Monday, May 12, 2014

သမ၀ါယမမြေတွင် ပုဂ္ဂလိကဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုက ကွန်ဒိုဆောက်လုပ်ခြင်းကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ကန့်ကွက်ဆန္ဒပြ



ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် ၁၄ ရပ်ကွက် မိုးကောင်းလမ်းနှင့် အောင်ဇေယျလမ်းထောင့်ရှိ သမ၀ါယမ အသင်းမြေတွင် ပုဂ္ဂလိက ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှ ကွန်ဒိုမီနီယံ တည်ဆောက်နေခြင်းကို ရန်ကင်းမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့သည်။
ဆန္ဒပြမှုကို မေ ၁၁ ရက် မွန်းလွဲ ၃ နာရီတွင် သမ၀ါယမရုံးရှေ့နှင့် ကွန်ဒိုဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော လုပ်ငန်းခွင်ရှေ့တို့တွင် “ရန်ကင်းမြို့နယ် သမ၀ါယမစု မြေနေရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်သမ၀ါယမ အမှုဆောင်လူကြီးများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်တို့ ပူးပေါင်း၍ ရွှေမိုးကောင်း ကွန်ဒိုမီနီယမ် ဆောက်လုပ်နေခြင်းကို ကန့်ကွက်ပါသည်” ဟု ရေးသားထားသော ဗွီနိုင်းဆိုင်းဘုတ်များကို စီမံကိန်းဘေးပတ်လည် စိုက်ထူ၍ တရားဝင်ခွင့်ပြုချက် ရယူကာ ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သမ၀ါယမမြေပေါ်ကို ကွန်ဒိုဆောက်လုပ်မဲ့ စီမံကိန်းက နိုင်ငံတော်စီမံကိန်းအတွက်ဆို မပြောလိုဘူး။ အခုက ပုဂ္ဂလိကပိုင်ရှင်တစ်ဦးရဲ့ အကျိုးစီးပွားစီမံကိန်း ဖြစ်နေတယ်။ နိုင်ငံတော်အနေနဲ့ လွှဲပြောင်းပေးခဲ့တာ ဆိုရင်လည်း တင်ဒါတွေခေါ်ရမယ်။ ပွင့်လင်းမြင်သာမှုရှိအောင် အ များပြည်သူသိအောင် ချပြရမယ်” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆန္ဒပြရာတွင် မီဒီယာများသို့ ပြောကြားခဲ့သည်။

ယင်းကဲ့သို့ တရားဝင်မှတ်ပုံတင် ထားရှိသည့် သမ၀ါယမရုံး မြေနေရာတွင် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက ဆောက်လုပ်ခွင့် ရရှိခြင်းကို ပြည်ထောင်စုလွှတ်တော် လာဘ်ပေးလာဘ်ယူမှုပပျောက်ရေး ကော်မရှင်သို့ တင်ပြတိုင်ကြားသွား မည်ဖြစ်ကြောင်း သိရသည်။

“လမ်းစဉ်ပါတီခေတ်၊ တပ်မတော်အစိုးရခေတ် လက်ထက်တွေကတည်းက သမ၀ါယမပိုင် မြေနေရာအဖြစ် ရှိခဲ့တယ်။ ဒီခေတ်လို သန့်ရှင်းတဲ့၊ ကောင်းမွန်တဲ့ အစိုးရခေတ်ဆိုတဲ့ ဒီမိုကရေစီခေတ်ရောက်မှ ပုဂ္ဂလိကလက်ထဲရောက်တာက အရမ်းကို ရှက်ဖို့ကောင်းတယ်။ ကျွန်တော်တို့အနေနဲ့ ဆန္ဒပြခြင်း ရည်ရွယ်ချက်က ခေတ်အဆက်ဆက် သမ၀ါယမရုံး ဖြစ်ခဲ့တဲ့နေရာကို ယခင်အတိုင်းပဲ ဆက်လက်ထားရှိပေးဖို့ ဆန္ဒပြတာပါ” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆက်လက်ပြောကြားသည်။

အဆိုပါ မြေနေရာတွင် ရွှေမိုးကောင်းအမည်ရှိ ကွန်ဒိုမီနီယမ် တည်ဆောက်လုပ်နေခြင်းဖြစ်ပြီး ဂရိတ်မာစတာ ဆောက်လုပ်ရေးမှ တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်သည် ၂၀၁၃ ခုနှစ် သြဂုတ်လအတွင်းကလည်း တောင်ဥက္ကလာပ မြို့နယ် ၉ ရပ်ကွက်ရှိ အားကစားကွင်းနှင့် ပန်းခြံမြေနေရာကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အဆောက် အအုံ ဆောက်လုပ်ခြင်းအပေါ် ကန့်ကွက်ကြောင်း တစ်ကိုယ်တော်ဆန္ဒပြမှုကို ရန်ကုန်မြို့တော် ခန်းမရှေ့တွင် ပြုလုပ်ခဲ့ ဖူးသည်။

Eleven Media Group

No comments:

Post a Comment

My Blog List