Wednesday, May 14, 2014

ရွှေပြည်သာစက်မှုဇုန် Star Tax အထည်ချုပ်စက်ရုံ အလုပ်သမားများ သပိတ်စခန်း ခြောက်ရက်မြောက်နေ့ ဆက်လက်ဆန္ဒပြ


ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာစက်မှုဇုန်ရှိ Star Tax အထည်ချုပ်စက်ရုံ အလုပ်သမားများ သပိတ်စခန်း ခြောက် ရက်မြောက်နေ့အဖြစ် ဆက်လက်ဆန္ဒပြနေကြောင်း သပိတ်စခန်း အလုပ်သမားများက ပြောကြားသည်။ Star Tax အထည်ချုပ်စက်ရုံရှေ့တွင် ဖွင့်လှစ်ထားသော အဆိုပါသပိတ်စခန်းတွင် အလုပ်သမား ၁၈၀ ခန့်ရှိပြီး မေ ၈ ရက်မှ စတင်ကာ မေ ၁၃ ရက်အထိ သပိတ်စခန်းဖွင့်လှစ် ဆန္ဒပြနေဆဲဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့ရဲ့ တောင်းဆိုချက်ဖြစ်တဲ့ မန်နေဂျာကို အလုပ်ထုတ်ပေးဖို့ဆိုတဲ့အချက် မဖြစ်မချင်း သပိတ်စခန်းဖွင့် ဆန္ဒပြနေ မှာ ဖြစ်ပါတယ်။ ဒီနေ့နဲ့ဆို သပိတ်စခန်း ခြောက်ရက်မြောက်နေ့ ဖြစ်ပါတယ်။ အခုထိ အလုပ်ရှင်ဘက်က ညှိနှိုင်းမှု ဘာမှထပ်မလုပ်သေးဘူး” သပိတ်စခန်း အလုပ်သမားများကိုယ်စား စက်ချုပ်အလုပ်သမား မစန်းသီတာက မေ ၁၃ ရက်ကဆိုသည်။

အဆိုပါ အလုပ်သမားများသည် စက်ရုံ Production မန်နေဂျာ၏ စက်ရုံတွင်းအုပ်ချုပ်မှုနှင့် အလုပ်သမားများအပေါ် ဆက်ဆံမှုရိုင်းပျ ရင့်သီးခြင်းတို့ကို မခံနိုင်၍ သပိတ်စခန်း ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

“အလုပ်ရှင်က ညှိနှိုင်းမယ်ဆိုပြီး မေ ၁၂ ရက်က မြို့နယ်ရုံးကို ရောက်မလာခဲ့ဘူး။ ကျွန်မတို့ အလုပ်သမားတွေကတော့ တောင်းဆိုချက် တစ်ခုပဲရှိပါတယ်” ဟု ဆန္ဒပြ အလုပ်သမား မခက်ခက်နိုင်က ပြောသည်။

ယင်းစက်ရုံကို ထိုင်ဝမ်အမျိုးသမီးတစ်ဦးမှ ပိုင်ဆိုင်ကြောင်း သိရပြီး မေ ၉ ရက်က သပိတ်စခန်းမှ ဆန္ဒပြ အလုပ်သမား အချို့နှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့သော်လည်း အလုပ်သမားများ တောင်းဆိုချက်များ မလိုက်လျောပေးနိုင်ကြောင်း ဆန္ဒပြ အလုပ်သမား မခင်သိန်းနွယ်က ပြောကြားခဲ့သည်။

ရွှေပြည်သာမြို့နယ် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးရုံးမှ ဦးစီးမှူး ဦးမျိုးမြင့်ထွန်းကမှု အဆိုပါပြဿနာမှ အလုပ်ရှင် အလုပ်သမားကြား ပြဿနာ ဖြစ်ပြီး မန်နေဂျာကို အလုပ်မှထုတ်ခိုင်းသည့် ကိစ္စသည် တည်ဆဲဥပဒေနှင့်မညီ၍ ဆုံးဖြတ်၍မရကြောင်း ပြောဆိုထားမှုများ ရှိသည်။ 

Eleven Media Group

No comments:

Post a Comment

My Blog List