Wednesday, May 14, 2014

လက်ပံတောင်း စီမံကိန်းရပ်ဆိုင်းရန် ဘုရားတွင် ဆုတောင်း



လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအရေး တက်ကြွလှုပ်ရှားသူ ဒေသခံ ၄၇ ဦးက စီမံကိန်းရပ်ဆိုင်း သွားရန် မုံရွာမြို့ရှိ ဆုတောင်းပြည့်ဘုရားတွင် မေလ ၂၃ရက်(ကဆုန်လပြည့်) က ၀တ်ပြုခြင်းနှင့် ရင်ပြင်တော်တွင် လှည့်လည် ဆုတောင်းခြင်းများ ထပ်မံပြုလုပ်ခဲ့ကြသည်။

“ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းခွင်အထဲမှာရှိနေတဲ့ သာသနိကပစ္စည်းတွေကို မထိခိုက် မပျက်စီးစေဖို့နဲ့ စီမံကိန်း လုပ်ငန်းများ အမြန်ဆုံးရပ်ဆိုင်းသွားစေဖို့ ကျွန်မတို့ အခုလိုလာပြီး ဆုတောင်းရတာပါ” ဟု ဆုတောင်းပွဲတွင်ပါဝင်သူ တုံရွာမှ မစန္ဒာက မဇ္ဈိမကိုပြောသည်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလုပ်ငန်းများ နှင့်ပတ်သက်၍ ဒေသခံများသည် ယခင်ကလည်း မုံရွာမြို့ရှိ ရွှေစည်းခုံဘုရားနှင့် ဆုတောင်းပြည့် ဘုရား ရင်ပြင်တော် များတွင် ၀တ်ပြု ဆုတောင်းခြင်းများ ပြုလုပ်ခဲ့ကြသည်။

ကဆုန်လပြည့်နေ့ ၀တ်ပြုဆုတောင်းအဖွဲ့သည် လက်ပံတောင်း တောင်ကြားစေတီနှင့် လယ်တီသိမ်တော် အား ၀င်ရောက် ဖူးမျှော်ခွင့်ရရှိရန် မေလ ၁ ရက်က ဆားလင်းကြီးမြို့နယ်၊ ဆည်တည်းစီမံကိန်း ရွာသစ်ရှိ ဆက်ဆံရေးရုံးသို့ သွားရောက် တောင်းဆိုခဲ့ကြောင်း မစန္ဒာက ပြောသည်။

"သိမ်းပြောင်းပြီလို့ ကြားနေရလို့ ဟုတ်မဟုတ်သိချင်တာနဲ့ ဆက်ဆံရေးရုံးကိုသွားပြီး မေးကြည့်တော့လည်း အဲ့ဒီနေ့ကဆက်ဆံရေးရုံးက ပိတ်ထားတယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ သိမ်တော်နှင့် တောင်ကြားစေတီတော် ဖူးမြော်ခွင့်မရရှိခြင်းကြောင့်လည်း ကဆုန်လပြည့်နေ့တွင် ဆုတောင်းပြည့်ဘုရားသို့လာရောက်၍ ဆုတောင်းခြင်းဖြစ်ကြောင်းလည်း မစန္ဒာကပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List