Monday, May 12, 2014

ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ပြည်မြို့တွင် ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်


ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့တွင် မေလ ၁၁ ရက် နံနက်ပိုင်းက ပုဒ်မ ၄၃၆ ပြင်ဆင်ရန် လူအင်အား ၂၀၀ ခန့်ဖြင့် ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် အပါအဝင် ပုဒ်မ ၄၃၆ ပြင်ဆင်ရန်၊ ပုဒ်မ ၅၉ (ဃ)(စ) တို့အပြင် ပုဒ်မ ၆(စ) ကိုပါ ပယ်ဖျက်ရန် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး မြို့လယ်ရှိ ဗိုလ်ချုပ် ကျောက်ရုပ်တွင် ငြိမ်းချမ်းရေး သင်္ကေတအဖြစ် မိုးပျံပူဖောင်းများကို လွှတ်တင်ခဲ့ကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးမျိုးသူထွဋ်က ပြောကြားသည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁(၆) (စ) မှာ စစ်တပ်က နိုင်ငံရဲ့ ဘယ်ကဏ္ဍမှာမဆို ဦးဆောင်ဖို့ အစဉ် တစိုက် ရှေးရှုတယ် ဆိုတာက စစ်တပ်က တိုင်းပြည်ကို အုပ်ချုပ်တဲ့သဘောပါ။ စစ်တပ်က လုံခြုံရေးနဲ့ ကာကွယ်ရေး အတွက်ပဲ ဖြစ်ရမယ်။ စစ်တပ်အုပ်ချုပ်ရင် ဒီမိုကရေစီဆိုတာ ဘယ်တော့မှ ရလာမှာ မဟုတ်ဘူး။ ဒါကြောင့် ဒီအချက်ကိုပါ ထည့်ပြီး ကန့်ကွက်တာပါ” ဟု ၎င်းကဆိုသည်။

ခွင့်ပြုချက် ရရှိထားသည့် ယင်းဆန္ဒထုတ်ဖော်ပွဲကို ပြည်မြို့ရှိ နိုင်ငံရေး လှုပ်ရှားသူများအပြင် ပေါင်းတည်၊ ပန်းတောင်းမြို့များရှိ လူမှုရေး အဖွဲ့အစည်းများက ပူးပေါင်းပါဝင် ဆန္ဒထုတ်ဖော်ခဲ့ကာ မြို့နယ် အုပ်ချုပ်ရေး မှူးရုံးနှင့် လွှတ်တော်ကိုယ်စားလှယ်ရုံး ရှေ့များတွင်ပါ ကြွေးကြော် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဆန္ဒထုတ်ဖော်
သူများက ပြောဆိုသည်။

ဖေဖော်ဝါရီ ၁၈ ရက်နေ့ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့က ဦးဆောင်ပြီး ဒေသခံအင်အား ၂၀၀ ကျော်က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

The Voice Weekly

No comments:

Post a Comment

My Blog List