Monday, May 12, 2014

သာသနာတော် တည်တံ့ပြန့်ပွားရေးအတွက် မဘသက ကူညီဟု ဦးဆန်းဆင့်ဆို


မျိုးစောင့်ဥပဒေ ရေးဆွဲရေးလုပ်ငန်းစဉ်များကို အဓိကထား လုပ်ဆောင်နေသော အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) သည် သာသနာ တည်တံ့ပြန့်ပွားရေးအတွက် နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ကို အကူအညီ ပေးနေကြောင်း သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့် က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတော်အတွင်း မေလ ၁၁ ရက်နေ့တွင် ပြုလုပ်သော သတ္တမအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ ဒုတိယ အထူးအစည်းအဝေးတွင် ၎င်းက ယင်းသို့ တရားဝင် ထုတ်ဖော် ပြောဆိုခဲ့ခြင်း ဖြစ်သည်။ 

“အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့များ၏ ဆောင်ရွက်ချက်၊ သဘောထား ကြေညာချက်များကို ကြည့်ခြင်းဖြင့် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်က ဆောင်ရွက်လျက် ရှိသော သန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားရေး လုပ်ငန်း သုံးမျိုးအနက် တည်တံ့၊ ပြန်ပွားရေး လုပ်ငန်း နှစ်မျိုးကို အထောက်အကူပြု ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

မေလ ၅ ရက်နေ့တွင် ပြုလုပ်ခဲ့သော အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ ဆရာတော်ကြီးများထံမှ သြဝါဒ ခံယူပွဲတွင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့သည် နိုင်ငံတော် သံဃမဟာနာယကနှင့် သာသနာရေး ဝန်ကြီးဌာနတို့ကို ဆန့်ကျင် တိုက်ခိုက်ခြင်း မရှိဘဲ သာသနာရေး ကိစ္စရပ်များကို ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထား သည်။ 

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့က တိုက်တွန်း တောင်းဆိုမှုကြောင့် ကိုးကွယ်ခြင်း၊ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနှင့် လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းပေးရေး သုံးသပ် စဉ်းစားပေးရန် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော် နာယကထံ သဝဏ်လွှာ ပေးပို့ခဲ့သည်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့မှ ရေးဆွဲ ပေးပို့ထားသော အမျိုးစောင့်ဥပဒေ မူကြမ်း လေးခုကို ရေးဆွဲရန် ကော်မရှင်များ ဖွဲ့စည်း ဆောင်ရွက်နေသော်လည်း အဆိုပါ ဥပဒေသည် အမျိုးသမီး အခွင့်အရေးကို ချိုးဖောက်နေသောကြောင့် အမျိုးသမီး အဖွဲ့အစည်းနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းပေါင်း ၁၁၀ က မေလ ပထမပတ်အတွင်း ပူးတွဲ ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန် ကန့်ကွက်ထားသည်။

အမျိုးစောင့်ဥပဒေ ပေါ်ပေါက်ရေး ကြိုးပမ်းနေသည့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ကလည်း အခြားသော လူမျိုးများနှင့် ဘာသာများအပေါ် နှောင့်ယှက် ဟန့်တားခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်မည် မဟုတ်ကြောင်း မေလ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List