Thursday, January 02, 2020

ရခိုင်တိုက်ပွဲများ မင်းပြားနှင့် ကျောက်တော်မြို့ပေါ်အထိ ကျယ်ပြန့်လာ

Image may contain: 1 person, standing and outdoor
ရခိုင်ပြည်နယ်တွင် ရခိုင်တပ်မတော်AA နှင့် တပ်မတော်တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲများသည် မြို့ပေါ် အထိ ကျယ်ပြန့်လာပြီး မင်းပြားမြို့ပေါ်နှင့် ကျောက်တော်မြို့ပေါ်များတွင်ပါ ပစ်ခတ်တိုက်မှုများ ဖြစ်လာကြောင်း နှစ်ဖက်တပ်များ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း AA အဖွဲ့က မြို့တွင်းရှိ စိုက်ပျိုးရေး သိပ္ပံကျောင်း အနီး၊ ကျောက်တော်ကားကွင်း အနီး နှင့် လျှပ်စစ်ဓာတ်အားပေးရုံနေရာများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ကျောက်တော်မြို့ အတွင်းရှိ လူနေရပ်ကွက်များ အတွင်း နှင့် မဟာကံကြီးသျှင် ဘုရားအနီးသို့ လက်နက်ကြီး ဗုံးသီးများ ကျရောက်ပေါက်ကွဲ ခဲ့ပြီး ဒေသခံပြည်သူ အမျိုးသမီး တစ်ဦးနှင့် အမျိုးသားသုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး မဟာကံကြီးသျှင် ဘုရား၏ မုခ်ဦးနှင့် သာသနိက အဆောက်အအုံများကိုပါ ထိခိုက် ပျက်စီး ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။
အလားတူ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်းရှိ ရာမောင်တံတားကို ဒီဇင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် AA အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောင့်ယှက်ပစ်ခတ်ခဲ့ကြောင်း၊ အလားတူ ကျောက်တော်မြို့နယ်အတွင်း မဟာကံကြီးသျှင်ဘုရား အနီးတစ်ဝိုက်နှင့် ကျောက်တော်မြို့အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းကို AAဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခတ်ခဲ့ကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်က ဆိုသည်။
AA အဖွဲ့ဘက်ကမူ မြို့ပေါ် ပစ်ခတ်မှုများသည် တပ်မတော်၏ ပစ်ခတ်မှုဖြစ်ပြီး ၎င်းတို့ အဖွဲ့က ပစ်ခတ်ခြင်းမရှိဟု ဆိုသည်။
ဒီဇင်ဘာလ(၃၀) ရက်၊ ညနေ(၇) နာရီ(၃၀) မိနစ်မှ ညနေ(၇) နာရီ(၄၀) မိနစ်အထိ ဆယ်မိနစ်ကြာ တစ်ပြိုင်နက်တည်းလက်နက်ကြီး/လက်နက်ငယ်များဖြင့်ရမ်းသန်းပစ်ခတ်မှုများကို မြန်မာ့တပ်မတော် နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့သည် ကျောက်တော်မြို့ ၏ အထက(၂)၊ရွှေကျောင်း၊ရဲစခန်း စသည့်နေရာ(၃) နေရာမှ ပစ်ခတ်ခဲ့ကြကြောင်း၊ ၊ အလားတူဒီဇင်ဘာလ(၃၀) ရက်နေ့တွင်လည်း တပ်မတော်က လက်နက်ကြီးများကိုအဓိကထားပြီး ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊မင်းပြားမြို့ပတ်ဝန်းကျင်များ၌ ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခဲ့ကြောင်း၊ ထို့သို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် နံနက်(၈) နာရီခန့်တွင်မင်းပြားမြို့နယ်၊"ဖားပြိုရွာ" အတွင်းရှိလူနေအိမ်များကိုထိမှန်ပျက်စီးခဲ့ကြောင်း AAက သတင်းထုတ်ပြန်သည်။
မင်းပြားမြို့နယ်နှင့် ကျောက်တော်မြို့နယ်တို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များကမူ အဆိုပါ ပစ်ခတ်မှုများနှင့်ပတ်သက်၍ မေးမြန်းရာ စစ်တွေတွင် လွှတ်တော်တက်နေ၍ အသေးစိတ်မသိဟု ဆိုကြသည်။
ဒေသခံများကမူ မည်သည့် တပ်ဖွဲ့က ပစ်ခတ်သည်ကို မသိရှိသော်လည်း ညစဉ် စိုးရိမ်ထိတ်လန့်နေရသည်ဟု ပြောဆိုသည်။
"ညဘက်ဆိုရင် ညမထွက်ရ အမိန့်ရှိတယ်။ ဒီကြားထဲ ပစ်ခတ်မှုတွေက မြို့ပေါ်အထိ ဖြစ်လာတော့ စိုးရိမ်တယ်။ကိုယ့်အိမ်ထဲမှာနေပြီး ဘယ်အချိန် လက်နက်ကြီးထိမလဲ၊ ကျည်ဆန်ထိမလဲ စိုးရိမ်နေရတယ်။ ညတိုင်း နေ့တိုင်း စိုးရိမ်စိတ်တွေနဲ့ နေနေရတာ။ လူတွေလည်း အတော်ကြီးကို ကြောက်လန့်နေကြရတာ" ဟု အမည်မဖော်လိုသော ကျောက်တော်မြို့ပေါ်မှ ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဓာတ်ပုံ- ပစ်ခတ်မှုကြောင့် ကျည်ဆံထိမှန်သော ကျောက်တော်မြို့ပေါ်ရှိ မဟာကံကြီးသျှင် ဘုရားမုခ်ဦး။ Cincds

No comments:

Post a Comment

My Blog List