Thursday, May 15, 2014

လာမည့် ဆွေးနွေးပွဲတွင်လည်း တစ်တိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေး မူကြမ်းအား အတည်ပြုနိုင်မည်မဟုတ်ဟု NCCT ပြော



ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်မည့် တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး ကော်မတီ (NCCT) နှင့်အစိုးရတို့ ဆွေးနွေးပွဲတွင် တစ်တိုင်းပြည်လုံးအပစ်အခတ်ရပ်စဲရေးမူကြမ်းအား အတည်ပြုနိုင်မည် မဟုတ်ကြောင်း NCCT ဒုတိယခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်း က The Messenger သတင်းစာသို့ပြောသည်။ 
အဓိက အချောမသတ်နိုင်တာက မူကြမ်းထဲမှာပါတဲ့ စကားလုံး အသုံးအနှုန်း တွေပါပဲ။ အစိုးရဖက်က တင်သွင်းတဲ့ စကားလုံး အသုံးအနှုန်းတွေကို တိုင်းရင်းသားတွေက မကြိုက်သလို တိုင်းရင်းသားတွေ တင်သွင်းတဲ့ စကားလုံး တွေကို လည်း အစိုးရက မကြိုက်တော့ တော်တော် ညှိယူရဦးမယ် ဟု ပဒိုစောကွယ်ထူးဝင်း က ဆက်ပြောသည်။ 

ဧပြီလ ပထမပတ်တွင် NCCT မှ ကိုယ်စားလှယ် သုံးဦး၊ လွှတ်တော် ကိုယ်စားလှယ် သုံးဦး၊ တပ်မတော်သား ကိုယ်စားလှယ် သုံးဦးတို့သည် တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းအား ညှိနှိုင်း ပူးပေါင်း ရေးဆွဲ ခဲ့သည်။ (NCCT) ခေါင်းဆောင်များ အနေဖြင့် တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေးမူကြမ်းအား အစိုးရနှင့် ဆွေးနွေးနိုင်ရန် အတွက် ယမန်နေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ညှိနှိုင်း ဆွေးနွေး ခဲ့ကြောင်း သိရသည်။ 

ထို့ပြင် ယခုလ (၁၇) ရက်နေ့တွင် လည်း NCCT နှင့် KIA တို့ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA/KIO) ထိန်းချုပ် နယ်မြေ လိုင်ဇာမြို့တွင် ထပ်မံတွေ့ဆုံ ညှိနှိုင်းသွားမည် ဖြစ်ကြောင်း NCCT ထံမှ သိရ သည်။

လောလောဆယ်တော့ ဒါကိုအပြီးသတ်နိုင်မှာ မဟုတ်သေးပါဘူး။ ၀န်ကြီး ဦးအောင်မင်းလည်း ပြောထားပါတယ်။ ပြီးခဲ့တဲ့ ဆွေးနွေးပွဲတုန်းကမူကြမ်းထဲမှာပါတဲ့ (၁၂၂) ချက်ထဲမှာ (၇၅)ချက်ကို သဘော တူညီခဲ့ပါတယ်။နှစ်ခြောက်ဆယ်လောက် ဖြစ်တဲ့ကိစ္စတွေကို တစ်ခါတည်း ဖြတ်ဖို့ ခက်ပါတယ်။ 

မူကြမ်းကို အပြီးသတ်ရေးဆွဲဖို့ထက် ဒီထဲမှာ ပါတဲ့ကွာဟချက်တွေကို ညှိယူရဦး မှာပါ ဟု မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ ဦးညိုအုန်းမြင့် က The Messenger သတင်းစာ သို့ပြောသည်။ တစ်တိုင်းပြည်လုံး အပစ်အခတ်ရပ်စဲ ရေးမူကြမ်းအား အချောသတ် ဆွေးနွေးနိုင် ရန်အတွက် (NCCT) နှင့် အစိုးရတို့ ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေး စင်တာတွင် ယခုလ (၂၁)ရက်နေ့ နှင့် (၂၂) ရက်တို့တွင် တွေ့ဆုံညှိနှိုင်းရန် ချိန်းဆိုထားကြောင်း နှစ်ဖက် အဖွဲ့ အစည်းများထံမှ သိရသည်။

Messenger News Journal

No comments:

Post a Comment

My Blog List