Sunday, December 29, 2019

စစ်တပ်ဦးပိုင်ကုမ္ပဏီနှင့် မိတ်ဘက် ဂျပန် Kirin လုပ်ငန်းက အမေရိကန် New Belgium ဘီယာကို ဝယ်ယူခွင့်ရ၍ နိုင်ငံတကာဝေဖန်မှုများ မြင့်တက်

No photo description available.
မြန်မာ့တပ်မတော်ပိုင် ဦးပိုင်ကုမ္ပဏီနှင့်ပူးပေါင်း၍ ဘီယာလုပ်ငန်း လုပ်ကိုင်နေသော ဂျပန် Kirin ဘီယာလုပ်ငန်းက အမေရိကန်အခြေစိုက် New Belgium ဘီယာလုပ်ငန်းကို ဝယ်ယူရန် New Belgium ဘီယာလုပ်ငန်း၏ ရှယ်ယာရှင်များက သဘောတူညီလိုက်ပြီး နိုင်ငံတကာတွင် ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။

ဂျပန်Kirin ဘီယာလုပ်ငန်းက အမေရိကန်အခြေစိုက် New Belgium ဘီယာလုပ်ငန်းကို ဝယ်ယူရန် ပြင်ဆင်နေချိန်တွင်ပင် အမေရိကန်ရောက် ကရင်အဖွဲ့ အစည်း ၂ ခုနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတစ်ခု ဖြစ်သည့် Karen Community of North Carolina၊ Karen Organization of America ၊ Inclusive Development Internationalတို့က စစ်တပ်နှင့်မိတ်ဘက် ဂျပန် Kirin က အမေရိကန် New Belgium ကို ဝယ်ယူမည့် အရေးကို ကန့်ကွက်ကြရန် New Belgium ၏ ရှယ်ယာရှင်များကို ဒီဇင်ဘာလ ၁၀ ရက်နေ့က ကြေညာချက် ထုတ်ပြန်တိုက်တွန်းတောင်းဆိုခဲ့ကြသည်။
New Belgium သည် အမေရိကန်ပြည်ထောင်စု၏စတုတ္ထအကြီးဆုံးသော ဘီယာလုပ်ငန်းဖြစ်ပြီးNew Belgium ၏ အရေးကိစ္စမှန်သမျှကို ရှယ်ယာရှင်အလုပ်သမား ၇၀၀ ခန့်က မဲခွဲဆုံးဖြတ်ကြခြင်းဖြစ်ပြီး ရှယ်ယာရှင် အလုပ်သမားများက Kirin ၏ ဝယ်ယူမှုကို သဘောတူညီကြောင်း ယခု ဒီဇင်ဘာလအတွင်း ထောက်ခံလိုက်ကြသည်။
စံပြစီးပွားရေးပြရုပ်တစ်ခုဖြစ်ရန် New Belgium အနေဖြင့် တက်ကြွစိတ်အားပြင်းပြနေကြောင်း New Belgium ၏ အမှုဆောင်အရာရှိချုပ် Kim Jordan က ပြောဆိုသည်ဟု ဝယ်ယူမှုကို သဘောတူညီကြောင်း ကြေညာသည့် ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
Kirin အနေဖြင့် New Belgium ကို ဝယ်ယူရာတွင် ၎င်း၏ လက်ခွဲကုမ္ပဏီဖြစ်သော သြစတြေးလျ Lion Little World ကုမ္ပဏီအနေဖြင့် ဝယ်ယူခြင်းဖြစ်၍ သြစတြေးလျLion Little World ကုမ္ပဏီအနေဖြင့်လည်း နိုင်ငံတကာ၏ ဝေဖန်မှုများကို အကြီးအကျယ်ကြုံတွေ့နေရသည်။
အမေရိကန် Fort Collins communityအပါအဝင် နိုင်ငံတကာက New Belgium ဘီယာလုပ်ငန်းကို Lion Little World က ဝယ်ယူခြင်းအပေါ် အကြီးအကျယ် ဝေဖန်လျက်ရှိကြောင်း သိရှိရသည်။
" New Belgium ကို Lion Little World နဲ့ Kirin ဆီကို ရောင်းချလိုက်တာက အင်မတန်ကို ရှက်စရာကောင်းပါတယ်။ Kirin ဆိုတာဟာ နိုင်ငံတကာက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေ လုပ်ဆောင်နေတယ်လို့ ဝေဖန်ခံ၊ ပြောခံနေရတဲ့ မြန်မာနဲ့ ဆက်စပ်မှုရှိပါတယ်။ အဲဒီလို မနှစ်မြို့ဖွယ် စီးပွားရေးလုပ်ငန်းနဲ့ ဆက်ဆံမှုက အတင့်ရဲလွန်းပါတယ်"ဟု Fort Collins Community Action Network က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
ဂျပန် Kirin သည် တပ်မတော်ပိုင် မြန်မာဘီယာ၊ မန္တလေးဘီယာတို့နှင့် အမေရိကန် ဒေါ်လာ သန်း ၉၆၀ တန်ဖိုးရှိ မိတ်ဘက်စီးပွားရေး လုပ်ဆောင်နေကြောင်း ၊ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်ကထုတ်ပြန်သည့် မြန်မာတပ်မတော်ဆိုင်ရာ စီးပွားရေးအကျိုးစီးပွားများနှင့်ပတ်သက်သော လွတ်လပ်သည့်အစီရင်ခံစာတစ်ခုတွင် ကီရင်က မြန်မာနိုင်ငံအတွင်း အံ့အားသင့်ဖွယ်စီးပွားရေးအရ ဆောင်ရွက်ချက်များကို မီးမောင်းထိုးပြထားကြောင်း၊တပ်မတော်ပိုင် ဦးပိုင်၊ မြန်မာ့စီးပွားရေးကော်ပိုးရေးရှင်း MEHL, MEC တို့ နှင့် လက်တွဲဆောင်ရွက်နေသည့် မည်သည့် စီးပွားရေးလုပ်ငန်းမဆို နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ၊ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေများကို ချိုးဖောက်နေမှုများတွင် ပါဝင်လာနိုင်၊အချိတ်အဆက်ရှိလာနိုင်သော အန္တရာယ် အလွန်မြင့်မားစွာရှိနေကြောင်း ကုလသမဂ္ဂအစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီသည် တပ်မတော်၏ အဓိကလုပ်ငန်းစုကြီးဖြစ်ပြီး ရှယ်ယာများကို ဗိုလ်ချုပ်များ၊ တပ်ရင်းတပ်ဖွဲ့များနှင့် စစ်ပြန်များက ချုပ်ကိုင်ထားကြောင်း၊ ဦးပိုင်နှင့်Kirin တို့ပူးပေါင်းဆောင်ရွက်နေသည့် Myanmar Breweryသည် ဈေးကွက်ဝေစု ၈၀ ရာခိုင်နှုန်း ကို ထိန်းချုပ်ထားနိုင်ပြီး ၂၀၁၈ ခုနှစ် အစီရင်ခံစာအရ ပုံမှန်အမြတ်အစွန်းသည် ယန်း ၁၀ ဒသမ ၁ ဘီလျံ (အမေရိကန်ဒေါ်လာ ၉၂ သန်းကျော်)ရှိကြောင်း သိရှိရသည်။
Kirin ဘီယာလုပ်ငန်းစုသည် မြန်မာ့တပ်မတော်သို့ အမေရိကန်ဒေါ်လာ ၁၂၀၀၀ တန်ဖိုးရှိ တိုက်ရိုက်လှူဒါန်းမှုများ လုပ်ဆောင်ခဲ့ပြီး ယင်းလှူဒါန်းမှုများသည် လူမျိုးတုန်းသတ်ဖြတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အထောက်အပံ့ဖြစ်စေခဲ့ကြောင်း နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များက ဝေဖန်ကြသည်။ Kirin ဘက်ကမူ ၎င်းတို့အနေဖြင့် မြန်မာ့တပ်မတော်သို့ လှူဒါန်းမှုများသည် အရပ်သားများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးရန် လှူဒါန်းခြင်းဟု ပြောဆိုသည်။ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ကမူ မြန်မာစစ်တပ်နှင့် မည်သည့်ပုံစံဖြင့် ဆက်ဆံစေကာမူ ဆက်သွယ်ဆောင်ရွက်မှု လုပ်ဆောင်သူများကို ခွင့်မလွှတ်ထိုက်ဟု သုံးသပ်ပြောဆိုသည်။
Kirin ဘက်ကမူ လူ့အခွင့်အရေးကို လေးစားပြီး စီးပွားရေးလုပ်ဆောင်မှုများတွင် လူ့အခွင့်အရေးစံနှုန်းများကို အခြေခံမူအဖြစ် ထားရှိဆောင်ရွက်ကြောင်း၊ မြန်မာနိုင်ငံတွင် ဦးပိုင်နှင့် လုပ်ငန်းဆောင်ရွက်မှုများကို ပွင့်လင်းမြင်သာမှုရှိရှိဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို လျှော့ချပြီး မြန်မာလူမှုအသိုင်းအဝိုင်းနှင့် စီးပွားရေးအတွက် အပြုသဘောဆောင်သော တိုးတက်မှုများရှိစေရန် ဆောင်ရွက်မည်ဟု ထုတ်ပြန်ပြောဆိုသည်။
ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအစီရင်ခံစာ ထွက်ရှိလာပြီးနောက်Kirin အနေဖြင့် မြန်မာစစ်တပ်နှင့် ပူးတွဲလုပ်ဆောင်မှုများကို ၎င်းတို့၏ နိုင်ငံတကာအကြံပေးဘုတ်အဖွဲ့ဖြင့် ပြန်လည် သုံးသပ်နေကြော်ငးလည်း ထုတ်ပြန် ပြောဆိုထားသည်။

ဓာတ်ပုံ- ဦးပိုင်ကုမ္ပဏီ၏ ၂၀၁၉ ခုနှစ် နှစ်ပတ်လည် အစည်းအဝေး။ Photo Credit - cincds

No comments:

Post a Comment

My Blog List