ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့တွင် ရွှေတိဂုံစေတီတော်၌ ညောင်ရေသွန်းရန် လာရောက်သည့် ဘုရားဖူးပရိသတ်မှာ သိန်းချီခန့်ရှိပြီး စည်ကားခဲ့ကြောင်း ဘုရားဂေါပက အဖွဲ့ထံမှ သိရသည်။ အနယ်နယ်အရပ်ရပ်မှ လာရောက်သည့် ဘုရားဖူး ပရိသတ်များမှာ ရင်ပြင်တော်ပြည့် စည်ကားလျက်ရှိပြီး ထောင့်ငါးထောင့်ရှိ မဟာဗောဓိ ညောင်ပင်များ တွင်လည်း ညောင်ရေ သွန်းလောင်းသူ ဘုရားဖူးများ တန်းစီစောင့်ဆိုင်း၍ ညောင်ရေသွန်းလျက် ရှိကြောင်း အင်္ဂါထောင့်တွင် ဝေယျာဝစ္စ ပြုလုပ်ပေးနေသည့် သစ္စာမဏ္ဍိုင်အသင်းမှ ဦးကျော်ဝင်းက ပြောကြားသည်။
ဘုရားဖူး ပရိသတ်များအတွက် နံနက် ၈ နာရီခွဲမှ ည ၁၀ နာရီအထိ ညောင်ရေသွန်းလောင်းနိုင်ရန် စီစဉ်ထားပြီး ဘာသာရေးအသင်းအဖွဲ့ ၇၂ ဖွဲ့မှလည်း ထောင့်ငါးထောင့်တွင် အသင်းတစ်သင်းလျှင် တစ်နာရီခြား တာဝန်ယူ၍ ကုသိုလ်ပြုလျက် ရှိကြောင်း အဆိုပါ အသင်းအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးထွန်းငြိမ်းက ရှင်းပြသည်။
နှစ်စဉ် ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့အဖြစ် သတ်မှတ်ခဲ့ကြပြီး ညောင်ရေသွန်းပွဲများကို နေရာအနှံ့အပြားတွင် ကျင်းပ ခဲ့ကြရာ ရန်ကုန်မြို့တော်ရှိ ရွှေတိဂုံစေတီတော်အပြင် ဆူးလေစေတီတော်၊ စွယ်တော်မြတ် စေတီတော်၊ မယ်လမုဘုရား တို့တွင်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ပရိသတ်များနှင့် စည်ကားလျက်ရှိသည်။
The Voice Weekly

No comments:
Post a Comment