(၁၁) ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးများတွင် ပါတီအသီးသီးမှ ပြင်ဆင်လိုကြောင်း ဆွေးနွေးခဲ့ သည့်အချက်များကို ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းတွင် ထည့်သွင်းသွားမည်ဖြစ် ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ ဥက္ကဠ ဦးအေးမောက် က ပြောကြားသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များနှင့် အခြားပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ် ၁၄ဝ ကျော်သည် ပြီးခဲ့သည့် (၁၁) ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးများ၌ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ အသီးသီးဆွေးနွေးခဲ့ကြသည်။
၎င်းဆွေးနွေးချက်များကို ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဥပဒေ ကြမ်းတွင် ထည့်သွင်းသွားမည် ဖြစ်ပြီး ၎င်းဥပဒေကြမ်းပါ ပြင်ဆင်လိုသည့် အကြောင်းအရာ ပုဒ်မများကို တစ်ပိုဒ်ချင်းစီအလိုက် လာမည့် (၁၂)ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးများတွင် ဆွေးနွေးမည်ဟု ဦးအေးမောက် က ပြောကြား သည်။
ထို့နောက် မဲခွဲဆုံးဖြတ်မှုများ ပါရှိလာနိုင်ပြီး ပြည်လုံးကျွတ်ဆန္ဒခံယူရန် လိုအပ်သည့်ပုဒ်မများကို ပြင်ဆင်ရန် လွှတ်တော်မှအတည်ပြုပါက ၂ဝ၁၅ ခုနှစ် မေလတွင် လူထုဆန္ဒခံယူရန်ရှိကြောင်း ဦးအေးမောက်က ဆို သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်လေ့လာသုံးသပ်နိုင်ရေးအတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ သူရဦးအေးမြင့်က ၂ဝ-၃-၂ဝ၁၃ တွင် အဆိုတင်သွင်းခဲ့သည်။ ၎င်းအဆိုအား ပြည်ခိုင်ဖြိုးပါတီမှ ဦးသိန်းဇော်က ထောက်ခံခဲ့ပြီးနောက် ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံး သပ်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းခဲ့သည်။ ၎င်းကော်မတီမှ ၃၁-၁-၂ဝ၁၄ တွင် အစီရင်ခံစာတင်သွင်း ခဲ့ပြီး ၎င်းအစီရင်ခံစာအရ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီကို ဆက်လက်ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။
အဆိုပါကော်မတီ၏ တာဝန်များကို ပြည်ထောင်စုလွှတ်တော်နာယကက သတ်မှတ်ပေးရာတွင် ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြင်ဆင်ပြီးဖြစ်ရမည်ဟု ပါဝင်ခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ စုစုပေါင်း ၄၅၇ ခုအနက် ပုဒ်မ ၅၉ (စ) အပါအဝင် ပုဒ်မပေါင်း ၂၁ဝ ကို ပြင်ဆင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီက ပြည်ထောင်စု လွှတ်တော်သို့ အောက်တိုဘာ ၂၂ ရက်တွင် အစီရင်ခံ တင်ပြခဲ့သည်။
အစီရင်ခံစာပါ ပါတီအလိုက် အကြံပြုချက်များတွင် ပုဒ်မ ၅၉ (စ) ကို ပယ်ဖျက်ရန် NLD ပါတီမှ အကြံပြုခဲ့ သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အခြေအနေအချိန်အခါအရ စဉ်းစားဆောင်ရွက်သင့် သည့် ပုဒ်မဖြစ်သည်ဟု အကြံပြုခဲ့သည်။ ထို့ပြင် ပုဒ်မ ၄၃၆ (က) နှင့် ၄၃၆ (ခ) အားလည်း ပြင်ဆင်ရန် စဉ်းစားသင့်ကြောင်း ကော်မတီက အကြံပြုထားသည်။
သို့သော် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ပုဒ်မ ၄၃၆ အား မပြင်ဆင်လိုကြောင်း အစီရင် ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပုဒ်မ ၄၃၆ အား ပြင်ဆင်ပေးရန် ဆွေးနွေးခြင်းများရှိသကဲ့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှလည်း ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉(စ)အား ပြင်ဆင်ပေးပါရန် အဓိကထား ဆွေးနွေးထားသည်။
အင်န်အယ်လ်ဒီပါတီ လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များက လည်း ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန် ဆွေးနွေးခဲ့ကြပြီး ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်မှသာ အခြားပုဒ်မများကို ပြင်ဆင်နိုင်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးစံပြည့်က တပ်မတော်က သဘောမတူပါက မည်သည့်ပုဒ်မမျှ ပြင်ဆင်မရနိုင်သည့်အတွက် ပြည်သူများမှ ယုံကြည်အားကိုးလာစေရန် တပ်မတော်က ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်ရန် ဖြေလျှော့ပေးသင့်ကြောင်း ဆွေးနွေးခဲ့သည်။
တပ်မတော်မှ ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉(စ) အား မပြင်ဆင်လိုကြောင်း ဆွေးနွေးထားသည်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရန် ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြပြီးနောက် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး မူကြမ်း တင်သွင်းဆုံးဖြတ်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကော်မတီ ဥက္ကဠ ဦးနန္ဒကျော် စွာက နိုဝင်ဘာ ၂၅ ရက်ပြည်ထောင်စုလွှတ်တော်အစည်း အဝေးတွင် အဆိုတင်သွင်းခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် တပ်မတော်နှင့် NLD အမြင်ကွဲ လွဲနေခြင်းကို ညှိနှိုင်းဆွေးနွေး ခြင်းဖြင့် အဖြေရှာသွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဠ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ထားသည်။
Eleven Media Group
No comments:
Post a Comment