ကျောက်မီးသွေး တူးဖော်မှု ပါမစ် ရာပေါင်းများစွာ ဖျက်သိမ်းလိုက်ခြင်းကြောင့် ပိုဆိုးလာသော လျှပ်စစ်စွမ်း အင် အကျပ်အတည်း လျော့ပါးသွာစေရန်အတွက် အိန္ဒိယဝန်ကြီးချုပ်သစ်သည် နျူကလီးယား စွမ်းအင်ကို ဇောင်းပေးဆောင်ရွက်လျက်ရှိသော်လည်း ပြည်တွင်းပြည်ပ သံသယများနှင့် ရင်ဆိုင်နေရသည်။
စွမ်းအင် အကြီးအကျယ် လိုအပ်နေသော အိန္ဒိယနိုင်ငံက နိုင်ငံ လျှပ်စစ်ဓာတ်အား အားလုံး၏ သုံးပုံနှစ်ပုံ အတွက် ကျောက်မီးသွေးကို မှီခိုနေရကာ အိန္ဒိယတွင် ပုံမှန်မီးပျက်လျက်ရှိပြီး၊ အခြားတစ်ဘက်တွင်မူ စီးပွားရေးကြီးထွားလာခြင်း နှင့် လူလတ်တန်းစားများပြားလာခြင်းကြောင့် လျှပ်စစ်စွမ်းအင်လိုအပ်မှု လျင်မြန်စွာ ကြီးထွားလာလျက် ရှိသည်။
စက်တင်ဘာလ ၂၄ ရက်က အိန္ဒိယ တရားရုံးချုပ်သည် ကျောက်မီးသွေး တူးဖော်ခွင့် ပါမစ် ၂၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရာ အခြား အရင်းအမြစ်များမှ စွမ်းအင်ရရှိရေးမှာ ပို၍ အရေးကြီးလာခဲ့သည်။ လိုင်စင်ရရှိရေး လုပ်ငန်းစဉ်မှာ ဥပဒေနှင့် မညီညွတ်ဟု ယူဆရသဖြင့် ပါမစ် ၂၀၀ ကျော်ကို ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ အားနည်းနေသော စီးပွားရေး ပြန် လည်အားကောင်းလာစေရမည်ဟူသော ရွေးကောက်ပွဲ ကတိကဝတ်ကို ဖြည့်ဆည်းရန် ကြိုးပမ်းသည့် အနေဖြင့် ဝန်ကြီးချုပ် မိုဒီသည် နျူကလီးယား စွမ်းအင် ကဏ္ဍကို ဦးစားပေးလျက် ရှိသည်။
သို့ရာတွင် ဝန်ကြီးချုပ် အနေဖြင့် ၎င်း၏ ရည်မှန်းချက် အောင်မြင်ရန်အတွက် ဆိုလျှင် သံသယဝင်နေကြ သော ပြည်သူများအား အိန္ဒိယနျူးကလီးယားစွမ်းအင် အစီအစဉ်မှာ ဘေးကင်းလုံခြုံမှု ရှိကြောင်း သိမ်းသွင်း နားချရမည် ဖြစ်သည်။ ထို့ပြင် နျူကလီးယားစွမ်းအင် ထုတ်လုပ်ရန် အိန္ဒိယနိုင်ငံက လိုအပ်သော ယူရေနီယံ နှင့် နည်းပညာများ တင်သွင်းနိုင်ရေး အတွက် အခြားနိုင်ငံများ၏ နျူကလီးယား မပြန့်ပွားရေးဆိုင်ရာ စိုးရိမ် သောကများ ပပျောက်အောင်လည်း ကြိုးပမ်းရ မည် ဖြစ်သည်။
“လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနဲ့ ပတ်သက်တဲ့ စိုးရိမ်သောကတွေ မြင့်တက်လာကြပြီတော့ ကျောက်မီး
သွေးကိစ္စအပေါ် တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကလည်း စွမ်းအင် အရင်းအမြစ် တစ်ခုတည်းအပေါ် အားကိုး မှီခိုနေရခြင်းဟာ စိတ်မချရကြောင်းကို ညွှန်ပြနေပါတယ်” ဟု မွမ်ဘိုင်းအခြေစိုက် ပညာရှင်အဖွဲ့တစ်ဖွဲ့ ဖြစ်သည့် Gateway House မှ စွမ်းအင် နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူ အမစ်ဘန်ဒါရီ က ဆိုခဲ့သည်။ “နျူးကလီးယားစွမ်းအင် ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံတာဟာ ကျိုးကြောင်းဆီလျော်မှု ရှိပါတယ်။ အဲဒါ ဟာ သန့်ရှင်းတဲ့ စွမ်းအင် နဲ့ ကျောက်မီးသွေးပြတ်လပ်မှု ဆိုးကျိုးကို ဖြေရှင်းပေနိုင်မယ့် အကာအကွယ် တစ်ခုပါ” ဟု ၎င်းက ပြောခဲ့သည်။
အိန္ဒိယနိုင်ငံတွင် လူ သန်း၄၀၀ နီးပါးမှာ လျှပ်စစ်ဓာတ်အား မရရှိသေးဘဲ ဖြစ်နေကြကြောင်း ကမ္ဘာ့ဘဏ်က ဆိုခဲ့သည်။ အိန္ဒိယနိုင်ငံ၏ နျူကလီးယားစက်ရုံ ၂၀မှ ရရှိသော လျှပ်စစ်ဓာတ်အားမှာ နိုင်ငံ့လျှပ်စစ်ထုတ် လုပ်နိုင်စွမ်း စုစုပေါင်း၏ ၂ ရာခိုင်နှုန်းပင် မရှိသော်လည်း၊ ၂၀၅၀ ပြည့်နှစ်အရောက်တွင် ၂၅ ရာခိုင်နှုန်း အထိ ရှိလာစေရေး အိန္ဒိယအစိုးရက အလိုရှိနေသည်။
Mizzima - News in Burmese
No comments:
Post a Comment