Thursday, May 15, 2014

ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကားနှစ်ချပ် လေလံတင်ရောင်းချမည်



မန္တလေးမြို့တော်တွင် ပြီးခဲ့သည့် မဟာသင်္ကြန် ကာလအတွင်းက ခွပ်ဒေါင်း ကြယ်ဖြူသင်္ကြန် အလှပြယာဉ်တွင် ချိတ်ဆွဲ ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ပန်းချီကားနှစ်ချပ်ကို မန္တလေးတိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ရန်ပုံငွေ ရရှိရန်အတွက် မေလ ၁၄ ရက်နေ့မှစတင်ကာ လေလံတင် ရောင်းချသွားမည် ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောကြားသည်။
မန္တလေးခရိုင် အောင်မြေသာစံမြို့နယ် ပဒုမ္မာခန်းမတွင် မေလ ၁၃ ရက်နေ့ ည ၇ နာရီက ပြုလုပ်သည့် ဒေါ်အောင်ဆန်း စုကြည် မန္တလေးမြို့တော်သို့ လာရောက်ရန် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

“ပါတီရန်ပုံငွေအတွက် ရောင်းချတာပါ။ ကြေးသတ်မှတ် မထားပါဘူး။ အနုပညာကြေး အမြင့်ဆုံးပေးတဲ့သူကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်ရောက်ပေးမှာပါ” ဟု ဦးတင်ထွဋ်ဦးက ဆိုသည်။

အဆိုပါ ပန်းချီကားနှစ်ချပ်မှာ ရှမ်းတိုင်းရင်းသား ဝတ်စုံနှင့် မြန်မာဝတ်စုံနှင့် ရေးဆွဲထားသည့် ပန်းချီကားများဖြစ်ပြီး အဆိုပါ ပန်းချီကားများကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်မှတ် ရေးထိုးပေးမည် ဖြစ်ပြီး အဆိုပါ ပန်းချီကားများကို မေလ ၁၈ ရက်နေ့တွင် နောက်ဆုံးထား ရောင်းချမည် ဖြစ်ကြောင်း၊ အဆိုပါ ပန်းချီကားများကို ဝယ်ယူလိုသူများ အနေနှင့် မန္တလေးတိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးသို့ ဆက်သွယ် ဝယ်ယူနိုင်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

“ငါးသိန်းဆိုရင် နှစ်ချပ်လုံးကိုယူမယ်။ ၁၀ သိန်းအထိ စိတ်ဝင်စားတယ်။ သူဌေးတွေလိုတော့ အများကြီးရာချီ မပေးနိုင်ဘူးပေါ့။ အခုဖြစ်နေတာက လိုလည်းလိုချင်တယ်။ သူများတွေထက် မပေးနိုင်မှာလည်း စိုးတယ်။ သူများတွေ ယူသွားမှာလည်း စိုးတယ်။ ပါတီကိုလည်း ရန်ပုံငွေ အများကြီး ရစေချင်တယ်” ဟု အဆိုပါ ပန်းချီကားနှစ်ချပ် လေလံပွဲတွင် ပါဝင်ရန် စိတ်ဝင်စားနေသည့် မန္တလေးမြို့ခံ စီးပွားရေး လုပ်ငန်းရှင်ဖြစ်ပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သူ ဒေါ်အမာနီက ဆိုသည်။

အဆိုပါလေလံပွဲကို ပါတီရုံးခန်း တည်ရှိရာ အမှတ် ၁၁၅၊ ၂၈ လမ်း၊ ၇၄ နှင့် ၇၅ လမ်းကြား ချမ်းအေးသာစံမြို့နယ်တွင် ပြုလုပ်မည်ဖြစ်ပြီး လေလံကို စိတ်ဝင်စားသူ မည်သူမဆို လာရောက် ဝယ်ယူနိုင်ကြောင်း၊ သင့်တင့်သည့် ဈေးရပါက ရောင်းချပေးမည် ဖြစ်ကြောင်း ပါတီအတွင်းရေးမှူး ဦးတင်ကိုကိုက ပြောကြားသည်။

The Voice Weekly 

No comments:

Post a Comment

My Blog List