Monday, May 12, 2014

ယူကရိန်း အရှေ့ပိုင်းရှိ ပုန်ကန်သူများမှ လူထုဆန္ဒ ခံယူပွဲအောင်မြင်ကြောင်း ကြေငြာ



ယူကရိန်း အရှေ့ပိုင်း ဒွန်တက်စ်ဒေသအတွင်းရှိ ရုရှားလိုလားသည့် ခွဲထွက်ရေးသမားများမှ ၎င်းပြုလုပ်သည့် လူထုဆန္ဒ ခံယူပွဲသည် ၈၉ ရာခိုင်နှုန်း မဲပေးခြင်းဖြင့် အောင်မြင်ကြောင်း ကြေငြာခဲ့သည်။ အခြားသော အရှေ့ပိုင်း ဒေသဖြစ်သည့် လူဟန့်စ်တွင်လည်း ရလဒ်ကောင်းများ ရရှိသည့် ပုံပေါ်လျက်ရှိပြီး မကြာခင်အတွင်း မဲဆန္ဒများကိုထုတ်ပြန်သွားမည် ဖြစ်သည်။
ယူကရိန်းမှ ၎င်းမဲပေးမှုသည် ရုရှားမှ စီစဉ်ဆောင်ရွက်သည့် ပြဇာတ်တစ်ပုဒ်သာ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဥရောပ သမဂ္ဂနှင့် အမေရိကန်တို့မှလည်း ၎င်းမဲပေးမှုသည် တရားမဝင်ကြောင်းပြောဆိုထားသည်။

မဲပေးမှုများအတွင်း ကိဗ်အစိုးရ ဘက်တော်သား လက်နက်ကိုင်များမှ ခရတ်စ်နိုအာမစ်မြို့တွင် လူနှစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း ခွဲထွက်ရေးသမားများမှကြေငြာထားခဲ့သည်။ သို့သော်လည်း မဲပေးမှုများမှ အေး
ချမ်းစွာ ပြီးဆုံးခဲ့ကြောင်း သိရှိရသည်။ ဒေသအတွင်းရှိ မြို့နှစ်မြို့မှမူ မဲဆန္ဒကောက်ခံရန် ငြင်းဆန်ထားခဲ့သည်။

ဆွေးနွေးညှိနှိုင်းမှုများအတွက် မဲဆန္ဒခံယူမှုကို ခေတ္တရပ်ဆိုင်းထားရန် ရုရှားသမ္မတ ဝလာဒီမာပူတင်၏ အစောပိုင်းကာလက တောင်းဆိုမှုကို ငြင်းပယ်ပြီးမဲဆန္ဒ ခံယူခဲ့ခြင်း ဖြစ်သည်။

မဲပေးမှုများ ပြီးဆုံးသွားပြီးနောက်တွင် ကရင်မလင်အစိုးရမှ မည်သည့် မှတ်ချက်မှ မထုတ်ပြန်ခဲ့ပေ။

ကိုယ်ပိုင်လွတ်လပ်ခွင့် ကြေငြာထားသည့် ဒွန်တက်စ်ပြည်သူ့ သမ္မတနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲ ရိုမန်လာဂျင်းမှ မဲပေးမှုသည် ၇ နာရီကြာမြင့်ခဲ့ပြီး ၈၉.၀၇ ရာခိုင်နှုန်းမှာ ထောက်ခံမဲပေးခဲ့ပြီး၊ ၁၀.၁၉ ရာခိုင်နှုန်းမှာ ဆန့်ကျင်မဲ၊ ၀.၇၄ ရာခိုင်နှုန်းသော မဲများမှာ ပယ်မဲများ ဖြစ်ကြောင်းပြောဆိုကြေငြာခဲ့သည်။

လူဟန့်စ်ဒေသ၏ ရလဒ်များကို တနင်္လာနေ့ နှောင်းပိုင်းတွင် ကြေငြာသွားမည် ဖြစ်သည်။

ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ မဲပေးမှုကို ရှုတ်ချသွားပြီး ၎င်းလုပ်ရပ်များမှာ ကရင်မလင်မှ ကြိုးကိုင်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

“ ဒွန်တက်စ်ဒေသ၊ လူဟန့်စ်ဒေသနဲ့ ခရိုင်းမီးယားတွေမှာ ကျင်းပတဲ့ အကြမ်းဖက်သမားတွေ လုပ်ဆောင်တဲ့ ဘယ်လို မဲဆန္ဒခံယူပွဲကိုမဆို ယူကရိန်းပြည်သူတွေအနေနဲ့ အသိအမှတ်မပြုနိုင်ပါဘူး ” ဟု ကြေငြာချက်တွင် ပါဝင်ခဲ့ပြီး မတ်လအတွင်းက ဖြစ်ပေါ်ခဲ့သည့် ရုရှားနှင့် ယူကရိန်း တောင်ပိုင်း ကျွန်းဆွယ်ခရိုင်းမီးယားဒေသကိုပါ 
ရည်ညွှန်းပြောဆိုခဲ့သည်။

ယူကရိန်းနှင့် ရုရှားရှိ မဲစာရွက်များတွင် ဒွန်တက်စ်ပြည်သူ့သမ္မတနှင့် လူဟန့်စ်ပြည်သူ့သမ္မတနိုင်ငံတို့၏ ကိုယ်ပိုင်လွတ်လပ်ခွင့် ကြေငြာမှုကိုထောက်ခံပါသလားဟု မေးမြန်းထားသည်။

ဒုတိယအကြိမ် မဲပေးမှုကို ရက်သတ္တပတ်အနည်းငယ်တွင် ကျင်းပသွားမည်ဖြစ်သည်။ ၎င်းအကြိမ်တွင် လူအများအနေဖြင့် ရုရှားနှင့် ပူးပေါင်းရန် ထောက်ခံမှု ရှိ၊ မရှိကို မေးမြန်းသွားမည် ဖြစ်သည်။ မေလ ၂၅ ရက်တွင် ကျင်းပမည့် ယူကရိန်း၏ ရွေးကောက်ပွဲကိုလည်း သပိတ်မှောက်သွားမည် ဖြစ်ကြောင်း စီစဉ်သူများမှပြောကြားခဲ့သည်။

အရှေ့ပိုင်းဒေသရှိ လူအများစုမှာ ရုရှားလိုလားသည့် စစ်သွေးကြွများကို ထောက်ခံနေကြောင်း ယူကရိန်း ကြားဖြတ်သမ္မတ အိုလက်စန်ဒါ တာချင်နော့မှဝန်ခံပြောဆိုခဲ့သော်လည်း လူထုမဲဆန္ဒ ခံယူပွဲကျင်း
ပခြင်းမှာ နိုင်ငံအနေဖြင့် ချောက်နက်ထဲကျရန် ခြေလှမ်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဥရောပနှင့် အမေရိကန်တို့မှလည်း ယူကရိန်းအနေဖြင့် ပြည်တွင်းစစ် ဖြစ်ပေါ်လာမည်ကို စိုးရိမ်လျက် ရှိပြီး လူထုဆန္ဒ ခံယူပွဲကို ရှုတ်ချခဲ့သည်။

ယူကရိန်းနယ်ခြား အနီးတွင် ရုရှားတပ်ဖွဲ့ဝင်များ ၄၀၀၀၀ ခန့် ထားရှိထားကြောင်း ခန့်မှန်းထားပြီး ရုရှားအနေဖြင့် တပ်ဖွဲ့များကိုပြန်လည် ဆုတ်ခွာစေခဲ့ပြီဖြစ်ကြောင်း ပြောဆိုထားသော်လည်း ၎င်းလှုပ်ရှားမှုကို မတွေ့ရှိရကြောင်း နေတိုးမှ ပြောကြားခဲ့သည်။

အကယ်၍ ယူကရိန်း၏ သမ္မတနေရာ ရွေးကောက်ပွဲ ကျင်းပရန် ပျက်ကွက်ခဲ့လျင် ရုရှားအနေဖြင့် ထပ်မံ၍ စီးပွားရေး ပိတ်ဆို့မှုများကို ကြုံ့တွေရမည် ဖြစ်ကြောင်းဥရောပ သမဂ္ဂမှ သတိပေးထားသည်။ ၎င်းကိစ္စရပ်နှင့် ပတ်သက်၍ ဘရက်ဆဲလ်မြို့တွင် ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေး ဝန်ကြီးများမှ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။

Ref: BBC
The Myanmar Age

No comments:

Post a Comment

My Blog List