Wednesday, May 14, 2014

ကချင်ဒေသတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခြင်းမှာ သန်းခေါင် စာရင်းကြောင့် မဟုတ်ဟု ဦးခင်ရီငြင်းဆို


ကချင်ပြည်နယ်အတွင်း ဧပြီလဆန်းမှ စတင်၍ တပ်မတော်နှင့် ကေအိုင်အေအကြား တိုက်ပွဲများ ဖြစ်ပွားနေ မှုမှာ သန်းခေါင်စာရင်း ကောက်ယူမှုကြောင့် မဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက The Voice သို့ ပြောကြားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အိုတို့ မြစ်ကြီးနားမြို့ မဂျွယ် ခန်းမ၌ မေလ ၁၃ ရက်နေ့က တွေ့ဆုံစဉ် အဆိုပါ ကော်မတီဝင်လည်းဖြစ်သူ ဦးခင်ရီက ယင်းသို့ ပြော ဆိုခြင်း ဖြစ်သည်။“တိုက်ပွဲတွေက သန်းခေါင်စာရင်းကြောင့် ဖြစ်တယ်ဆိုတာ လုံးဝမဟုတ်ဘူး” ဟု ၎င်းက ပြောဆိုသည်။

သို့သော် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တာဝန်ရှိသူ တစ်ဦးကမူ ဧပြီလ တိုက်ပွဲများမှာ သန်းခေါင်စာရင်း ကောက်ယူရာမှ အစပြုကြောင်း၊ စာရင်းကောက် အဖွဲ့များကို ကေအိုင်အေက ခြိမ်းခြောက်မှုများကြောင့် နယ်မြေရှင်းလင်းရာမှ နှစ်ဖက်တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။

တိုက်ပွဲများ ဖြစ်ပွားရခြင်းမှာ နှစ်ဖက် အသိအမှတ်ပြု ထိန်းချုပ်နယ်မြေများ ကျယ်ကျယ်ပြန့်ပြန့် မသတ် မှတ်နိုင်သည့်အတွက် နှစ်ဖက်တပ်များ လှုပ်ရှားစဉ် ထိတွေ့မှုများကြောင့် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

ဧပြီလ ၁၀ ရက်နေ့က စတင်ကောက်ယူခဲ့သည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုတွင် ကချင်ပြည်နယ် အတွင်းရှိ ကေအိုင်အို ထိန်းချုပ်နယ်မြေများ၌ သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိသည့်အတွက် ဆက်လက်ကောက်ယူရန် ညှိနှိုင်းနေကြောင်း ဦးခင်ရီက ရှင်းပြသည်။

“သန်းခေါင်စာရင်း ကောက်လို့ရ မရတော့ မသေချာသေးဘူး” ဟု ဦးခင်ရီက ဆိုသည်။

၂၀၁၄ ခုနှစ် ဧပြီလအတွင်း သန်းခေါင်စာရင်း ကောက်ယူ၍ မရရှိခဲ့သည့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ လူမျိုး များနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ထိန်းချုပ်နယ်မြေတွင် ရှိသည့် ကျေးရွာ ၉၇ ရွာကို မေလအတွင်း သန်းခေါင်စာရင်း ပြန်ကောက်ယူနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List