Thursday, May 15, 2014

ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်ခွင့်ကာလ တိုးမြှင့်ပေးရန် နိုင်ငံရေးပါတီများ တောင်းဆိုမည်



လာမည့် ပွင့်လင်းရာသီတွင် ကျင်းပမည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသော ကြားဖြတ်ရွေးကောက်ပွဲ တွင် မဲဆွယ်စည်းရုံးခွင့်ကာလကို တိုးမြှင့်ပေးရန်အတွက် နိုင်ငံရေးပါတီများက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထံ တောင်းဆိုသွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီဝင်များက ပြောကြားသည်။
ကြားဖြတ်ရွေးကောက်ပွဲ နည်းဥပဒေ မူကြမ်းတွင် မဲဆွယ်ခွင့် ကာလကို တစ်လသာ ပေးထားသောကြောင့် မေလ ၁၅ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး Sky Star ဟိုတယ်တွင် ပြုလုပ်မည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် တောင်းဆိုမည် ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်များတွင် လွတ်လပ်စွာ ယှဉ်ပြိုင်ရန် အချိန် လုံလောက်ရန် လိုအပ်သောကြောင့် ရွေးကောက်ပွဲ ကော်မရှင်နှင့် ညှိနှိုင်းရမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်က ပြောကြားသည်။ “အရမ်းနည်းလွန်းတယ်၊ မျှမျှတတ ဖြစ်ဖို့အတွက် အချိန်တိုးပေးမှ ရမယ်” ဟု ၎င်းက ဆိုသည်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲများတွင် မဲဆွယ်ခွင့်ကာလ ၃ လ ရရှိခဲ့သော်လည်း စည်းရုံးခွင့် ကာလကို လျှော့ချလိုက်ခြင်းသည် ယှဉ်ပြိုင်ရာတွင် လွတ်လပ်မှု မရှိနိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။ “သူတို့က လုံခြုံရေးကို အကြောင်းပြတယ်၊ မဲဆွယ်ခွင့် ကာလကို လျှော့ချတာထက် စနစ်တကျ ဖြစ်အောင် လုပ်ပေးရင် ဘာပြဿနာမှ မတက်ပါဘူး” ဟု ၎င်းကဆိုသည်။

ထို့အပြင် ဝေးလံသော ဒေသများရှိ လစ်လပ် မဲဆန္ဒနယ်များသို့ သွားရောက်ရာတွင် ခရီးလမ်းကြောင့် အချိန်ကြာမြင့်နိုင်ပြီး တစ်လအတွင်း မပြီးစီးနိုင်ကြောင်း အမျိုသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ထောက်ပြ ပြောဆို သည်။“ငွေကြေး မတတ်နိုင်တဲ့ ပါတီတွေ ဆိုရင် လေယာဉ်စီးနိုင်တာ မဟုတ်တော့ တစ်နေရာနဲ့ တစ်နေရာသွားဖို့ အချိန် ပိုမိုလိုအပ်ပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ဆက်သွယ် မေးမြန်းသော်လည်း တာဝန်ခံ ဖြေကြားမည့်သူ မရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တစ်ဦးက ဆိုသည်။“မနက်ဖြန် တွေ့ဆုံပွဲအတွက် ရန်ကုန် ဆင်းသွားကြပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြေလည်အောင် ညှိနှိုင်းကြမှာပါ” ဟု ကော်မရှင်အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

နယ်မြေအေးချမ်းမှု မရှိခြင်း၊ အစိုးရအဖွဲ့ဝင် ဖြစ်သွားခြင်း (သို့မဟုတ်) သေဆုံးသွားသော လွှတ်တော်ကိုယ်စားလှယ် များ၏ လစ်လပ် မဲဆန္ဒနယ် ၃၀ ရှိသောကြောင့် ကြားဖြတ်ရွေးကောက်ပွဲကို ယခုနှစ် ပွင့်လင်းရာသီတွင် ပြုလုပ်မည် ဖြစ်ပြီး ရွေးကောက်ပွဲ ပြုလုပ်မည့် အချိန်ကို မကျင်းပမီ ၃ လ ကြိုတင် ထုတ်ပြန်မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List