Wednesday, May 14, 2014

ကျောင်းသူ ၂၀၀ ကျော် ပြန်လွတ်ရေး အပေးယူလုပ်မည်ဟု နိုင်ဂျီးရီးယားအစိုးရပြော


ပြန်ပေးဆွဲခံထားရတဲ့ကျောင်းသူ ၂၀၀ ကျော်ကို ကယ်တင်နိုင်ရေးအတွက် ဘိုကိုဟာရမ် အဖွဲ့နဲ့ အပေးအယူ လုပ်ဖို့ လမ်းဖွင့်ထားတယ်လို့ နိုင်ဂျီးရီးယား အစိုးရက ပြောပါတယ်။အစိုးရ ပြန်ကြားရေး ၀န်ကြီးဌာန လက်အောက်က အဆင့်မြင့်အရာရှိ မိုက် အိုမာရီက ကျောင်းသူတွေကို ကယ်တင်နိုင်ရေးအတွက် လမ်းကြောင်းအားလုံးကို ဖွင့်ထားတယ်လို့ မီဒီယာတွေကို ပြောပါတယ်။

ဘိုကိုဟာရမ်အဖွဲ့က သူတို့ ပြန်ပေးဆွဲထားတဲ့ ကျောင်းသူတွေကို ပြန်လွတ်စေချင်ရင် အစိုးရက ဖမ်းထားတဲ့ ဘိုကိုဟာရမ် အကျဉ်းသားတွေ လွှတ်ပေးရမယ်လို့ ပြောထားတဲ့ ဗွီဒီယိုကို ထုတ်လိုက်ပြီး တရက်အကြာမှာ အစိုးရဘက်က အခုလို တုံ့ပြန်တာ ဖြစ်ပါတယ်။

ဗွီဒီယိုထဲမှာ မိန်းကလေးငယ် ၁၀၀ ကျော် တောတွင်းတနေရာမှာ ထိုင်နေတာကို ပြသပါတယ်။

ဒီဗွီဒီယိုမှာ တလကြာ ပြန်ပေးဆွဲခံထားရတဲ့ ကျောင်းသူတွေကို ပထမဆုံး ပြန်မြင်ရတာဖြစ်ပါတယ်။

ကျောင်းသူတွေထဲမှာ တချို့က ခရစ်ယာန်တွေ ဖြစ်ပေမယ့် အားလုံးတယောက်မကျန် အစ္စလာမ္မစ် ဘာသာဝင်မိန်းကလေးတွေလို ပုဝါခြုံထားပြီး မွတ်စလင် ဓမ္မတေး သီဆိုနေတာကို တွေ့ရပါတယ်။

နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်း  ကင်မရွန်း  နယ်စပ် ဘော်နိုပြည်နယ် ချီဘွခ်ရွာ အထက်တန်းကျောင်း ကနေ ဧပြီလ ၁၄ ရက်နေ့က ဖမ်းဆီးသွားတဲ့ ကျောင်း ၂၇၆ ယောက်ထဲက တချို့ကို ဗွီဒီယိုထဲမှာ တွေ့ရပါတယ်။

ကျောင်းသူတွေထဲက တချို့ ထွက်ပြေး လွတ်မြောက်ခဲ့ပြီး ၂၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

ဗွီဒီယိုကို ဘယ်အချိန်၊ ဘယ်နေရာမှာရိုက်ကူးထားတယ်ဆိုတာကိုတော့ မသိရဘဲ ဗွီဒီယိုမှာပါတဲ့ အရုပ်တွေ ကို အစိုးရက စိစစ်နေတယ်။

အစိုးရအနေနဲ့ ကျောင်းသူတွေ လွတ်မြောက်ရေး၊ ဘေးမသိရန်မခဘဲ မိဘရပ်ထံပြန်ရောက်နိုင်ရေးအတွက် လမ်းကြောင်းအားလုံးကို ဖွင့်ထားတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်က အဆင့်မြင့်အရာရှိ မိုက် အိုမာရီက ပြောပါတယ်။

ဒီအတောအတွင်းမှာ အေကေ ၄၇ ကိုင်ထားပြီး သူ့ကိုယ်သူ ဘိုကိုဟာရမ် အဖွဲ့ ခေါင်းဆောင် အဘူဘာကာ ရှိခူး ဆိုသူနဲ့ပတ်သက်လို့ အစိုးရ အရာရှိတွေကြားမှာ ငြင်းခုံနေကြပါတယ်။

လုံခြုံရေးအရာရှိတွေက ဘိုကိုဟာရမ် ခေါင်းဆောင် အဘူဘာကာ ရှိခူး သေဆုံးပြီလို့ အခိုင်အမာ ယုံကြည်နေကြပါတယ်။

ကျောင်းသူတွေကို ပြန်ကယ်ရေးမှာ နိုင်ဂျီးရီးယာ အစိုးရရဲ့ တုံ့ပြန်ပုံ နှောင့်နှေးတာကို ဝေဖန်ခဲ့ကြတဲ့နောက် မှာ အစိုးရက ဒေသထဲကို တပ်အင်အား ထောင်နဲ့ချီပြီး စေလွှတ်ထားပါတယ်။

အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်တို့က စေလွှတ်ထားတဲ့ အဖွဲ့တွေကလည်း ရှာဖွေရေးမှာ အကူ အညီပေးနေပါတယ်။

နိုင်ဂျီးရီးယား ကင်းလှည့်လေယာဉ်တွေလည်း နိုင်ငံ မြောက်ပိုင်း အစွန်အဖျား ဒေသမှာ နေ့တိုင်း ပျံသန်းနေ ပါတယ်။

 နိုင်ငံတော်တော်များများကလည်း ကျောင်းသူတွေ ကယ်တင်ရေးမှာ အကူအညီပေးထားကြပါတယ်။

DVB

No comments:

Post a Comment

My Blog List