Thursday, May 15, 2014

လယ်ယာမြေ ပြန်ရရန် ဆုတောင်းပွဲ ဦးဆောင် ကျင်းပသူများကို ရဲတပ်ဖွဲ့ ရိုက်နှက်ဖမ်းဆီးဟု ဒေသခံများဆို



ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ ပြည်ခရိုင် သဲကုန်းမြို့တွင် မေလ ၁၄ ရက်နေ့ နံနက်ပိုင်းက လယ်ယာမြေ ပြန်လည် ရရှိရန် တရားဝင်ဆန္ဒထုတ်ဖော်ခွင့် တောင်းခံခြင်း မရှိဘဲ ဆုတောင်းပွဲနှင့် ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင် ကျင်းပသူခဲ့များကို အပြန်လမ်းတွင် ရဲတပ်ဖွဲ့က နံပါတ်တုတ်များဖြင့် ရိုက်နှက် ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ပုဒ်မ (၅၀၅) (ခ) ဖြင့် ဖမ်းဆီးခံထားရသည့် ဦးပေါက်စ ပြန်လည် လွတ်မြောက်ရန်၊ လယ်ယာမြေ ပြန်လည်ရရှိရန်နှင့် သပိတ်စခန်း သုံးလပြည့် အထိမ်းအမှတ် ဆုတောင်းပွဲများကို သဲကုန်းမြို့ပေါ် တရားရုံးရှေ့နှင့် မိုးကောင်းဘုရားတွင် လူအင်အား ၂၅ ဦးဖြင့် ကျင်းပခဲ့ပြီး နေအိမ်သို့ ပြန်လာစဉ် လမ်း၌ ရဲအင်အား ၅၀ ခန့်က ဝိုင်းရံကာ ဦးဆောင်သူများကို ရိုက်နှက် ဖမ်းဆီးခဲ့ကြောင်း၊ အောင်ကုန်းကျေးရွာမှ ဦးမောင်ဝင်းနှင့် ဒေါ်ညိုတို့ ဖမ်းဆီးခံရပြီး လယ်သမားရေး ဆောင်ရွက်သူ ဦးကောင်းထက်ကျော်မှာ တပ်မြောက်ကျောင်း (ဘုန်းကြီးကျောင်း) ထဲသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရာမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်ကြောင်း ဆုတောင်းပွဲတွင် ပါဝင်သူများကဆိုသည်။

“မြို့နယ်ရဲတပ်ဖွဲ့မှုးက ထွေအုပ်ရုံးကို လိုက်ဖို့ ခေါ်တယ်။ မယုံလို့ မလိုက်ဘူး ပြောတော့ ဖမ်းဖို့ လုပ်တယ်။ နံပါတ်တုတ်နဲ့ ရိုက်တယ်။ ဘာကြောင့် ဖမ်းလဲ မေးတော့ ဖမ်းချင်လို့ ဖမ်းတာလို့ ဖြေတယ်။ ရဲလက်ထဲက ကျွန်တော့်ကို ရွာသားတွေ ပြန်လုရင်း ရုန်းရင်းဆန်ခတ် ဖြစ်တယ်။ ရဲ ၅၀ လောက် ဘုန်းကြီးကျောင်းမှာ ဝိုင်းထားတာ။ သတင်းထောက်တွေ ရောက်လာမှ ပြန်ထွက်သွားတာ။ ဘာပုဒ်မ ဘာဝရမ်းနဲ့မှ ဖမ်းတာ မဟုတ်လို့ ဝရမ်းပြေးလို့ ဘယ်တော့မှ မသတ်မှတ်ဘူး” ဟု လယ်သမားရေး ဆောင်ရွက်သူ ဦးကောင်းထက်ကျော်က ဆိုသည်။

ဘုန်းကြီးကျောင်းထဲသို့ တိမ်းရှောင်စဉ် မြို့နယ်ရဲတပ်ဖွဲ့မှူးက ဖမ်းဆီးရန် ဘုန်းကြီးထံ အကြိမ်ကြိမ် လျှောက်ထားသော်လည်း ဘုန်းကြီးက လက်မခံခဲ့သည့်အတွက် ခတ်ထားသည့် လက်ထိတ်ကို ပြန်လည် ဖြုတ်ပေးခြင်း ဖြစ်ကြောင်း၊ ဖမ်းဆီးခံထားရသူ နှစ်ဦးအနက် ဦးမောင်ဝင်းမှာ မြို့ပေါ်တွင် အပ်ထားသည့် ဓားမကို ရွာအပြန်တွင် ဝင်ရွေးခဲ့သူ ဖြစ်ကာ ၎င်းကို လက်နက်ကိုင်ဆောင်မှုဖြင့် ဖမ်းခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်မံဆိုသည်။

ဖမ်းဆီးချိန်တွင် ရဲတပ်ဖွဲ့မှ ထုတ်သုံးသည့် ဓားကြောင့် အောင်ကုန်းကျေးရွာသူ တစ်ဦးဖြစ်သည့် ဒေါ်ခင်မာအေးလည်း ဒဏ်ရာရှိခဲ့ကြောင်း၊ သဲကုန်းမြို့မ ရဲစခန်းတွင် ဖမ်းဆီးခံထားရသူ ဦးမောင်ဝင်းနှင့် ဒေါ်ညိုမှာ မိသားစုနှင့် တွေ့ခွင့်မရဘဲ ပေါင်းတည် အကျဉ်းထောင်သို့ ယနေ့ ညနေပိုင်းတွင် ခေါ်ဆောင်သွားကြောင်း အောင်ကုန်းကျေးရွာ ဒေသခံများက ပြောဆိုသည်။

ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး သဲကုန်းမြို့မ ရဲစခန်း ဖုန်းနံပါတ် ၀၅၃-၆၂၀၈၈၊ သဲကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး ၀၅၃-၆၂၀၉၉၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ၀၅၃-၆၂၀၁၄ သို့ အကြိမ်ကြိမ် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားပေးခဲ့ခြင်း မရှိခဲ့ပေ။

သဲကုန်းမြို့နယ်ရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက် ၄ ရှိ သိမ်းဆည်းထားသော လယ်မြေဧက ၁၁၅၉.၅၅ ဧကအတွက် ဖြေရှင်းပေးရန်၊ အင်းမရေထိန်းတမံကြောင့် ဖြစ်လာသည့် လယ်ယာမြေ ပြဿနာများကို ဖြေရှင်းပေးရန်နှင့် လယ်ယာမြေ လုပ်ပိုင်ခွင့် ပြန်လည်ရရှိရန် ထွန်တုံးတိုက်ပွဲ၊ ဆန္ဒထုတ်ဖော်ပွဲ၊ သပိတ်စခန်းများ ဖွင့်ကာ တောင်းဆိုမှုများနှင့် ကျိန်စာတိုက်ပွဲ ပြုလုပ်ခဲ့ပြီး လယ်သမားများနှင့် လယ်သမားအရေး ဆောင်ရွက်သူ ခြောက်ဦးကို ပုဒ်မ (၁၈)၊ ပုဒ်မ (၅၀၅) (ခ) နှင့် တရားစွဲခဲ့ပြီး အောင်ကုန်း ကျေးရွာသား ဦးပေါက်စမှာ ပုဒ်မ (၅၀၅) (ခ) ဖြင့် မေလ ၆ ရက်နေ့က ပေါင်းတည် အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List