Friday, May 16, 2014

အမျိုး၊ ဘာသာ၊ သာသနာ တိုးတက်စေဖို့ ၅၉ (စ) ထောက်ခံစို့ အပါအ၀င် အချက် (၄) ချက် တောင်းဆိုကာ ဇလွန်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်ဆန္ဒပြ


အမျိုး၊ ဘာသာ၊ သာသနာတိုးတက်စေဖို့ ၅၉(စ) ထောက်ခံစို့ အပါအဝင် အချက်လေးချက် တောင်းဆိုကာ မေ ၁၅ ရက်က ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင် ဆန္ဒပြခဲ့သည်။

ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးရှေ့မှ နံနက် ၈ နာရီခွဲတွင် စတင်ကာ ဗိုလ်ချုပ်လမ်းအတိုင်း လူဦးရေ ၅၅ဝဝကျော် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခဲ့ကြကာ ပြည်ထောင်စုသားစစ်စစ် ဒီမိုကရေစီအရေး ၅၉(စ) ထောက်ခံရေး၊ အမျိုး၊ ဘာသာ၊ သာသနာ တိုးတက်စေဖို့ ၅၉ (စ)ထောက်ခံစို့၊ မြန်မာဒီမိုကရေစီ တိုးတက်စေဖို့ ယဉ်ကျေးမှုနှင့်အညီ ဆောင်ရွက်စို့ စသည့်ခွင့်ပြုမိန့် ရရှိထားသော အချက်သုံးချက်အပြင် ခွင့်ပြုမိန့်တွင် မပါရှိသော အမျိုးမစစ်ရင် အမျိုးမချစ်ဘူး၊ အမျိုးစစ်မှ အမျိုးချစ်မည်၊ အမျိုးဖျက်သူ အလိုမရှိ ရေးသားထားသော လက်ကိုင်ဆိုင်းဘုတ်များကိုပါ ကိုင်ဆောင်ကာ ဇလွန်ပြည်တော်ပြန်ဘုရားကြီးရှေ့အထိ ဆန္ဒပြခဲ့ကြပြီး နံနက် ၉ နာရီခွဲတွင် အဆုံးသတ်ခဲ့သည်။

ခွင့်ပြုမိန့်တွင် မပါဝင်သော အချက်ပါဝင်ကာ ဆန္ဒပြမှုအပေါ် အရေးယူရန် ရှိ၊ မရှိ ဇလွန်မြို့နယ်ရဲတပ်ဖွဲ့ မှူးထံ မေးမြန်းခဲ့ရာ “ဆန္ဒပြပွဲ အေးအေးချမ်းချမ်းနဲ့ ပြီးနိုင်ဖို့အတွက်ကိုပဲ အဓိကထားပြီး လုံခြုံရေးဆောင် ရွက်ပေးခဲ့ပါတယ်”ဟုသာ ဖြေကြားခဲ့သည်။

“ကျွန်တော်က ဂွန်ဒေါင်းမောင်းတယ်။ ဘုရားပင့်ဆိုပြီး ခေါ်လို့လိုက်လာတာ။ စိန်ဝိုင်းရွာရောက်တော့ ပြည်ခိုင်ဖြိုးရပ်ကျေး စည်းရုံးရေးမှူးဦးဝင်းမြင့်က ဘာအကြောင်းလဲတော့ မပြောဘဲ ပါလာတဲ့ဂွန် ဒေါင်းသုံးစီးက လူအားလုံးကို လက်မှတ်ထိုးခိုင်းတယ်။ လက်မှတ်မထိုးချင်ပေမယ့် ဘာမှမဖြစ်ဘူးဆိုလို့ ထိုးလိုက်ရတယ်။ ကိုယ်ရေးအချက်အလက်တော့ မပေးခဲ့ဘူး။ ဒီရောက်တော့ သူတို့ဆန္ဒပြတဲ့အုပ်စုထဲ ခေါ်တော့ ကျွန်တော်က ဂွန်ဒေါင်းပျက်လို့ လိုက်မသွားဘူး။ ကျန်တဲ့ သူတွေ ကလေးကအစ ပါသွားတယ်။ ဒီမှာ ဆန္ဒပြမယ်ဆိုတာ မသိကြဘူး။ ပူဇော်ဖို့ ဘုရားပေးမယ်ဆိုလို့ အားလုံးက လိုက်လာကြတာ။ လူ ၆ဝ လောက်ရှိတယ်။ ဆန္ဒပြပွဲပြီးမှ ဘုရားကိုပေးတယ်။ လာတဲ့ ဂွန်ဒေါင်းတွေကို ဆီတစ်ဂါလန်၊ တစ်အုပ်စုကို ဝက်သားခုနစ်ပိဿာ ပေးတယ်”ဟု နှဲမှောက်တန်းအုပ်စုမှ ကိုအောင်မျိုးသန်းက ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးချို မြင့်ခိုင်က “ကြံ့ခိုင်ရေးပါတီနဲ့ ၇၁ အုပ်စုက ၅၉(စ)မပြင်ဆင်ရေး လိုလားတဲ့ ပြည်သူတွေ စုပေါင်းပြီး ခွင့်ပြုချက်အတိုင်း ဆန္ဒပြခဲ့ကြတာပါ။ လက်ကိုင်ဆိုင်းဘုတ်တွေကတော့ တူရာတူရာ ဝိုင်းပြီးဆောင်ရွက်ကြတယ်။ အများစုကတော့ ပါတီကပဲ လုပ်ပါတယ်။ ဒီပွဲက ၅၉(စ)မပြင်ဆင်ရေး ထောက်ခံခြင်း ဖြစ်သလို တိုင်းရင်းသားစစ်စစ် ၁၃၅ မျိုးရဲ့ သားစဉ်မြေးဆက် နိုင်ငံတော်ဦးဆောင်မှု အခန်းကဏ္ဍ မှာ ပါဝင်နိုင်ဖို့ကိုလည်း ရှေးရှုပါတယ်။ အမျိုး၊ ဘာသာ၊ သာသနာကို အခြေခံပြီးပြတာ မဟုတ်ပါဘူး။ ဒီနေ့ဆန္ဒပြတာ အားပေးသူနဲ့ဆို ၅၅ဝဝ ကျော်ရှိပါတယ်။ ဆန္ဒပြတာကို အထောက်အကူပြုဖို့ မဟုတ်ပေမယ့် လူတွေ အလုပ်ချိန်ပိုရဖို့အတွက် ဘုရားလှူဒါန်းပွဲကို တစ်နေ့တည်းပဲ လုပ်ခဲ့တာပါ”ဟု ပြော ကြားသည်။

ကြံ့ခိုင်ရေးပါတီမှ ဆန္ဒပြမှုသည် ယခု အကြိမ်နှင့်ဆိုလျှင် ဧရာဝတီတိုင်းတွင်း ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်မှုဖြစ်ပြီး ပထမအကြိမ်ဆန္ဒထုတ်ဖော်မှုကို လေးမျက်နှာမြို့နယ်တွင် ဧပြီ ၃ ရက်က ပြုလုပ်ခဲ့သည်။

eleven media group

No comments:

Post a Comment

My Blog List