Sunday, May 11, 2014

သဘောကွဲလွဲမှုများ ရှိခဲ့သော်လည်း တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုပိုလာခြင်းကို စိုးရိမ်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ထုတ်ပြန်


တောင်တရုတ်ပင်လယ်အတွင်း တင်းမာနေမှုပိုလာခြင်းနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း အာဆီယံနိုင် ငံခြားရေးဝန်ကြီးများက မေ ၁ဝ ရက်တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။ (၂၄) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး ပထမနေ့အဖြစ် နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးပြုလုပ်ခဲ့ပြီး ထိုအစည်းအဝေးအပြီးတွင် ယင်းကဲ့သို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ တောင်တရုတ်ပင်လယ်ကိစ္စကို ဆွေးနွေးခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီး အားလုံး သဘောတူညီချက်တစ်ခု ရရှိခဲ့တယ်။ နိုင်ငံခြားရေးဝန်ကြီးတွေ အားလုံးကနေ တောင်တရုတ်ပင်လယ်အရေးကိစ္စကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ 

ဒါ့အပြင် တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး သူတို့ အမှန်တကယ် စိုးရိမ်မှုရှိကြောင်း ပြောကြားခဲ့ ပါတယ်”ဟု မေ ၁ဝ ရက် ညနေပိုင်းက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဆိုသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ကြေညာချက်၌ “တောင်တရုတ်ပင်လယ်အတွင်း တောင်တရုတ် ပင်လယ်အရေးနှင့် ပတ်သက်၍ ၁၉၈၂ ခုနှစ် UN Convention on the Law of the Sea (UNCLOS) အပါအဝင် နိုင်ငံတကာ တရားဥပဒေများမှ ပြဌာန်းထားချက်များကို လိုက်နာပြီး ထိန်းထိန်းသိမ်းသိမ်းနှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်မည့်လုပ်ရပ်များ ရှောင်ရှားရန်၊ အင်အားမသုံးဘဲ ငြိမ်းချမ်းသည့် နည်းလမ်းများဖြင့် ပြဿ နာများကိုဖြေရှင်းရန် သက်ဆိုင်သူများကို တိုက် တွန်းကြောင်း”ဖော်ပြခဲ့သည်။

ထို့ပြင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ရေကြောင်းလုံခြုံရေး၊ တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်စွာ သွားလာခွင့်နှင့် လေကြောင်းမှ လွတ်လပ်စွာပျံသန်းခွင့်အပြင် တောင်တရုတ်ပင်လယ်ဆိုင်ရာ မူဝါဒ ခြောက် ချက်၊ (၁ဝ) ကြိမ်မြောက် တောင်တရုတ်ပင်လယ်နှင့် သက်ဆိုင်သူများအတွက် ကျင့်ဝတ်ဆိုင်ရာစာတမ်းများ အစည်းအဝေးတွင် ထုတ်ပြန်ခဲ့သည့် (၁၅) ကြိမ်မြောက် အာဆီယံ-တရုတ်ပူးတွဲကြေညာချက်တို့၏ အရေးပါ ပုံကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ က ပြန်လည်အတည်ပြု ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ 

ထို့နောက် တောင်တရုတ်ပင်လယ်နှင့် သက်ဆိုင်သူများအတွက် လုပ်ထုံးလုပ်နည်းဆိုင်ရာကြေညာချက် (DOC) ကို လိုက်နာရန်နှင့် ယုံကြည်မှုတည်ဆောက်ရန်အတွက် DOC အတိုင်း ပြည့်ပြည့်ဝဝနှင့် ထိထိရောက်ရောက် ဖော်ဆောင်ပေးရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သဘောတူကြောင်းနှင့် တောင်တရုတ်ပင်လယ်နှင့်သက်ဆိုင်သူများအတွက် လုပ်ထုံးလုပ်နည်း (COC) အဆုံးသတ်ရေး ဆွဲမှုကို လျင်မြန်စွာလုပ်ဆောင်ရန်ကိုလည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက အလေးထားကြောင်းကြေညာချက် တွင် ဖော်ပြခဲ့သည်။ 

မေ ၁ဝ ရက်တွင် ပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတွင် တောင်တရုတ်ပင်လယ် အရေးအတွက် ကြေညာချက်ထုတ်ပြန် သင့်၊ မသင့်နှင့် ပတ်သက်၍ အာဆီယံနိုင်ငံခြားရေးဝန်ကြီး များအကြား သဘောထားကွဲမှုများ ရှိခဲ့သည့်အပြင် အစည်းအဝေးကိုလည်း အချိန်တိုးမြှင့်ပြုလုပ်ခဲ့သည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မေ ၁ဝ ရက် နံနက် ၉ နာရီမှ ၁ဝ နာရီအထိ ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်းမပြီးပြတ်ဘဲ ၁၁ နာရီကျော်အချိန်အထိ ပြုလုပ်ခဲ့သည်။ ထို့ပြင် ကြေညာချက်ထုတ်ပြန်ရေး အတွက် ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်ခဲ့သဖြင့် မွန်းလွဲ ၁ နာရီ ၃ဝ မိနစ်အချိန်မှသာ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးကောင်စီအသိုက်အဝန်း အစည်းအဝေးကို ပြုလုပ်ခဲ့ရသည်။ 

“ဒီနေ့အစည်းအဝေးက အရင်ကအစည်းအဝေးတွေထက် ကြာနေတာက တောင်တရုတ်ပင်လယ် အရေးကြောင့်ဆိုတာ ဟုတ်ပါတယ်။ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး အချက်နှစ်ချက်ကို ဆွေးနွေးတာ ကြာနေတာပါ။တစ်ခုက တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး ထုတ်ပြန်ကြေညာချက် တစ်ခု သက်သက်ထုတ်မလား ဒါမှမဟုတ် မူရင်းထုတ်ပြန်ချက်မှာမှ အပိုဒ်ခွဲတစ်ခု အနေနဲ့ ထုတ်ပြန် မလားဆိုတာရယ်၊ နောက်တစ်ခုက အာဆီယံနိုင်ငံအချင်းချင်း ကြားမှာ အမြင်အမျိုးမျိုး ဖြစ်နေတာကြောင့်ပါ။ အာဆီယံအဖွဲ့အနေနဲ့က ဘယ်သူမှားတယ်။ ဘယ်သူမှန်တယ်ဆိုတာမျိုး ပြောဖို့ မဟုတ်ဘဲ နှစ်ဘက် စလုံးအနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့ပဲ အဓိကပြောဆိုတာပါ”ဟု မြန်မာနိုင်ငံ၏ အာဆီယံရေးရာ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဆိုသည်။

နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး အချိန်ကြာခဲ့ခြင်းမှာ တောင်တရုတ်ပင်လယ်အရေး တစ်ခု တည်းကြောင့်မဟုတ်ဘဲ အခြားကိစ္စများလည်း ပါဝင်သည်ဟု နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က သတင်းစာရှင်းလင်းပွဲအပြီးတွင် The Daily Eleven သို့ သီးသန့်ပြောကြားသည်။

“ဆွေးနွေးတာကတော့ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးကြတဲ့ သဘောပါပဲ။ အဲဒါကြောင့် (တောင်တရုတ် ပင်လယ်အရေး) ကြန့်ကြာတာတော့ မဟုတ်ဘူး။ ဆွေးနွေးတာကတော့ နိုင်ငံခြားရေးဝန်ကြီးများရဲ့ တာဝန် ယူရတဲ့ Scope နဲ့ Area တွေက ကျယ်တဲ့အခါကျတော့ ဒီဟာတွေကို ပြည့်ပြည့်စုံစုံနဲ့ တစ်ထိုင်တည်း ဆွေးနွေးကျင့်သုံးတဲ့အခါ အချိန်ပိုသွားတဲ့ သဘောပါပဲ”ဟု ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။

တောင်တရုတ်ပင်လယ်အတွင်း အခြေအနေတင်းမာမှုသည် (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေး ပွဲ မစတင်မီ ပြီးခဲ့သည့်ရက်သတ္တပတ်က ပြန်လည်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် တရုတ် နိုင်ငံတို့အကြား တင်းမာမှု ပိုလာခဲ့ခြင်းဖြစ်သည်။ 

Eleven Media Group

No comments:

Post a Comment

My Blog List