Monday, May 12, 2014

အာဆီယံ လူသားချင်းစာနာမှု ထောက်ပံ့ရေးဌာန တည်ထောင်ရန် သမ္မတ ပြောကြား




အာဆီယံဒေသတွင်း နိုင်ငံများအကြား ပဋိပက္ခနှင့် ရာသီဥတု (သဘာဝ) ဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများကို လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးမည့် သီးသန့်ဌာန တစ်ခုတည်ထောင်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုက်တွန်း ပြောကြားသည်။ မေလ ၁၁ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် အာဆီယံ ထိပ်သီး အစည်းအဝေးဖွင့်ပွဲ အခမ်းအနားတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူစဉ် အဆိုပါ အရေးကိစ္စ ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ၎င်းက ဖွင့်ဟ ပြောဆိုသည်။
“အာဆီယံ နိုင်ငံတွေကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ ပေးမယ့် AHA(လူသားချင်း စာနာထောက် ထားမှု အကူအညီပေးရေး စင်တာ) က ထိရောက်တဲ့ တုံ့ပြန်နိုင်စွမ်း မရှိသေးဘူး” ဟု ၎င်းက ပြောကြား သည်။

အဆိုပါ ဌာနအတွက် အဖွဲ့ဝင်နိုင်ငံများက အရေးပေါ် ရန်ပုံငွေတစ်ရပ် ထည့်သွင်းရန် လိုအပ်ပြီး ဘေးအန္တရာယ် တစ်ခုခု ကျရောက်ပါက အလျင်အမြန် တုံ့ပြန်ပေးမည့် အစီအစဉ်မျိုး ပြုလုပ်သင့်ကြောင်း သမ္မတဦးသိန်းစိန်က အကြံပြု ပြော ဆိုသည်။

သဘာဝဘေးအန္တရာယ် မကျရောက်မီ ကြိုတင် သတိပေးစနစ်၊ အရေးပေါ် ကယ်ဆယ်ရေး ကျွမ်းကျင်သူများနှင့် ယာဉ်၊ ပစ္စည်းကိရိယာများကိုလည်း ယင်းဌာနတွင် ပြင်ဆင်ထားရမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ယင်းအပြင် ရာသီဥတု ပြောင်းလဲမှုဒဏ် ခံနိုင်သော လယ်ယာထွက်ကုန် စိုက်ပျိုးရန် သုတေသန ဌာနများ တည်ထောင်ခြင်းနှင့် အာဆီယံဒေသတွင်း နိုင်ငံများ၏ ပင်လယ်ကမ်းခြေ ဒေသတို့တွင် ဒီရေတော စိုက်ခင်းများကိုနှစ်စဉ် စီမံကိန်းချ စိုက်ပျိုးခြင်းတို့ လုပ်ကိုင်ရန်လည်း သမ္မတဦးသိန်းစိန်က ထပ်လောင်း တိုက်တွန်းသွားသည်။

ဒုတိယအကြိမ် အာဆီယံထိပ်သီး အစည်းအဝေးတွင်လည်း သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတု ပြောင်းလဲမှုအတွက် ဒေသတွင်း ကြေညာချက်ထုတ်ပြန်ရန်စီစဉ်ထားကြောင်း အာဆီယံလူမှုယဉ်ကျေးမှု ကောင်စီ အတွင်းရေးမှူး ဒေါ်နန္ဒာမွန်း က ပြောကြားထားသည်။

မြန်မာ အာဆီယံဥက္ကဋ္ဌ သက်တမ်းတစ်လျှောက် အသေးစား အလတ်စား လုပ်ငန်းများအတွက် ထောက်ပံ့ခြင်း၊ အဖွဲ့ဝင် နိုင်ငံများအကြား ဖွံ့ဖြိုးမှု ကွာဟချက် လျှော့ချခြင်းနှင့် ၂၀၁၅ ခုနှစ် အလွန် အာဆီယံ အသိုက်အဝန်း မျှော်မှန်းချက်များ အကောင်အထည် ဖော်ခြင်းများအတွက် မေလ ၁၁ ရက်နေ့တွင် အဖွဲ့ဝင်နိုင်ငံ အားလုံး၏ သဘောတူညီချက် ရရှိထားပြီး ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List