Sunday, December 29, 2019

၂၀၂၀ ရခိုင်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်ပြီး မတည်ငြိမ်မှု ပိုမိုဆိုးဝါးလာနိုင်ဟု AA နှင့်ရခိုင်အမတ်များ ပြောဆို

Image may contain: one or more people
ရခိုင်တပ်မတော်AA က လာမည့် ၂၀၂၀ ခုနှစ်တွင်လည်း ရခိုင်ဒေသ၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်ကြောင်း ဒီဇင်ဘာလ ၂၆ ရက်နေ့က ကြေညာချက်ထုတ်ပြန် သတိပေးလိုက်ပြီး ရခိုင်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်များကလည်း ၂၀၂၀ ပြည့်နှစ်တွင် ရခိုင်ပြည်နယ်၏ အခြေအနေသည် ပိုမို ဆိုးဝါးလာနိုင်ကြောင်း အမြင်တူစွာဖြင့် သုံးသပ်ပြောဆိုလိုက်ကြသည်။ ရန်ကုန်ခေတ်သစ်က ရခိုင်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်များကို ဆက်သွယ်မေးမြန်းထားပါသည်။

ဦးဖေသန်း
မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

မေး။ ။ ၂ဝ၂ဝအတွင်း ရခိုင်ပြည်နယ် အခြေအနေတွေက ဘယ်လိုရှိလာနိုင်မလဲ။
ဖြေ။ ။ စစ်ရေးအခြေအနေကတော့ နှစ်ဖက်စလုံးက ငြိနေတယ်ဆိုတော့ စစ်ရေးအရှိန်မြင့်လာမှာပေါ့။ တိုက်ပွဲတွေ ပိုပြင်းထန်လာမယ်။ စစ်ရေးနယ်ပယ်တွေပိုကျယ်ပြန့်လာမယ်။ ပြည်သူတွေပိုပြီးတော့ ဒုက္ခရောက်ကြမှာပေါ့။ စားဝတ်နေရေးတွေအခက်အခဲရှိမယ်။ မိမိလုပ်ငန်းခွင်ထဲကို မဝင်နိုင်တဲ့ကိစ္စတွေဖြစ်ပေါ်လာမယ်ပေါ့။ စာသင်ကျောင်းတွေ စာမသင်ရ ကျန်းမာရေးစောင့်ရှောက်မှုမရှိ အဲဒီလို ရခိုင်ပြည်နယ် ၃ပုံ ၂ပုံလောက်ဖြစ်သွားနိုင်တယ်ပေါ့။
မေး။ ။ ရခိုင်ပြည်နယ်ထဲမှာ အပြစ်မဲ့ အရပ်သားသေဆုံးမှုတွေ စစ်ရှောင်အရေအတွက်တွေက နေ့စဉ်တိုးပွားလာတော့ ၂ဝ၂ဝမှာကော ဒီအခြေအနေတွေက ထပ်မံတိုးပွားနိုင်လား။
ဖြေ။ ။ အခုဟာက ရွာအနီးအနားမှာ တိုက်ပွဲဖြစ်ပြီးဆို အဲရွာအနားကို တပ်မတော်စစ်ကြောင်းတွေ ဝင်လာတယ်။ နောက်ပြီးတော့ဖမ်းတာတွေ နှိပ်စက်တာတွေရှိတော့ အကုန်လုံးတပ်မတော်စစ်ကြောင်းတွေ ဝင်လာပြီဆိုရင် အကုန်လုံးထွက်ပြေးကြတာပေါ့။ ဖြစ်တာကတော့အနီးအနားမှာဖြစ်တာပဲ။ လက်နက်ကြီးကျလို့ ဒုက္ခရောက်တာလည်းရှိတယ်။ တပ်မတော်စစ်ကြောင်းတွေဝင်လာလို့ ထွက်ပြေးရတာလည်းရှိတယ်။
အဲလိုရွာပေါင်းဆိုရင် မြို့နယ်ထဲမှာ ၁ဝရွာလောက်ရှိနေပြီ။ အဲဒီလိုပြေးသွားတဲ့သူတွေက ဒုက္ခသည်တွေဆိုရင် အကုန်လုံးဒုက္ခသည်စခန်းကိုရောက်တဲ့သူရောက်တယ်။ ပြီးတော့ ကိုယ့်ဆွေးမျိုးသားချင်းတွေ ရှိတဲ့နေရာမှာလည်း နေတဲ့သူလည်းနေကျတာပေါ့။ ရခိုင်ပြည် တစ်ပြည်နယ်လုံးမှာ အဲဒီလိုဖြစ်နေတယ်။
အဲဒီတော့ ဒုက္ခသည်တွေအများကြီးတိုးလာဦးမယ်။ အခုဆို သိန်းချီရှိသွားပြီ။ အဲဒီထက်အများကြီးတိုးလာလိမ့်မယ်။ ဒါပေမယ့် ဒုက္ခသည်တွေကို ကယ်ဆယ်ရေးကျတော့ နည်းလာတာပေါ့။ ကိုယ့်အချင်းချင်း မျှဝေစားတဲ့ သဘောမျိုးဆိုရင်လည်း က စာဝတ်နေရေးမပြည့်စုံတဲ့အခါ အဲဒီအထောက်အပံ့တွေက အားလျော့သွားတာပေါ့။ NGO အဖွဲ့အစည်းတွေ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီကိုလည်း သူတို့မျှော်နေကျတာပေါ့။ အဲဒါလောက်နဲ့လည်း မလုံလောက်ဘူး။ နိုင်ငံတော်ကလည်း ပေးဝေမှုအားနည်းတော့ ဒုက္ခသည်တွေ ပိုပြီးတော့ ဒုက္ခရောက်နိုင်မယ့် အခြေအနေမျိုးရှိတယ်။
မေး။ ။ ၂ဝ၂ဝမှာရွေးကောက်ပွဲကလည်းရှိနေတော့ ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲအခြေအနေကကော ဘယ်လိုဖြစ်နိုင်မလဲ။ AAကလည်း ရွေးကောက်ပွဲလုပ်ဖို့ သူတို့နဲ့ ညှိနှိုင်းဖို့တွေ ပြောနေတာရှိတော့။
ဖြေ။ ။ ရွေးကောက်ပွဲကတော့ UEC ကလုပ်မယ်လို့တော့ပြောထားတာပဲလေ။ AAကလည်း သူတို့ကိုညှိနှိုင်းမှ လုပ်လို့ရမယ်ပြောထားတော့ AAနဲ့ တစ်နည်းနည်းနဲ့ သဘောတူညီချက် မရဘူးဆိုရင်တော့ ရွေးကောက်ပွဲတွေဖြစ်ဖို့ အလားအလာမရှိဘူး။ ရွေးကောက်ပွဲလုပ်ဖြစ်ရင်တောင်မှ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်ရှိမှာမဟုတ်ဘူး။ အဲတာကြောင့် ရွေးကောက်ပွဲသာမလုပ်ခဲ့ရင်တော့ ရခိုင်ပြည်နယ်အခြေအနေက ပိုပြီးတော့ဆိုးသွားမှာပေါ့။
သက်ဆိုင်ရာ mandate ရထားတဲ့ လွှတ်တော်ကိုယ်စားလှယ်ကမရှိဘူးဆိုရင် ဒေသက သတင်းအမှောင်ချမှုတွေ ပိုများလာမှာပေါ့။ တင်ပြမှုတွေအားနည်းလာမယ်။ ဒေသအခြေအနေကိုသိဖို့ အခွင့်အလမ်းတွေအားနည်းသွားမှာပေါ့။ သတင်းထောက်တွေကလည်း ဝင်ခွင့်မရဘူးဆိုတော့ ဒေသတစ်ခုလုံးမှာ အမှောင်ချပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်လာနိုင်တယ်။ အဲဒီတော့ လွှတ်တော်ကိုယ်စားလှယ်တွေက အရေးကြီးတာပေါ့။ ဒါပေမယ့် အခုအခြေအနေကတော့ AAကခွင့်မပြုဘူးဆိုရင်တော့ ဘယ်သူမှဝင်ရဲမှာ မဟုတ်ဘူးလို့ထင်တယ်။ ဒါဆို လွှတ်တော်လည်းမရှိတော့ဘူးလေ။ အလိုလို စစ်အုပ်ချုပ်ရေးယန္တယားအောက်ရောက်သွားလိမ့်မယ်လေ။

မေး။ ။ ရခိုင်ပြည်နယ်မှာ လက်ရှိအခြေအနေက ရွေးကောက်ပွဲ မပြုလုပ်နိုင်တဲ့ အနေအထားတွေရှိနေလို့လား။
ဖြေ။ ။ မြို့နယ်ချင်း တစ်မြို့နယ် တစ်မြို့နယ်ကတော့မတူဘူးပေါ့။ တချို့မြို့နယ်မှာဆိုရင် ဧရိယာ ၁ဝရာခိုင်နှုန်းလောက်ပဲရှိမယ်။ တချို့မြို့နယ်မှာဆိုရင် အဲထက်နည်းနိုင်တယ်။ တချို့မြို့နယ်မှာဆိုရင်လည်း ဧရိယာ ၃ဝလောက်ရှိနိုင်တယ်ပေါ့လေ။ စစ်ဖြစ်လို့ မတည်ငြိမ်တဲ့နေရာမျိုး ဒါကတော့ နှစ်ဖက်စလုံးရွေးကောက်ပွဲကာလမှာ အပစ်အခတ်တွေရပ်ထားမယ်ဆိုရင် ပြဿနာမရှိဘူးလေ။ နှစ်ဦးနှစ်ဖက်သဘောတူညီဖို့က အရေးကြီးတယ်။ သူတို့နှစ်ဦး ရွေးကောက်ပွဲကို လက်ခံတယ်ဆိုရင် အဲကာလအတွင်း စစ်ပွဲတွေကို ရပ်စဲထားမယ်။ အပစ်အခတ်တွေကို ရပ်စဲထားမယ်ဆိုရင်တော့ ဒါကအကုန်လုံး မဲပေးဖို့ကတော့ အခွင့်အရေးရှိမှာပေါ့။
မေး။ ။ ဘာများဖြည့်စွက်ပြောကြားချင်တာရှိလဲ။
ဖြေ။ ။ အကုန်လုံးခြုံငုံသုံးသပ်ရရင် ကျွန်တော်တို့ ငြိမ်းချမ်းရေးကိုသာ မရနိုင်ဘူး။ Bilateral မထိုးနိုင်ဘူးဆိုရင်တော့ တိုက်ပွဲတွေကတော်တော်ကိုကျယ်ပြန့်လာမယ်။ ကြီးကျယ်လာမယ်။ အခုလည်းပဲ ကြည်း၊ ရေ၊ လေ တပ်အစုံနဲ့တိုက်နေတာပဲ ရှင်းရှင်းပြောရရင် တစ်ဖက်ကပိုပြီးတော့အားကြီးလာတယ်။
တစ်ဖက်ကပိုပြီးတော့ တိုက်ပွဲတွေကိုဖန်တီးလာနိုင်တယ်။ အဲလိုအနေအထားမျိုးရှိတယ်။ နောက်ပြီးတော့ ပြည်သူရဲ့ထောက်ခံမှုကို တစ်ဖက်ကရနေတယ်။ အဲဒီကြားထဲမှာ တပ်မတော်ရဲ့လုပ်ဆောင်ချက်တွေဟာ ပြည်သူ့ထောက်ခံမှုကိုပိုပြီးတော့ ကျဆင်းစေတယ်။ ဒါကြောင့်မို့ တပ်ကလည်းပဲ အစွမ်းကုန်ခုခံမှာပဲ။ ကာကွယ်မှာပဲ။ တိုက်ပွဲဆင်မှာပဲဆိုတော့ ၂ဝ၂ဝမြင်ကွင်းကတော့ အခုတည်းကမြင်နေရပါပြီ။ ဒီပွင့်လင်းရာသီမှာ အကြီးအကျယ်ဖြစ်လာမယ်။ ငြိမ်းချမ်းရေးမှာ ဆွေးနွေးခွင့်မရဘူးဆိုရင်တော့ အကြီးအကျယ်ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တော့ထင်တယ်။ အဲလိုမျိုးတော့မဖြစ်စေချင်ဘူး။ ဒါကြောင့်မို့ ငြိမ်းချမ်းရေးရဖို့ တိုက်တွန်းနေတာပေါ့။
ဦးထွန်းသာစိန်
မြောက်ဦးမြို့နယ် ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်

မေး။ ။ ရခိုင်ပြည်နယ်ထဲမှာ အပြစ်မဲ့ အရပ်သားသေဆုံးမှုတွေ စစ်ရှောင်အရေအတွက်တွေက နေ့စဉ်တိုးပွားလာတော့ ၂ဝ၂ဝမှာကော ဒီအခြေအနေတွေက ထပ်မံတိုးပွားနိုင်လား။
ဖြေ။ ။ အဲဒါကတော့ တိုက်ပွဲတွေပေါ်မှာပဲ မူတည်တယ်ပေါ့။ တိုက်ပွဲတွေ ဒီတိုင်းပဲဖြစ်နေရင် ထိခိုက်ဒဏ်ရရသေဆုံးမှုတွေများလာမယ်။ စစ်ဘေးရှောင်ဦးရေတွေတိုးလာမယ်။ တိုက်ပွဲတွေကျဆင်းသွားရင်တော့ အဲဒီကိစ္စတွေကလျော့နည်းလာမှာဖြစ်ပါတယ်။ တိုက်ပွဲတွေပေါ်မှာပဲ မူတည်ပါတယ်။
မေး။ ။ ၂ဝ၂ဝမှာရွေးကောက်ပွဲကလည်းရှိနေတော့ ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲအခြေအနေကကော ဘယ်လိုဖြစ်နိုင်မလဲ။ AAကလည်း ရွေးကောက်ပွဲလုပ်ဖို့ သူတို့နဲ့ ညှိနှိုင်းဖို့တွေ ပြောနေတာရှိတော့။
ဖြေ။ ။ အဲတာကလည်း တိုက်ပွဲပေါ်လည်း မူတည်သလို ရွေးကောက်ပွဲကော်မရှင်တွေရဲ့ အပေါ်မှာလည်း မူတည်တယ်။ ရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့ ကျွန်တော်တို့ ရခိုင်ဒေသမှာ ဒီရွေးကောက်ပွဲ တစ်ခုကိုဖြစ်အောင် လုပ်ပေးမလား။ မလုပ်ပေးနိုင်ဘူးလား။ အဲတာကတော့ သူတွေအပေါ်မှာလည်း မူတည်ပါတယ်။
မေး။ ။ ရခိုင်ပြည်နယ်မှာ လက်ရှိအခြေအနေက ရွေးကောက်ပွဲ မပြုလုပ်နိုင်တဲ့ အနေအထားတွေရှိနေလို့လား။
ဖြေ။ ။ တိုက်ပွဲတွေက ရွာတိုင်းလိုလိုမှာ ဖြစ်နေတာမဟုတ်ဘူးနော်။ ဥပမာပြောရရင် မြောက်ဦးမြို့နယ်ထဲမှာ တိုက်ပွဲတွေဖြစ်တာရှိတယ်။ ဒါပေမယ့် မြောက်ဦးမြို့နယ်က ရွာပေါင်း ၂ဝဝ၊ ၃ဝဝ လောက်ရှိတယ်ပေါ့။ ရွာတိုင်းစေ့လိုလိုမှာ အဲဒီတိုက်ပွဲတွေဖြစ်နေတာမဟုတ်ဘူး။ တိုက်ပွဲဖြစ်တာက ရန်ကုန်-စစ်တွေ ကားလမ်းရဲ့ အရှေ့ဖက်မှာရှိတဲ့ ကျေးရွာတွေအနီးမှာပဲဖြစ်တာ ကျန်တဲ့ရွာတွေနဲ့တော့ မပတ်သက်ဘူး။ ရွေးကောက်ပွဲကော်မရှင် ဥပဒေအရလည်း လူဦးရေဘယ်လောက်ရမှ ကျေးရွာဘယ်နှရွာလောက် အရေအတွက်ရှိမှ ရွေးကောက်ပွဲလုပ်ပေးမယ်ဆိုတာလည်း သူတို့မှာတော့ ဥပဒေနည်းဥပဒေမှာလည်း ရှိပုံမရပါဘူး။ လောလောဆယ်စစ်ဖြစ်နေတဲ့ ကျေးရွာတွေကိုဖယ်ထားခဲ့ပြီးတော့ ကျန်တဲ့ကျေးရွာတွေနဲ့ လုပ်လို့လည်းရတဲ့အပိုင်းရှိတယ်။ ရွေးကောက်ပွဲလုပ်လို့ ရနိုင်ပါတယ်။
ဦးဦးလွေစာ
မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

မေး။ ။ ၂ဝ၂ဝအတွင်း ရခိုင်ပြည်နယ် အခြေအနေတွေက ဘယ်လိုရှိလာနိုင်မလဲ။
ဖြေ။ ။ အနီးစပ်ဆုံးကတော့ ၂ဝ၂ဝမှာ ကျွန်တော်တို့ကတော့ ဒီစိတ်ဝင်စားတာကတော့ ရွေးကောက်ပွဲဖြစ်မဖြစ်ပေါ့နော်။ နောက် စစ်ရေးအရှိန်တွေ မြင့်တက်သွားမလား။ ဒါလည်းမခန့်မှန်းတတ်ဘူး။ တွေ့ဆုံဆွေးနွေးမှုပေါ့။ ကျွန်တော်တို့ ကျိုင်းတုံမှာလုပ်တယ်။ ကူမင်းမှာလုပ်တယ်။ အဲဒါတွေက နားလည်မှုရှိရှိနဲ့ တစ်စုံတစ်ရာတိုးတက်မှုရှိရင်တော့ စစ်ရေးတွေငြိမ်သွားမှာပေါ့။ သို့မဟုတ်ရင် ဖမ်းလိုက်ဆီးလိုက် သေတဲ့သူကသေ ရွာတွေပျက် ဒုက္ခတွေများနိုင်တယ်ပေါ့။
မေး။ ။ ရခိုင်ပြည်နယ်ထဲမှာ အပြစ်မဲ့ အရပ်သားသေဆုံးမှုတွေ စစ်ရှောင်အရေအတွက်တွေက နေ့စဉ်တိုးပွားလာတော့ ၂ဝ၂ဝမှာကော ဒီအခြေအနေတွေက ထပ်မံတိုးပွားနိုင်လား။
ဖြေ။ ။ ဒါက Bilateral ထိုးလိုက်ရင်တော့ လျော့ကျသွားလိမ့်မယ်။ မထိုးဘူးဆိုရင်တော့ နှစ်ဖက်စလုံးက စစ်ရှိန်မြှင့်ကျမှာပဲ လက်နက်ကိုင်အဖွဲ့ကမြှင့်ရင် တပ်ကလည်း မြှင့်လိမ့်မယ်။ တပ်ကမြှင့်ရင် လက်နက်ကိုင်အဖွဲ့ကမြှင့်လိမ့်မယ်။ တိုက်ရင်းကိုယ့်ဘက်နာ သူ့ဘက်နာဆိုတော့လည်း ဘယ်သူ့မှလည်း ဆုတ်ဖို့အနေအထားမရှိဘူး။
AAကလည်း တပ်ကိုရခိုင်ကထွက်အောင် လောလောဆယ် လုပ်နိုင်တဲ့အနေအထားလည်း မရှိဘူး။ လောလောဆယ် တပ်မတော်ဘက်ကလည်း AAကို အပြတ်ချေမှုန်းနိုင်တဲ့ အနေအထားမရှိတော့ ကြားမှာတော့ ပြည်သူတွေပဲ ဒုက္ခရောက်မှာပေါ့။ Bilateral ထိုးလိုက်ရင်တော့ တစ်ဆင့်ငြိမ်ကျသွားလိမ့်မယ်။ အဲဒီလိုထင်တယ်။

မေး။ ။ ၂ဝ၂ဝမှာရွေးကောက်ပွဲကလည်းရှိနေတော့ ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲအခြေအနေကကော ဘယ်လိုဖြစ်နိုင်မလဲ။ AAကလည်း ရွေးကောက်ပွဲလုပ်ဖို့ သူတို့နဲ့ ညှိနှိုင်းဖို့တွေ ပြောနေတာရှိတော့။
ဖြေ။ ။ ရွေးကောက်ပွဲဖြစ်ဖို့မဖြစ်ကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပဲ ဆုံးဖြတ်မှာပေါ့။ အဲတော့ ကော်မရှင်က ခေါင်းဆောင်လူကြီးတွေကတော့ မြန်မာပြည်အနှံ့မှာ စစ်မှန်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲလုပ်မယ်လို့တော့ပြောထားတယ်။ ပြောတဲ့အချိန်လောက်ထိတော့ သိပ်အဆိုးကြီးမဟုတ်ဘူးပေါ့။ နောက်တော့ ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာပြီးတဲ့နောက်ပိုင်းမှာတော့ ရွေးကောက်ပွဲအခြေအနေက အရမ်းဆိုးဝါးသွားရင်လည်း သူတို့နောက်ဆုတ်ချင်လည်း ဆုတ်သွားမှာပေါ့။ တချို့မြို့နယ်လုပ်ပြီး တချို့မြို့နယ် မလုပ်ဘူးလည်းဖြစ်နိုင်တာပေါ့။ `
မေး။ ။ ရခိုင်ပြည်နယ်မှာ လက်ရှိအခြေအနေက ရွေးကောက်ပွဲ မပြုလုပ်နိုင်တဲ့ အနေအထားတွေရှိနေလို့လား။
ဖြေ။ ။ အခုလောလောဆယ်တော့ မလုပ်နိုင်စရာသိပ်မရှိဘူးဗျ။ ဘာလို့ဆိုတော့ တကယ့်ကို စစ်မြေပြင်ကြီးလိုဖြစ်နေတာလည်း မဟုတ်ဘူး။ ခဏတစ်ခါ တောထဲမှာ တိုက်ပွဲဖြစ်လိုက် သူ့ဘက်နာ ကိုယ့်ဘက်နာဖြစ်လိုက် ကြားမှာလူတွေက ဒုက္ခရောက်လိုက် ခဏငြိမ်လိုက် နောက်တစ်ခါပြန်ဖြစ်လိုက် အဲလိုပဲဖြစ်တယ်ဆိုတော့ ရွေးကောက်ပွဲနဲ့တော့ အလွန်တရာမဖြစ်နိုင်စရာမရှိဘူး။ ဂွကျတာက ညမထွက်ရ အမိန့်ထုတ်ထားတာရယ်။ အင်တာနက်ဖြတ်တောက်ထားတာရယ်က ကောင်းတဲ့လက္ခဏာ မဟုတ်ဘူးပေါ့နော်။
မေး။ ။ ဘာများဖြည့်စွက်ပြောကြားချင်တာရှိလဲ။
ဖြေ။ ။ ချက်ချင်းကြားဝင် စေ့စပ်ညှိနှိုင်းပြီးရင်လည်း ချက်ချင်းလည်းပြေသွားနိုင်တယ်။ မပြေလည်း ဒီတိုင်းပုံမှန်သွားရင်လည်း သွားနိုင်တယ်။ ဒါကတော့ ရှေ့ကို အဟုန်ပြင်းပြင်းနဲ့သွားမလား။ ရပ်သွားမလား။ ငြိမ်သွားမလားဆိုတာ ကျွန်တော်တို့လည်း မခန့်မှန်းတတ်ဘူး။

No comments:

Post a Comment

My Blog List