေကိုထုတ် သင်တန်းပေး၊ အရက်နဲ့ဆေးဝါးတွေ တိုက်ကျွေးပြီး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတူပါလာသမျှကို ရိုက်နှက်ပြီး၊ အသတ်ခိုင်းခဲ့တယ်။ မနက်မလင်းခင်မှာ ကားလမ်းကို မီးသတ်ကားတွေနဲ့ သွေးကွက်တွေကို ရှင်းလင်းဆေးကြောလိုက်လို့ နောက်နေ့မနက် အမေရိကန်သံရုံးက လာကြည့်တော့ ဘာမခုမှမဖြစ်ခဲ့သ လို ဖြစ်စေခဲ့တယ်။

အဲဒီလူအုပ်ထဲက စစ်သား၊ ရဲသား၊ လုံထိန်းတွေကို စစ်ဗိုလ်တွေက အမိန့်ပေးတယ်။ အဓိကရုဏ်း ဖန်တီးရေး (ဖြိုခွင်းရေး မဟုတ်ပါ) ကွန်မင်ဒါချုပ်ကြီးကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ်တိုင်ဖြစ်ကြောင်းနဲ့ အကောင် အထည်ဖော်သူတွေဟာ ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးစိုးဝင်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့် (၉) ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူးတို့ ဖြစ်ကြတယ်လို့ အဲဒီအချိန်က နာမည်ဆိုးထွက်တဲ့ စစ်ထောက်ချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်က သူ့စာအုပ်ထဲမှာ ဖော်ကောင်လုပ်ပြီး ရေးလိုက်တယ်။ အမှန်က ဗခက ခင်ညွန့် လည်း ကျောင်းသားသမဂ္ဂ အဆောက်အဦကို ဒိုင်းနမိုင်းနဲ့ ခွဲတာမှာ တာဝန်ရှိသူအဖြစ် ဗိုလ်ချုပ်နေဝင်းနဲ့ ဦးအောင်ကြီးနဲ့တို့ တယောက်ကိုတယောက် လွှဲချနေသလိုပါပဲ။ စွမ်းအားရှင်အဖွဲ့ရဲ့ ဂေါ့ဖါသား ဦးအောင်သောင်း နာမည်ကို ထိန်ချန်ထားပေးတယ်။

ဦးသိန်းစိန်အစိုးရတက်လာတော့ အပြောင်းအလဲဆိုပြီး၊ အနောက်နိုင်ငံတွေက အားတက်သရောနဲ့ ဝိုင်းကူ လာကြတဲ့ ဗုံပေါလအောထဲမှာ ရဲတပ်ဖွဲ့ကို ခေတ်မီအောင် အီးယူအဖွဲ့ကနေ သင်တန်းတွေ ပေးတာလည်း ပါတယ်။ အဲလိုဖြစ်လာအောင် အကြောင်းဖန်လာတာကတော့ လက်ပံတောင်း အရေးအခင်းကြီး ဖြစ်တယ်။ ၂ဝ၁၂ ခု နိုဝင်ဘာလ ၂၉ ရက်နေ့ မနက် မလင်းခင်မှာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက လက် ပံတောင်း ကြေးနီမိုင်းမှာ စခန်းချဆန္ဒပြနေကြတဲ့ ဘုန်းကြီးတွေနဲ့ လူတွေကို မီးလောင်ဗုံးတွေနဲ့ နှိမ်နင်းလိုက် လို့ တကမ္ဘာလုံးမှာ ဟိုးလေးတကြော်ဖြစ်သွားပါတယ်။ အဲဒီအထဲမှာ တရုပ်ကုမ္ပဏီတွေကနေ အခပေးခိုင်း ထားတဲ့ ရဲတွေလည်း ပါတယ်။ လူအုပ်ဖြိုခွဲနည်းနာသစ် ဖြစ်တယ်။

အဲတာနဲ့ အီးယူအဖွဲ့က Modern crowd management techniques ဆိုတဲ့ ခေတ်မီလူအုပ်ထိန်း နည်းနာသင် တန်းတွေ ပေးနေတာ ၂ဝ၁၄ ခုနှစ် ဖေဖေါ်ဝါရီလအထိ မြန်မာရဲတပ်ဖွဲ့ဝင်ပေါင်း ၁၄ဝဝ ကို ပေးပြီးပါပြီ။ ကံမကောင်းချင်တော့ မြန်မာရဲတပ်ဖွဲ့အပြင် အီးယူပါ နာမည်ပျက်စေတာတွေ စဉ်တိုက်ဆက်တိုက် ဖြစ်လာ ပါတော့တယ်။ ၂ဝ၁၄ ခု ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ လက်ပတောင်းမှာ ဆန္ဒပြနေတဲ့ ဒေါ်ခင်ဝင်းဆိုတဲ့ ဒေ သခံ အမျိုးသမီးကို ဦးခေါင်းတည့်တည့် ရဲကသေနတ်နဲ့ ပစ်သတ်လိုက်ပါတော့တယ်။

နောက်တပ်လည်း သမိုင်းတွင်ရစ်မယ့် အဖြစ်အပျက်တွေ ဆက်တိုက်ဖြစ်လာပါတယ်။ အခုထိ အဆိုးဝါး ဆုံးနှစ်ခုကတော့ ၂ဝ၁၅ ခုနှစ် မတ်လထဲမှာပိုပြီးကောင်းမွန်တဲ့ပညာရေးဥပဒေ ဖြစ်လာစေဖို့ တောင်းဆိုကြ တဲ့ ကျောင်းသားတွေနဲ့ အာဏာပိုင်တွေ ထိပ်တိုက်တွေ့ပါတယ်။ လက်ပံတန်းမှာ ပိတ်မိနေကြတဲ့ ကျောင်း သားတွေကို အကြမ်းဖက်ဖြိုခွင်းမှု မလုပ်စေဖို့ ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေကို ရန်ကုန်မြို့လယ်ခေါင်မှာ မတ်လ ၅ ရက်နေ့မှာ အကြမ်းဖက်ဖြိုခွင်းလိုက်ပါတယ်။ အဲဒီမှာ လက်မောင်းမှာ လက်ပတ်အနီတွေ ကိုယ်စီ စည်းထားကြတဲ့ လူတစုကနေ ရိုင်းရိုင်းစိုင်းစိုင်း ကြမ်းကြမ်းတမ်းတမ်း ဖြိုခွဲကြတယ်။ ဆံပင်ကြောင်ကြား၊ တက်တူထိုးထားတဲ့ စပ်ဖြဲဖြဲမျက်နှာပေး ရှိသူကနေ ကျောင်းသူလေးတယောက် လည်ပင်းကိုညှစ်ဖမ်းနေတဲ့ ပုံဟာ အော့နှလုံးနာစရာ ကောင်းလှပါတယ်။ အဲလိုအရပ်ဝတ် လက်ရဲဇက်ရဲလုပ်သူတွေကနေ ဖမ်းပေးပြီး ယူနီဖောင်းဝတ်ရဲတွေ လက်အပ်ကြရတယ်။ သမတပြောရေးဆိုခွင့်ရှိသူက ရန်ကုန်အစိုးရကို မေးရမယ်ပြော တယ်။ ရန်ကုန်အစိုးရ ရဲကပေးတဲ့စာရွက်ကို ဖတ်ပြတယ်။ ဥပဒေအရလုပ်တာပါလို့ နောက်ပိုင်းမှာ ပြော လာကြပြန်တယ်။ ဥပဒေပညာရှင်တွေက သဘောမတူကြပါ။

ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ကျောင်းသားတွေကို သူလျှိုဒလံတွေ၊ လက်ကိုင်တုတ်တွေသုံးပြီး နှိမ်နင်းဖြိုခွင်း တဲ့အတွက် ပြည်ထဲကလူတွေသာမက ပြည်ပမှာနေရသူတွေပါ ဒေါသအမျက် ချောင်းချောင်းထွက်ကြရတယ်။ မျက်မြင်တဦးကနေ ရေဒီယိုအင်တာဗျူးမှာပြောတာက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို တရပ်ကွက်ကို လူ ၂ဝ လောက်စီ ခေါ်ထားတာဗျ။ အဲ့လူတွေက ဘယ်လိုလူမျိုးတွေဆိုတော့ ရပ်ကွက်ထဲက လူမိုက်တွေ၊ သတင်းပေးတွေ၊ အရင်တုန်းက ချဲရောင်းတဲ့သူတွေ၊ အရက်ပုန်းရောင်းတဲ့သူတွေ ခေါ်လာတာပေါ့။ ဒီနေ့ဆို ထူးထူးခြားခြား အရမ်းငယ်တဲ့ကလေးတွေ တွေ့ရတယ်။ ၁၆ နှစ်၊ ၁၇ နှစ်တွေတွေ့ရတယ်။ တွေ့ဖူးသမျှ ဒီတခါအငယ်ဆုံးပဲ။ အရင်တွေ့ဖူးတဲ့ စွမ်းအားရှင်တွေထက် ငယ်တယ်။ စွမ်းအားရှင် မျိုးဆက်သစ်တွေပေါ့တဲ့။

လုံထိန်းကို လွှတ်တော်ကဖျက်လည်း အစိုးရအတွက် ပူစရာမလိုတော့တဲ့သဘောဖြစ်မယ်။

ပြည်ခိုင်ဖြိုးပါတီမှာ အခစားလုပ်နေသူတွေကိုယ်တိုင်က အစိုးရလုပ်တာမှားတယ်လို့ လူမှုရေးကွန်ရက်  မှာ ရေးလာတယ်။ မနေသာတဲ့အဆုံးမှာ အစိုးရကနေ ကော်မရှင်တခု ဖွဲ့လိုက်တယ်။ ဒါပေမဲ့ လူတွေက နည်းနည်းလေးမှ အားမထားကြသလို အမှန်ပေါ်ထွက်လာမယ်လို့ တစက်ကလေးမှ မယုံကြပါ။ ကော်မရှင် ဖွဲ့တဲ့အလေ့အထ လက်ပတောင်းကော်မရှင်ကစတယ်။ 

အဲဒီတုံးက ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်စေခဲ့တယ်။ အခုကော်မရှင်ကိုတော့ ရဲချုပ်ဟောင်း၊ ပြည် ထဲရေး ဒုဝန်ကြီးကို ဥက္ကဋ္ဌလုပ်စေတယ်။ သူဟာ စစ်အစိုးရလက်ထက်မှာ ရဲတပ်ဖွဲ့လုပ်တာတိုင်းမှာ တာဝန်ရှိ ခဲ့သူဖြစ်နေတယ်။

ဒီကော်မရှင်ဖွဲ့တဲ့ စာရိုက်နေတုံးမှာ နောက်ထပ်အရုပ်ဆိုးတာ ထပ်ဖြစ်ပြန်တယ်။ လက်ပံတန်းမှာပါ။ ကော်မ ရှင်ကျေးဇူးလို့ ပြောရမှာပါ။ ဒီတခါ လက်ပတ်နီတွေ မပါနိုင်ကြတော့ပါ။ ယူနီဖောင်း သစ်သစ်လွင်လွင်နဲ့ ရဲတွေက ကျောင်းသား၊ ကျောင်းသူတွေနဲ့ မီဒီယာသမားတားတွေကို ရက်ရက်စက်စက် ရိုက်နှက်ဖမ်းဆီး ကြတယ်။ ကြက်ခြေနီတံဆိပ်ပါ မော်တော်ကားလည်း ရိုက်နှက်ဖျက်ဆီးကြတယ်။ နိုင်ငံတကာမီဒီယာ အားလုံးက ပြသကြတယ်။ လက်ရှိအစိုးရမှာ နည်းနည်းလေးသာကျန်တော့တဲ့ ဂုဏ်သိက္ခာကို တပြားမှ မကျန်တော့အောင် မြန်မာရဲတပ်ဖွဲ့က အစွမ်းပြလိုက်တာ ဖြစ်တယ်။ သူများဆိုရင် အစိုးရကို အကြည်ညို ပျက်အောင်လုပ်တဲ့အမှုထက် ကြီးလေးတာ မရှိပါ။

စစ်အစိုးရကတည်းက လူစုလူဝေးဖြိုခွင်းရာမှာ စစ်ရေးနည်းနာသုံးပါတယ်။ ၁၉၈၈ အရေးအခင်းကြီးမှာ ဝေး လံခေါင်ဖျားတဲ့ ဒေသတွေကလာတဲ့ စစ်သားတွေကိုသုံးခဲ့တယ်။ ကွန်မြူနစ်တွေဆိုးကြောင်းနဲ့ တိုင်းပြည် အန္တရာယ်လို့ ရိုက်သွင်းထားပြီး မြင်မြင်သမျှ လမ်းပေါ်ကလူတွေဟာ ကွန်မြူနစ်လို့ သင်ပေးထားတယ်။ လက်ပတန်းဖြိုခွင်းမှုမှာတော့ ကျောင်းသားတွေနဲ့ ရက်တွေကြာလို့ ရင်းနှီးခင်မှုမှုရနေတဲ့ရဲတွေကို နောက် ဆုတ်ခိုင်းပြီး တခြားရဲတွေကို ရှေ့တက်ရိုက်နှက်စေတယ်။

စွမ်းအားရှင်မရှိတော့ဖူး၊ မရှိခဲ့သလိုလို အစိုးရတာဝန်ရှိသူတွေကနေငြင်းဆိုပေမဲ့ လူမှုကွန်ရက်တွေမှာ စွမ်းအားရှင် စာရင်းတွေကို ဖော်ပြလာကြတယ်။ စွမ်းအားရှင်ကို အရင်က တောင်သာတပ်လို့ ခေါ်ခဲ့ကြ တယ်ဆိုပဲ။ (ကောင်းမွန်တဲ့ တောင်သားသားတွေကိုတော့ တောင်းပန်ပါတယ်။) အခုတော့ ပြောင်းလို့ရပြီ။ လက်ပတ်နီတပ်။ တာဝန်တပ်။ စည်းကမ်းတပ်။ ဆံပင်ရောင်စုံတပ်။ တက်တူးတပ်။ ရန်ကုန်အစိုးရတပ် ။ နေပြည်တော်ကမသိတဲ့တပ်။

မြန်မာပြည်မှာ အမည်မဖေါ်နိုင်တဲ့ရာဇဝတ်သားတွေ တနေ့တခြား များသထက်များလာနေတယ်။ ရိုက်နှက် တာ၊ မီးရှို့တာ၊ လူသတ်တာတွေအထိ ကျူးလွန်ကြတယ်။ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေလဲ ပလူပျံနေတာပဲ။ စုံစမ်း စစ်ဆေးရေးကော်မရှင် ဖွဲ့ပေမဲ့ တရားစွဲတာ၊ အပြစ်ပေးတာဝေးရော Scapegoat ခေါ်တဲ့ နာမည်ခံ တယောက်ယောက်ကို ထိုးကြွေးတာတောင် မလုပ်ပါ။

၂ဝဝ၇ သံဃာတော်တွေအရေးမှာ ဓာတ်ပုံထဲက ဝေါ်ကီတော်ကီနဲ့ အမိန့်ပေးနေတဲ့ ဒုဗိုလ်မှူးကြီးဟာ တပ်ချုပ်ကခန့်လို့ လွှတ်တော်ထဲရောက်သွားတယ်။ အခုလက်ပတ်နီတွေကိုလည်း မကြာမီမှာ ရန်ကုန် လွှတ်တော်တက်နေတာ မြင်ရမလား မပြောတတ်ပါ။ မြန်မာပြည်မှာ အခုအစိုးရလက်ထက်မှပေါ်တဲ့ Red armband လက်ပတ်နီနမူနာ ကမ္ဘာမှာရှိထားပါတယ်။ Swastikas အမှတ်အသားပါ နာဇီပါတီလက်ပတ်နီဟာ တတိယဂျာမန်နိုင်ငံကို အုပ်စိုးဖို့ဖြစ်တယ်။ တာဝန်စာသားပါ လက်ပတ်နီဟာ မြန်မာပြည်ကို ရာသက်ပန် အုပ်စိုးဖို့လား သံသယဖြစ်မိပါတော့ တယ်။

အခုနောက်ဆုံး အစိုးရကနေကိုင်တွယ်ဖြေရှင်းနည်းတွေဟာ ရန်ကုန်နဲ့ လက်ပံတန်းက ကျောင်းသားတွေကို သာမက ပြည်သူလူထုကိုပါ ခြိမ်းခြောက်ဖို့ရာ ဖန်တီးသလားလို့ မေးစရာရှိလာတယ်။ နိုင်ငံသားတွေက စစ်အစိုးရအောက်ကတည်းက အဲလိုဒေါင့်ကနေ စဉ်းစားတဲ့အလေ့အထ ရနေကြလို့ပါ။ 

အထင်တွေကလည်း အများအားဖြင့်လည်းမှန်တယ်။ မယားနေစ ကြောင်သေမှဆိုတဲ့ စကားပုံကလည်း ရှိထားတာကိုး။ တကယ်တော့ ယူထားတာ လေးနှစ်ကျော်နေပါပြီ။ မယားကိုသာမက သားသမီးတွေက ပါ ကြောက်နေစေချင်ပုံရတယ်။ ကြောက်တဲ့သူကတော့ နည်းနည်းလာနေပါတယ်။

ဒေါက်တာတင့်ဆွေ
DVB

No comments:

Post a Comment

My Blog List