မိုးကုတ်မြို့ရှိ သမိုင်းဝင် မိုးကုတ်အင်းနှင့် မုံကွင်းတွင် ကျောက်မျက်အသင်းရုံး နှင့် ကြယ်သုံးပွင့်ဟိုတယ် အပါအဝင် အဆောက်အအုံများ တည်ဆောက်ခြင်းကို မိုးကုတ်မြို့ဒေသခံ အင်အား ၁,၀၀၀ ကျော်က ဇန်နဝါရီ ၁၁ ရက်တွင် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။
ထိုနေရာတွင် ကျောက်မျက်အသင်းရုံး၊ ကျောက်မျက်ပြခန်း၊ ဓာတ်ခွဲခန်း၊ အရောင်း ပြခန်း၊ ထာပွဲဈေးနှင့် ဈေး ဆိုင်များ၊ စားသောက်ဆိုင်များနှင့် ကြယ်သုံးပွင့် ဟိုတယ်များ ပါဝင်ဆောက်လုပ်နေခြင်းကို ဒေသခံများက ကန့်ကွက်ကြခြင်း ဖြစ်သည်။
ဒေသခံများက အောင်နန်းဘောလုံးကွင်းမှ အင်းပတ်လမ်းအတိုင်း အာဇာနည် ကျောက်တိုင်ကွင်းအတိုင်း လည်းကောင်း၊ ထို့နောက် မြို့ကိုပတ်ကာ ဘောလုံးကွင်း အထိလည်းကောင်း ချီတက်ဆန္ဒပြတောင်း ဆိုမှုများ ပြုလုပ်ခဲ့သည်။
ဆန္ဒပြတောင်းဆိုသူများသည် အများပိုင်မြေနေရာမှ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းရုံး ချက်ချင်းရွှေ့၊ မြို့သူမြို့သား အများစု ဆန္ဒမပါသည့် လုပ်ငန်းရှင်အသင်း စီမံကိန်းများချက်ချင်းရပ် စသည့် ကြွေးကြော်သံ များဖြင့် ဟစ်ကြွေးကာ တောင်း ဆိုကာ အောင်နန်းဘောလုံးကွင်းတွင် မိုးကုတ်အင်း(မုံကွင်း) နှင့်ပတ်သက် ၍ ဟောပြောပွဲ ပြုလုပ်ခဲ့သည်။
ဆန္ဒပြကန့်ကွက်ရာတွင် ပါဝင်သူ ဦးစိုးမင်းလှိုင်က “ကျွန်တော်တို့က စီမံကိန်းကို ကန့်ကွက်နေတာ မဟုတ်ဘူး။ ကျွန်တော်တို့ မိုးကုတ်အင်းထဲမဆောက်ဖို့ ကန့်ကွက်တာပါ။ အဆင့်ဆင့် ကန့်ကွက်မှုတွေ လုပ်တယ်။ ဒါကို ဆက်လုပ်နေလို့ ဆက်လက်မလုပ်ဖို့ ကန့်ကွက် တောင်းဆိုတာပဲ။ မရပ်မချင်း တောင်းဆို မှုတွေဆက် လုပ် သွားမယ်” ဟု ပြောသည်။
အဆောက်အအုံများ ဆောက်လုပ်ရန် ပန္နက်ရိုက်ခြင်းသည် မြို့ခံလူထုအား ပွင့်လင်းမြင်သာ ချပြမှုမရှိဘဲ တစ်ဖက်သတ် လုပ်ဆောင်နေခြင်းကြောင့် ဆန္ဒဖော်ထုတ် တောင်းဆိုခြင်း ဖြစ်သည်။
စိမ်းလန်းမိုးကုတ် ဒုတိယဥက္ကဋ္ဌ မပွင့်ဖြူက “ကျွန်မတို့က သမိုင်းပျောက်သွားမှာကို စိုးရိမ်တယ်။ မိုးကုတ် မြို့နဲ့ မိုးကုတ်အင်းက တစ်သားတည်းပဲ။ အဲဒီလိုသူနဲ့ ဆက်စပ်နေတဲ့ မုံကွင်းကလည်း အများပိုင်ပဲ။မိုးကုတ် မှာ မြေကျယ်ကျယ်က ဒီတစ်နေရာပဲ ရှိတယ်။ အဲဒီနေရာကို မလုပ်ဖို့ ကန့်ကွက်တယ်။ အခုလို ကန့်ကွက် နေ တဲ့ ကြားကနေ ဆက်ပြီး အတင်းလုပ်နေမယ်ဆိုရင် တရားဥပဒေအတိုင်း ဆက်လုပ် သွားပါမယ်” ဟု ပြော သည်။
မိုးကုတ်မြို့၊ ရေပူဆရာတော် ဦးဣန္ဒက ကလည်း အုပ်ချုပ်သူများသည် ပြည်သူ လူထုနှင့် ဆန့်ကျင် လုပ် ဆောင်နေခြင်း ဖြစ်သည်ဟုလည်း မိန့်တော်မူသည်။
“မှန်လည်း မကွဲရဘူး။ ဘီးလည်း မကျိုးရဘူး။ ဒါကြောင့် မိုးကုတ်သမိုင်းကို အားလုံးဝိုင်းပြီး ကာကွယ်ကြတာ ပါ” ဟု ဆရာတော်က မိန့်ကြားသည်။
ဆန္ဒပြပွဲအပြီး မြို့လူထုထံ ကန့်ကွက်လက်မှတ်များ ကောက်ခံလျက်ရှိရာ လက်မှတ် ၂,၀၀၀ ကျော် ရရှိပြီး ဇန်န၀ါရီ ၂၀ ရက် အထိ ဆက်လက် ကောက် ခံကာ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် နိုင်ငံတော် သမ္မတတို့ထံ တင်ပြသွားမည်ဟု ဆန္ဒပြပွဲ ဦးဆောင်သူ ဦးစိုးမြင့်က ပြောသည်။
ကန့်ကွက်ဆန္ဒပြသူများ၏ တောင်းဆိုချက်များကို ၁၀ ရက်အတွင်း ဖြေရှင်း လိုက်လျောရန် တောင်းဆိုထား ပြီး လိုက်လျောမှု မရှိပါက မြို့ခံလူထုသည် အရှိန်မြှင့်တောင်းဆိုမှုများ ဆက်လက် လုပ်ဆောင်သွားမည် ဟု ဆန္ဒပြသူများက ဆိုသည်။
ဒေသခံများက ထိုနေရာတွင် အဆောက်အအုံများ မဆောက်ရန် ၂၀၁၃ ခုနှစ် ဇွန်လမှ စတင်၍ သက်ဆိုင် ရာ အဆင့်ဆင့်သို့ အကြိမ်ကြိမ် တင်ပြကန့် ကွက်နေသော်လည်း ၂၀၁၅ ခုနှစ် ဇန်န၀ါ ရီ ၄ ရက်တွင် အဆောက် အအုံများ တည်ဆောက်ရန်စတင် ပန္နက်ရိုက် အခမ်းအနား ပြုလုပ်ခဲ့ခြင်းကြောင့် ထိုတည် ဆောက်ခြင်း လုပ်ငန်းရပ်ဆိုင်းရန် ဆန္ဒဖော်ထုတ် ကန့်ကွက်နေခြင်းဖြစ် သည်ဟု ဆန္ဒပြသူများက ဆိုသည်။
Mizzima - News in Burmese

No comments:
Post a Comment