Monday, March 09, 2015

မြန်မာ အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို ဖော်ကျူးခဲ့ကြသူများ















မြန်မာ့ အသိုက်အဝန်းထဲက အမျိုးသမီးတွေထဲမှာ စွမ်းဆောင်ရည် မြင့်မားသူတွေ၊ ထူးချွန်ထက်မြက်ပြီး နိုင်ငံ တကာနဲ့ ရင်ဘောင်တန်း လိုက်နိုင် သူတွေ၊ နိုင်ငံ့အရေးအတွက် စွမ်းစွမ်းတမံကြိုးစားအားထုတ်ခဲ့ကြ သူတွေ ခေတ် အဆက်ဆက် ပေါ်ပေါက်ခဲ့တာကို တွေ့နိုင်ပါတယ်။ ဒီလိုထက်မြက်တဲ့ အမျိုးသမီးတွေထဲက အချို့ကို မြန်မာ့အသိုက်အ၀န်းထဲမှ အမျိုးသမီးများ ရုပ်မြင်သံကြား အစီအစဉ်က ရွေးချယ် ဂုဏ်ပြုထားပါ တယ်။ 

၂၀၁၅ မတ်လ ၈ ရက်မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုရင်း ဖော်ပြပေး လိုက် ပါတယ်။
ဒေါ်ဟေမာအောင်

အင်္ဂလန်နိုင်ငံအခြေစိုက် ခရီးသွားလုပ်ငန်းစုတစ်ခုဖြစ်တဲ့ Explore Worldwide ကုမ္ပဏီက ရွေးချယ်ပေးအပ် တဲ့ ကမ္ဘာ့အကောင်းဆုံး ထူးချွန်ဧည့်လမ်းညွှန်ဆု ရရှိသွားသူ ဖြစ်ပါတယ်။ ဒီဆုဟာတစ်ကမ္ဘာလုံးအတိုင်း အတာနဲ့ ရွေးချယ်တာဖြစ်ပြီး နိုင်ငံပေါင်း ၁၅၀ ကျော်က ဧည့်လမ်းညွှန်ခေါင်းဆောင် ၃ ထောင်မှာ မြန်မာအမျိုး သမီး ဧည့်လမ်းညွှန်က ရွေးချယ်ခံရတာ ဖြစ်ပါတယ်။
ဒေါ်တင်ထားဆွေ

ဘီဘီစီ မြန်မာပိုင်းအစီအစဉ်မှာ နှစ်ပေါင်း ၂၀ ကျော်လုပ်ကိုင်နေတဲ့ ဌာနမှူး ဖြစ်ပြီး ဗြိတိန် ဘုရင်မကြီးချီးမြှင့် တဲ့ The Most Excellent Order of the British Empire (OBE) ဂုဏ်ထူးဆောင်ဘွဲ့ကို ရရှိသွားသူ ဖြစ် ပါတယ်။ ဒီဆုဟာ ဗြိတိန်နိုင်ငံမှာ အင်မတန်မြင့်မားတဲ့ ဂုဏ်ပြုဆုတံဆိပ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်ကဘာကင်ဟမ်နန်းတော်မှာ ဗြိတိသျှ တော်ဝင်မင်းသမီး အန်းကိုယ်တိုင် ဒေါ်တင်ထားဆွေရဲ့ရင်ဖုံးအင်္ကျီ မှာဘွဲ့တံဆိပ်ချိတ်ပြီး ချီးမြှင့်ပေးခဲ့ပါတယ်။
ဒေါ်ဝင်းဝင်းတင့်

မြန်မာနိုင်ငံမှာအကြီးဆုံးလက်လီအရောင်းလုပ်ငန်းတစ်ခုဖြစ်တဲ့ City Mart Holding Co Ltd ရဲ့ မန်နေးဂျင်း ဒါရိုက်တာဖြစ်ပြီး ၀န်ထမ်းပေါင်း ၅၅၀၀ ကျော်ကိုဦးဆောင်နေသူဖြစ်ပါတယ်။ သူ့ရဲ့ ဦးဆောင်နိုင်မှု စွမ်း ရည်တွေကြောင့် ၂၀၁၄ ခုနှစ်အတွက် အာဆီယံ ဒေသတွင်းဆိုင်ရာ အမျိုးသမီး ဦးဆောင်မှု ဒုတိယဆု ရရှိခဲ့ပါတယ်။ ဒါ့ပြင် Forbes Asia မဂ္ဂဇင်းမတ်လထုတ်စာအုပ်မှာဖော်ပြထားတဲ့ အာရှမှ သြဇာအရှိဆုံး အမျိုးသမီးလုပ်ငန်းရှင် ၅၀ စာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။
ဒေါ်မေစပယ်ဖြူ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကချီးမြှင့်တဲ့ အပြည်ပြည်ဆိုင်ရာ သူရသတ္တိနှင့် ပြည့်စုံသော အမျိုးသမီး များဆုကို ၂၀၁၅ ခုနှစ်အတွက် ရရှိသွားသူ ဖြစ်ပါတယ်။ ဒီဆုဟာ ကမ္ဘာတစ်ဝှမ်း ငြိမ်းချမ်းရေး၊ တရားမျှ တရေး၊ လူ့အခွင့်အရေး၊ ကျား-မတန်းတူရေးနဲ့ အမျိုးသမီး စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းတွေမှာ စွမ်းစွမ်းတမံလှုပ်ရှား ဆောင်ရွက်နေကြတဲ့ အမျိုးသမီးတွေကို နှစ်စဉ်ဂုဏ်ပြုပေးအပ်တဲ့ဆု ဖြစ်ပါတယ်။
ဒေါ်ရွှေရွှေစိန်လတ်

မြန်မာ အမျိုးသမီးတွေရဲ့ဘ၀ ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့၊ အမျိုးသမီးတွေရဲ့ ဘဝမြှင့်တင်ပေးနိုင်ဖို့၊ အမျိုး သမီးတွေ နိုင်ငံရေး နယ်ပယ်မှာ ဦးဆောင်မှု အခန်းကဏ္ဍကနေ ပါဝင်လာဖို့ စတာတွေအတွက် စွမ်းစွမ်းတမံ ဦးဆောင်လှုပ်ရှားနေတဲ့သူ ဖြစ်ပါတယ်။ ဒါ့ပြင် ဖန်တီးအိမ် လူမှုအဖွဲ့ကိုလည်း ၂၀၀၉ ခုနှစ်ကတည်းက စတင်တည်ထောင်ပြီး ဦးဆောင်လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။
မစုပုံချစ်၊ မယမင်းဥမ္မာ

မသန်စွမ်းတွေကိုစိတ်ဓာတ်ကြံ့ခိုင်ပြီး ကြိုးစားချင်စိတ်ပေါ်လာအောင် အကောင်းဆုံးပြသနိုင်ခဲ့သူတွေ ဖြစ်ပါ တယ်။ မစုပုံချစ်ဟာ အကောင်းပကတိ ရှိနေတဲ့ ဘယ်ခြေတစ်ဘက်ကိုသုံးပြီး နေ့စဉ်ဘဝကို ဖြတ်သန်းနေတဲ့ အပြင် ပညာရေးမှာလည်း သာမန်လူတွေထက် ပိုထူးချွန်သူ ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဂုဏ်ထူး ၄ ဘာသာနဲ့ အောင်မြင်ခဲ့ပြီး B.Tech (IT) နဲ့ B.E (IT) ဘွဲ့ကို ရရှိခဲ့ပြီး ဖြစ်ပါတယ်။ အဲ့ဒီနောက် သြစတြေးလျနိုင်ငံက ပေးအပ်တဲ့ ပညာသင်ဆုကိုရရှိပြီး  မူဝါဒပိုင်းဆိုင်ရာ မဟာတန်းကို တနှစ်ခွဲကြာ သွားရောက် သင်ယူလေ့လာခဲ့သူ ဖြစ်ပါတယ်။

၂ နှစ်အရွယ်ကတည်းက ဆေးထိုးမှားပြီး မျက်စိကွယ်ခဲ့ရတဲ့ မယမင်းဥမ္မာကတော့ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဂုဏ်ထူး ၂ ဘာသာနဲ့ အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။ အဲ့ဒီနောက် အင်္ဂလိပ်စာအဓိကနဲ့ ဘွဲ့ရရှိခဲ့ပြီး အိန္ဒိယနိုင်ငံ ကန်သာရီ တက္ကသိုလ်က ပေးအပ်တဲ့ ပညာသင်ဆုကို ရရှိပြီး အခုချိန်မှာ သွားရောက်ပညာသင် ယူနေဆဲ ဖြစ်ပါတယ်။
မအေးအေးစိုး

စင်ကာပူနိုင်ငံမှာ ၂၀၁၄ ဇွန်လက ပြုလုပ်ခဲ့တဲ့ (၁၂) ကြိမ်မြောက်အရှေ့တောင်အာရှ ကာယဗလနဲ့ ကာယကြံ့ခိုင်မှု တံခွန်စိုက်ပြိုင်ပွဲမှာပထမဆုကိုထိုက်ထိုက်တန်တန် ရရှိပြီး မြန်မာ့ဂုဏ်ဆောင်ခဲ့သူ တစ်ဦး ဖြစ်ပါတယ်။ ဒါ့ပြင် ၄၈ ကြိမ်မြောက် အာရှတံခွန်စိုက် ကာယဗလပြိုင်ပွဲမှာလည်းတတိယဆုရရှိခဲ့ ပါတယ်။
မသီတာ (စမ်းချောင်း)

မြန်မာနိုင်ငံမှာတဖြည်းဖြည်းကျဆင်းလာတဲ့ ရသစာပေဖွံ့ဖြိုးမှုအတွက် ကြိုးစားဆောင်ရွက်နေသူ ဆရာဝန် စာရေးဆရာ ဖြစ်ပါတယ်။ လူငယ်တွေ ရသစာပေအပေါ် တိမ်းညွတ်လာအောင် ကြိုးပမ်းဆောင်ရွက်နေတဲ့ PEN Myanmar အဖွဲ့ရဲ့ ဥက္ကဌလည်းဖြစ်ပြီး အဖွဲ့နဲ့အတူ မြန်မာနိုင်ငံ အရပ်ရပ်မှာ ရသအစုန်အဆန်ခရီး အမည်နဲ့ စာပေဆွေးနွေးမှုတွေ ပြုလုပ်နေသူဖြစ်ပါတယ်။
မသန္တာလင်း

မြန်မာ့သုခုမပညာကိုချစ်မြတ်နိုးတဲ့ အငြိမ့်မင်းသမီးတစ်ဦးဖြစ်တဲ့အပြင် ခြောက်လုံးပတ်အိုးစည်  အထိတီး ခတ်ဖျော်ဖြေနိုင်ဖို့ ကြိုးစားနေသူ ဖြစ်ပါတယ်။ မြန်မာအမျိုးသမီးတစ်ဦးရဲ့ စွမ်းရည်ကိုထုတ်ဖော်ပြသနိုင်သူ တစ်ဦး ဖြစ်တဲ့အပြင် လက်ရှိအချိန်မှာလည်း ဆရာစားမချန် ပညာဖြန့်ဝေပေးနေသူလည်း ဖြစ်ပါတယ်။

မခင်နှင်းကြည်သာ

တစ်ကိုယ်တော် ပရဟိတသမား ကွန်ရက်ကို ဦးဆောင်နေတဲ့ လူငယ် ပရဟိတသမား သတင်းအယ်ဒီ တာ ဖြစ်ပါတယ်။ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်နဲ့ မိုင်ပေါင်းများစွာဝေးကွာတဲ့ ရွာတွေကိုအကြိမ်ကြိမ် သွားရောက်ပြီး မဖွံ့ဖြိုးသေးတဲ့ ဒေသမှာ ပညာရေး၊ ကျန်းမာရေး၊ ရေရရှိရေး၊ ဒေသခံတွေရဲ့ ဘ၀မြှင့်တင်ရေး စတာတွေ ဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။
နီနီခင်ဇော်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်ကစလို့ အာဆီယံအလှည့်ကျ ဥက္ကဌ တာဝန်ယူခဲ့တဲ့ ၂၀၁၄ ခုနှစ်အတွင်း တေးသီချင်းသီဆိုပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့ ဆရာဝန် အဆိုတော်ဖြစ်ပါတယ်။ ဒါ့အပြင် ဂီတပညာရှင်တွေ ပါဝင်အကဲဖြတ်ထားတဲ့ Myanmar Music Award ဆုချီးမြှင့်ပွဲမှာလည်း ဂီတဆိုင်ရာဆုတွေ အများဆုံးရရှိခဲ့သူ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်သူ တိုင်းရင်းသူများ

ပြည်တွင်းငြိမ်းချမ်းရေးအတွက် တက်ကြွစွာပါဝင်လှုပ်ရှားနေတဲ့ ရခိုင်အမျိုး သမီးခေါင်းဆောင် ဒေါ်စောမြရာ ဇာလင်း၊ မွန်အမျိုး သမီးအဖွဲ့ခေါင်းဆောင် မိကွန်ချမ်းနွန်၊ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအ ဖွဲ့ ခေါင်းဆောင် နော်စူစန်နာလှလှစိုး၊ ချင်းအမျိုးသား တပ်ဦးနဲ့ အစိုးရတပ်ဖွဲ့အကြား ငြိမ်းချမ်းရေး အကျိုးဆောင်ပေးသူ မိုင်ချင်းချင်းနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ဆောင်ရွက်နေကြတဲ့ မြန်မာ အမျိုးသမီးတွေကိုလည်း ရွေးချယ်ဂုဏ်ပြုလိုက်ပါတယ်။

အမျိုးသားများနဲ့ တန်းတူအလုပ်လုပ်နေသည့် အမျိုးသမီးများ

မြန်မာ့ အသိုက်အဝန်းထဲမှ အမျိုးသမီးများ အစီအစဉ်က နောက်ဆုံးရွေးချယ် ဂုဏ်ပြုထားတာကတော့ အမျိုးသားတွေနဲ့ တန်းတူ အလုပ်လုပ်နေကြတဲ့ အမျိုးသမီးများ ဖြစ်ပါတယ်။ သူတို့တွေဟာယခင်က အမျိုးသမီးတွေ လုပ်ကိုင်လေ့မရှိတဲ့ အလုပ်အကိုင်နေရာတွေမှာ ဝင်လုပ်ပြီးမိသားစုအတွက် မားမားမတ်မတ် ရပ်တည်နေတဲ့သူတွေ၊ သားတို့မိခင်တွေ၊ သမီးကောင်းရတနာတွေ ဖြစ်ကြပါတယ်။ သူတို့ရဲ့ ကြိုးစားတဲ့ စိတ်ဓာတ်နဲ့ ဇွဲကိုအသိအမှတ်ပြုလေးစားတဲ့အနေနဲ့ ရွေးချယ်ဂုဏ်ပြုလိုက်ဖြစ်ပါတယ်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List