Wednesday, May 14, 2014

သာသနာတော်တည်တံ့ရေး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့နှင့် ဂိုဏ်းပေါင်းစုံသံဃာများ ညှိနှိုင်းလုပ်ဆောင်ရန် သီတဂူဆရာတော် တိုက်တွန်း



ဗုဒ္ဓသာသနာ တည်တံ့ရေးအတွက် သာသနာ့ရေးရာများကို နိုင်ငံတော် သံဃမဟာနာယက အဖွဲ့နှင့် ဂိုဏ်းပေါင်းစုံ သံဃာ များ ပူးပေါင်းညှိနှိုင်း လုပ်ဆောင်ရန် သီတဂူဆရာတော် အရှင်ဉာဏိဿရက တိုက်တွန်း လျှောက်ထားကြောင်း ဂိုဏ်းပေါင်းစုံ သံဃာအဖွဲ့များမှ ဆရာတော်များက မိန့်ကြားသည်။
မေလ ၁၂ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတော်ကြီးတွင် ပြုလုပ်သော ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးတွင် သီတဂူဆရာတော် အရှင်ဉာဏိဿရက ယင်းသို့ မိန့်ကြားခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံတော်က ပါတီစုံ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးပြီး ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေချိန်မှာ ဘုန်းကြီးတို့ ဘုရားသားတော်တွေကလည်း သာသနာရေး ကိစ္စရပ်တွေကို ညှိနှိုင်း ဆောင်ရွက်ကြပါဘုရား” ဟု သီတဂူဆရာတော်က မိန့်ဆိုသည်။

ထို့အပြင် သံဃမဟာနာယက အဖွဲ့ကို နိုင်ငံတော်အဆင့်သာမက ဂိုဏ်းအသီးသီးတွင်လည်း လွတ်လပ်စွာ ဖွဲ့စည်းပေး သင့်ကြောင်း သီတဂူဆရာတော်က ထောက်ပြ မိန့်ကြားသည်။“အရင်ခေတ်တုန်းက သံဃမဟာနာယက ဆိုရင် နိုင်ငံတော် သံဃမဟာနာယက အဆင့်ပဲ ရှိရမယ် ဆိုပြီး ရှိခဲ့တာကို ပြောင်းလဲပြီး သာသနာရေးရာတွေကို ဂိုဏ်းပေါင်းစုံ သံဃာတော်တွေကို ညှိနှိုင်း ဆောင်ရွက်စေချင်ပါတယ်” ဟု သုဓမ္မာဂိုဏ်းဝင် ဆရာတော် အရှင်ဉာနိန္ဒက မိန့်ဆိုသည်။

ထို့အပြင် သာသနာတော် ခိုင်ခိုင်လုံလုံ တည်တံ့ရေးအတွက် ပါဠိတက္ကသိုလ် အက်ဥပဒေ၊ ဓမ္မာစရိယ အက်ဥပဒေ၊ ဗုဒ္ဓသာသနာ အက်ဥပဒေနှင့် သာသနာတော်ဆိုင်ရာ ဥပဒေများကို သာသနာရေး ဝန်ကြီးဌာနနှင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ကျန်ရှိသည့် အစိုးရသက်တမ်းအတွင်း ပြဋ္ဌာန်းပေးနိုင်ရန် ကြိုးပမ်းသင့်ကြောင်း သီတဂူ ဆရာတော်က ထည့်သွင်း လျှောက်ထားသည်။

အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး တောင်းဆို တိုက်တွန်းနေသော အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများထံမှ သြဝါဒ ခံယူပွဲတွင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့သည် နိုင်ငံတော် သံဃမဟာနာယကနှင့် သာသနာရေး ဝန်ကြီးဌာနတို့ကို ဆန့်ကျင် တိုက်ခိုက်ခြင်းမရှိဘဲ သာသနာရေး ကိစ္စရပ်များကို ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန် ထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List