Monday, November 16, 2015

အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တွင် NLD ပါတီ ရှစ်ဆယ်ရာခိုင်နှုန်းနီးပါး အနိုင်ရဟု ဦးတင်အေး ပြောကြား


ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲရလဒ်ကို ၉၉ ရာခိုင်နှုန်း ကြေညာထားနိုင်ပြီးဖြစ်ရာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ၈၀ ရာခိုင်နှုန်းနီးပါး အနိုင်ရရှိထားကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။
NLD ပါတီသည် ပြည်သူ့လွှတ်တော်တွင် ၇၉ ရာခိုင်နှုန်း၊ အမျိုးသားလွှတ်တော်တွင် ၈၀ ရာခိုင်နှုန်း အနိုင်ရရှိထားကြောင်း ဦးတင်အေးက ပြောကြားသည်။NLD ပါတီသည် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် အသီးသီးတွင်မူ ၇၉ ရာခိုင်နှုန်း အနိုင်ရရှိထားကြောင်း ၎င်းက ဆိုသည်။

ယနေ့ (နိုဝင်ဘာ ၁၅) နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ၌ ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

NLD ပါတီသည် ပြည်သူ့လွှတ်တော်တွင် ၂၅၅ ဦး၊ အမျိုးသားလွှတ်တော်တွင် ၁၆၈ ဦးနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များတွင် ၆၂၆ ဦး နေရာရရှိထားပြီး ပြည်သူ့လွှတ်တော်တွင် ၂ နေရာ၊ အမျိုးသားလွှတ်တော်တွင် ၁ နေရာနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များတွင် ၄ နေရာ (၁ ရာခိုင်နှုန်းခန့်သာ) ကြေညာရန် ကျန်ရှိနေသေးကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ဆိုသည်။

ယင်းမဲဆန္ဒနယ်များသည် ဝေးလံသည့် ကချင်ပြည်နယ်မှ နေရာများ ဖြစ်နေသောကြောင့် နိုဝင်ဘာ ၂၀ ရက် နောက်ဆုံးထား၍ မီဒီယာများမှတစ်ဆင့် အပြီးသတ် ကြေညာသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ရွေးကောက်ပွဲ ဝင်ရောက်ခဲ့သည့် ပါတီ ၉၀ ကျော်မှ ပြည်သူ့လွှတ်တော်တွင် ၁၁ ပါတီနှင့် တစ်သီးပုဂ္ဂလတစ်ဦး၊ အမျိုးသားလွှတ်တော်တွင် ၈ ပါတီနှင့် တစ်သီးပုဂ္ဂလတစ်ဦးနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များတွင် ပါတီ ၂၀ နှင့် တစ်သီးပုဂ္ဂလတစ်ဦး အနိုင်ရရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။

NLD ပါတီနှင့် အဓိက ယှဉ်ပြိုင်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် အမျိုးသားလွှတ်တော်တွင် ၁၂ နေရာနှင့် ပြည်သူ့လွှတ်တော်တွင် ၂၉ နေရာသာ အနိုင်ရရှိခဲ့သည်။

တိုင်းရင်းသားပါတီများအနက် နေရာအများဆုံး အနိုင်ရရှိခဲ့ပြီး ၎င်းတို့ အနိုင်ရသည့် နေရာများ အများစုမှာ NLD ပါတီကို ဖြတ်ကျော်က အနိုင်ရရှိခဲ့သော ရခိုင်အမျိုးသားပါတီကမူ အမျိုးသားလွှတ်တော်တွင် မဲဆန္ဒနယ် ၁၀ ခုနှင့် ပြည်သူ့လွှတ်တော်တွင် မဲဆန္ဒနယ် ၁၂ နေရာ အနိုင်ရရှိခဲ့သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီကမူ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၃ ခုနှင့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၁၂ နေရာ အနိုင်ရရှိခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List