Sunday, May 11, 2014

အာဆီယံဥက္ကဋ္ဌ တာဝန်ယူချိန်တွင် လူ့အခွင့်အရေးကိစ္စအပါအ၀င် အချက်လေးချက်ကို အရေးကြီးကိစ္စများအဖြစ် သတ်မှတ်ထားသည်ဟု သမ္မတဦးသိန်းစိန် ပြောကြား




မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူချိန်တွင် လူ့အခွင့်အရေးကိစ္စအပါအ၀င် အချက်လေးချက်ကို အရေးကြီးကိစ္စများ အဖြစ် သတ်မှတ်ထားသည်ဟု သမ္မတဦးသိန်းစိန်က မေ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
သမ္မတဦးသိန်းစိန်သည် နေပြည်တော်၌ ပြုလုပ်နေသော (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအ၀းသို့ တက်ရောက်လာသည့် အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များ၊ အစိုးရကိုယ်စားလှယ်များကို ဂုဏ်ပြုညစာစားပွဲဖြင့် မေ ၁၀ ရက် ညပိုင်းတွင် ဧည့်ခံခဲ့ပြီး အဆိုပါဂုဏ်ပြု ညစာစားပွဲ၌ ပြောကြားသည့် ကြိုဆိုနှုတ်ခွန်း ဆက်စကားတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“မိမိတို့တွေရဲ့ ဖြစ်ပေါ်တိုးတက်မှုများကို ကမ္ဘာတစ်ဝန်းက စောင့်ကြည့်နေတဲ့ ကာလမှာ အခုလို အာဆီယံထိပ်သီး အစည်းအဝေးကို လက်ခံကျင်းပခွင့် ရတဲ့အတွက် များစွာဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌ အဖြစ် တာဝန်ယူမယ့်အချိန်မှာ မိမိတို့ ပြည်သူတွေရဲ့ ဘ၀နဲ့ လူနေမှုအဆင့်အတန်း မြင့်မားရေးဖြစ်စဉ်ကိစ္စရပ်များကို အာရုံစိုက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု သမ္မတဦးသိန်းစိန် က ဆိုသည်။

လူ့အခွင့်အရေးကိစ္စအပါအ၀င် အရေးကြီးကိစ္စများအဖြစ် သတ်မှတ်ထားသည့် အချက်လေးချက်မှာ လူ့အခွင့်အရေး ကာကွယ်ရေး နှင့် မြှင့်တင်ရေး၊ ကောင်းမွန်သည့် အုပ်ချုပ်မှုစနစ်၊ သဘာဝဘေးအန္တရာယ်များကို ခံနိုင်ရည်ရှိမှုနှင့် လူသားချင်းစာနာမှု အကူအညီပေးရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးနှင့် ရာသီဥတုပြောင်းလဲမှုကို ထိရောက်စွာကိုင်တွယ်ဖြေရှင်းရေး စသည်တို့ ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အာဆီယံသည် စာနာမှုနှင့် မျှဝေခံစားမှုကိုအခြေခံပြီး တစ်ခုတည်းသော ရည်မှန်းချက်နှင့် ရုပ်အသွင်ရှိသည့် အသိုက်အ၀န်းဖြစ်ရေးကို ရည်မှန်းကြိုးပမ်းနေသည့် ဒေသတွင်းအဖွဲ့အစည်းဖြစ်ကြောင်း၊ အမျိုးသမီးများက အာဆီယံ၏ မဏ္ဍိုင်သုံးရပ်တွင် ယခုထက်ပိုမို အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာရေးနှင့် ကလေးသူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့ကိုလည်း အလေးထားဆောင်ရွက်သင့်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် အာဆီယံအသိုက်အ၀န်း ကြိုးပမ်းမှုများကို ဒေသတွင်းရှိ အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံအသီးသီး၏ ထောက်ခံမှုများ ရရှိနေပြီး ကမ္ဘာတစ်ဝန်းတွင် စိန်ခေါ်မှုများနှင့် မရေရာမှုများ ကြုံတွေ့နေရချိန်၌ အာဆီယံဒေသသည် ငြိမ်းချမ်းတည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်မှုများ ရရှိနေသည်ဟု သမ္မတ ဦးသိန်းစိန် က ပြောကြားသည်။

သမ္မတဦးသိန်းစိန်၏ ဂုဏ်ပြုညစာ စားပွဲ အခမ်းအနားသို့ ဘရူနိုင်းဘုရင် ဆူလ်ဆန်ဟာဂျီဟာဆန်နယ်ဘိုလ်ကီးယားမူ အစ်ဇာဒင်ဝါဒေါင်လာ၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆမ်ဒက်ခ်ဟွန်ဆန်၊ အင်ဒိုနီးရှား သမ္မတ ဒေါက်တာ ဆူစီလိုဘန် ဘမ်းယူဒိုယိုနို၊ လာအိုဝန်ကြီးချုပ် သောင်ဆင်းသမ်မာဗောင်း၊ မလေးရှားဝန်ကြီးချုပ် ဒါတိုဆရီဟာဂျီ မိုဟာမက်နာဂျစ်၊ ဖိလစ်ပိုင်သမ္မတ ဘီနစ်ဂ်နိုအကွီနို၊ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း၊ ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်တန်ဇွန်း၊ ထိုင်း ဒုတိယ ၀န်ကြီးချုပ် ဖောင်တက်ဖ်သပ်ခန်ဂျာန၊ အာဆီယံအတွင်းရေးမှူးချုပ် လီယောင်မင်းနှင့် အာဆီယံနိုင်ငံများမှ အစိုးရကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

Eleven Media Group

No comments:

Post a Comment

My Blog List