မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်စဉ်တွေက အချိုးအကွေ့တွေ များခဲ့တယ်။ အံ့သြစရာ ဖြစ်စဉ်တွေနဲ့အတူ အနိမ့်အမြင့် အတက်အကျတွေနဲ့ တည်ငြိမ်မှုဆိုတာ အတော်လေး ရှားပါးလွန်းခဲ့ပါတယ်။ သမိုင်းကြောင်း တစ်လျှောက်ကို ပြန်ကြည့်ရင် လွတ်လပ်ရေး ကြိုးပမ်းမှု ကာလတစ်လျှောက် နိုင်ငံရေး ဖြစ်စဉ်တွေထက် လွတ်လပ်ရေး ရပြီးနောက်မှာ ရှိခဲ့တဲ့ နိုင်ငံရေး ဖြစ်စဉ်တွေက အဆမတန် ပိုမိုရှုပ်ထွေးလှပါတယ်။
လွတ်လပ်ရေးရပြီး နောက်မှာလည်း လက်နက်ကိုင် တော်လှန်ရေးတွေ ကြောင့် တိုင်းပြည်ဟာ တည်ငြိမ်မှု မရခဲ့ပါဘူး။ နောက်ပိုင်းမှာ စစ်အာဏာ သိမ်းမှုတွေနဲ့ အတူ တိုင်းပြည်ကလည်း အာဏာရှင် စနစ်အောက် နှစ်ပေါင်း များစွာ ကျရောက်သွားခဲ့ရပါတယ်။ အာဏာရှင် စနစ်ကို လူထုက ရွပ်ရွပ်ချွံချွံ တော်လှန်ခဲ့ကြရပြီး ၁၉၈၈ နောက်ပိုင်း နှစ်ပေါင်း ၂၂ နှစ် အကြာကျမှ တိုင်းပြည်ဟာ အပြောင်းအလဲ တစ်ခုအတွက် လမ်းစတစ်ခု စရခဲ့ပါတယ်။
၂၀၁၁ မှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆိုတဲ့ ခေါင်းစဉ် ပြောင်းတပ်ပြီး သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ်တစ်ရပ် တက်လာခဲ့တယ်။ ဦးသိန်းစိန် လက်ထက် ငါးနှစ်တာ အတွင်းမှာ လူထုဟာ သူတို့ရဲ့ အဓိက အခြေခံ လိုအပ်ချက်တွေအပေါ် အကောင်အထည် ဖော်ပေးနိုင်မှု အားနည်း ခဲ့လို့ အပြောင်းအလဲဟာ အောင်မြင်မှု မရခဲ့ဘူးလို့ ဝေဖန်ခံရတယ်။ ဒီတော့ ၂၀၁၅ ရွေးကောက်ပွဲကနေ စစ်မှန်တဲ့ အပြောင်းအလဲဖြစ်ဖို့ အားလုံးက ၀ိုင်းဝန်း တောင်းဆိုကြတယ်။ ပြည်သူတွေ လိုချင်တဲ့ အပြောင်း အလဲဟာ ရွေးကောက်ပွဲကနေပဲ မှန်မှန်ကန်ကန် ဖော်ဆောင်သွားနိုင်မယ်လို့ အားလုံး က ယုံကြည်ကြတယ်။ ဒါ့ကြောင့်ပဲ ပြည်သူတွေဟာ တိုင်းပြည်မှာ လိုအပ်နေ တဲ့ အပြောင်းအလဲဖြစ်ဖို့ အရပ်သား အစိုးရသစ် တစ်ရပ် ထွက်ပေါ်လာ အောင် အရွေ့တစ်ခုအတွက် ၀ိုင်းတွန်းကြတယ်။
ဒါကြောင့် နိုဝင်ဘာ ၈ ရက်မှာ လုပ်ခဲ့တဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကြီးမှာ အပြောင်းအလဲအတွက် ပြည်သူတွေက အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် NLD ကို ပြတ်ပြတ်သားသား ထောက်ခံလိုက်ကြတယ်။ ရွေးကောက်ပွဲ မတိုင်မီ လအနည်းငယ် အတွင်းမှာ ပြည်သူတွေဟာ အပြောင်းအလဲအတွက် ဝေေ၀၀ါးဝါး ရှိနေသေးတယ်။ လက်ရှိ အာဏာရပါတီကလည်း အပြောင်း အလဲတွေဟာ ပြီးခဲ့ပြီ။ သမ္မတဦးသိန်းစိန် လက်ထက်မှာ ဘာတွေ တိုးတက် လာတယ်၊ ဘယ်လို တံခါးတွေ ဖွင့်ထားတယ်။ ငြိမ်းချမ်းရေးတွေ ဘယ်လို တည်ဆောက်နေတယ်။ အစိုးရ အဖွဲ့ထဲက ပြည်ထောင်စုဝန်ကြီး အချို့ရဲ့ ရွေးကောက်ပွဲအတွက် ငွေကြေး အမြောက်အမြား သုံးစွဲနိုင်မှုတွေနဲ့ စည်းရုံးမှုတွေကလည်း ရှိနေတယ်။ လူထုအားပေး ထောက်ခံမှုများတဲ့ NLD မှာကလည်း ဘာသာရေးလို အရာမျိုးတွေနဲ့ တိုက်ခိုက်ခံထားရတယ်။ ထောင်ချောက် ဆင်ခံထားရတယ်။ ဒီလို အခြေအနေမျိုးတွေမှာ NLD အပေါ် လူထုစိတ်ဝင်စားမှုကလည်း အကန့်အသတ်၊ အတားအဆီးတွေ ဖြစ်နေတယ်။
ရွေးကောက်ပွဲ မတိုင်မီ အခြေအနေ အရပ်ရပ်တွေကြောင့် ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ရင်တောင် NLD ဟာ အနိုင်ရဖို့ မလွယ်နိုင်ဘူးဆိုတဲ့ ခန့်မှန်း သုံးသပ်ချက်တွေ ထွက်လာတယ်။
ရွေးကောက်ပွဲ မကျင်းပမီ လပိုင်းအလိုမှာ ဒီလိုအမြင်တွေ၊ သုံးသပ်ချက်တွေ နေရာအနှံ့က ထွက်လာတယ်။ တချို့တွေကလည်း လူထုထောက်ခံ အားပေးတဲ့ ပါတီကို Influence လျှော့သွားအောင် နည်းအမျိုးမျိုးနဲ့ ချောင်ပိတ်တဲ့ ပုံစံမျိုး လုပ်ကြတယ်။ လူထုကြားမှာ အမြင်လွဲမှားသွားအောင် အပြောင်းအလဲအတွက် စိတ်ပျက်သွားအောင် ကဏ္ဍပေါင်းစုံကနေ Issue အမျိုးမျိုးနဲ့ Psywar တွေ သုံးခဲ့ကြတယ်။ ပေါ်ပေါ်ထင်ထင် ၀ါဒဖြန့်မှုတွေ လုပ်ကြသလို တချို့ကလည်း လူထုကို သူတို့ပေးချင်တဲ့ Message ရောက်သွားအောင် နှတ်ကြောင်းပေးတယ်။ ပါးပါးလေး ပုတ်ကြတယ်။
ဒါပေမဲ့ တကယ် ရွေးကောက်ပွဲနီးပြီလည်း ဆိုရော လူထုက ပြောင်းလဲချိန် တန်ပြီ ဆိုတာကို သူတို့ သိသွားကြတယ်။ အဲဒီ အပြောင်းအလဲကလည်း သူတို့ကိုယ်တိုင်လုပ်မှ ဖြစ်မယ်ဆိုတာ သိပြီး ၀ိုင်းတွန်းကြတယ်။ ရွေးကောက် ပွဲလုပ်ဖို့ ရက်ပိုင်း အလိုလောက်မှာ အားလုံးက ပြတ်ပြတ်သားသား ဖြစ်သွားကြပြီ။ စိတ်ထဲမှာ သဲသဲကွဲကွဲ ဖြစ်သွားပြီ။ ငါတို့လုပ်မှ ရတော့မယ်။ ဒီတစ်ကြိမ်ဟာ နောက်ဆုံး အခွင့်အရေးပဲ။ နောက်တစ်ကြိမ်ဆိုတာ မရှိတော့ဘူး။ အဲဒီတော့ ပြောင်းလဲရမယ့်ဘက်က ပြတ်ပြတ်သားသား ရပ်တည်လိုက်ကြတယ်။ အရင်က နိုင်ငံရေးကို စိတ်မ၀င်စားတဲ့ လူငယ်တွေ ပါ ပါဝင်လာကြတယ်။ အားလုံး လမ်းပေါ်ထွက်တယ်။ မဲရုံတွေဆီ သွားတယ်။ မဲတစ်ပြားကို အပြည့်အ၀ အသုံးချတယ်။ ဒီတော့ မျှော်မှန်းထားတာထက် ပိုပြီး NLD အနိုင်ရသွားခဲ့တယ်။ ၁၉၉၀ တုန်းကလို သောင်ပြိုကမ်းပြို အနိုင်ရ သွားခဲ့တယ်။ ၉၀ ရွေးကောက်ပွဲကထက် လူထုရဲ့ နိုင်ငံရေး ရေချိန်က ပိုမြင့်ခဲ့တယ်။
ဒီလို NLD ပြတ်ပြတ်သားသား အနိုင်ရသွားခဲ့တာဟာ ပြိုင်ဘက်ကို အံ့အားသင့် တုန်လှုပ်သွားစေခဲ့သလို၊ နိုင်ငံရေး အကဲဖြတ်တွေ၊ နိုင်ငံရေး လေ့လာသုံးသပ်သူတွေရဲ့ ၂၀၁၅ ရွေးကောက်ပွဲအပေါ် အမြင်တွေ ခန့်မှန်းတွက်ချက် ပြောဆိုမှုတွေ လွဲချော်သွားခဲ့ပါတယ်။
ရွေးကောက်ပွဲ မတိုင်မီမှာ နယ်ပယ် အသီးသီးကနေ သုံးသပ်ပြောဆိုခဲ့မှုတွေ ဘယ်လိုတွေ ရှိခဲ့သလဲ။ ဘယ်လောက် လွဲချော်ခဲ့သလဲ။ တကယ့် လက်တွေ့မှာ ဘယ်လောက် ကွာသွားသလဲ။ စိတ်ဝင်စားစရာ ကောင်းပါတယ်။
အချို့ဆိုရင် NLD ပါတီ ရွေးကောက်ပွဲမှာ ရှုံးနိမ့်လိမ့်မယ်လို့ ပြောဆို သုံးသပ်ခဲ့ကြသူတွေလည်း ရှိပါတယ်။ ဒီလို သုံးသပ်သူတွေထဲမှာ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်း၊ လူရွှင်တော် ဇာဂနာ၊ 7Day Daily သတင်းစာက ဆောင်းပါးရှင် ဘစီ၊ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားခဲ့သူနဲ့ မြန်မာ့နိုင်ငံရေး လေ့လာသူ ဦးအောင်ဒင်၊ တိုင်းမ်မဂ္ဂဇင်း ဆောင်းပါးရှင် ချာလီကမ်းဘဲလ်တို့လို နယ်ပယ်စုံက ပုဂ္ဂိုလ်တွေ ပါဝင်နေပါတယ်။
သူတို့ရဲ့ သုံးသပ်မှုတွေဟာ ရွေးကောက်ပွဲ မတိုင်မီ လအနည်းငယ် အလိုလောက်ကနေ စပြီး ရက်ပိုင်း အလိုလောက်အထိ အခုလို သုံးသပ်ခဲ့ကြတာ တွေ့ရပါတယ်။
ဒီလို သုံးသပ်ကြတဲ့ နေရာမှာ လက်ရှိ အာဏာရ ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော်တို့ရဲ့ ပူးပေါင်းမှု၊ တိုင်းရင်းသား ပါတီများ အားကောင်းလာမှု တွေကို အဓိကထားပြီး NLD ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်တဲ့ အထိ သောင်ပြိုကမ်းပြို အနိုင်ရဖို့ မဖြစ်နိုင်ဘူး။ စိုးရိမ်ရတဲ့ အခြေအနေမှာပဲ ရှိနေတယ်ဆိုတဲ့ သဘောမျိုး သုံးသပ်မှုတွေ တွေ့ခဲ့ရပါတယ်။
အောက်တိုဘာ ၂၃ ရက်ထုတ် 7Day Daily သတင်းစာမှာ “ဒီရွေးကောက်ပွဲ လည်း နှစ်ကိုယ့်တစ်စိတ်ကတဲ့ ရွေးကောက်ပွဲ။ ၂၅ ရာခိုင်နှုန်း သေချာနေတဲ့ တပ်မတော်နဲ့ အစိမ်းရောင် ကြံ့ဖွံ့နဲ့ နှစ်ကိုယ့်တစ်စိတ် ပေါင်းကနေတာပါ” လို့ ခေါင်းစဉ်တပ်ပြီး ဦးဇာဂနာနဲ့ တွေ့ဆုံထားမှုကို ဖော်ပြခဲ့ပါတယ်။ ဒီတွေ့ဆုံမေးမြန်းခန်းမှာ ဦးဇာဂနာက ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီရဲ့အနေအထားနဲ့ ပတ်သက်ပြီး လူအုပ်စုမြင်တိုင်း အနိုင်ရခြင်း မဟုတ်ကြောင်း၊ တိုင်းရင်းသားပါတီများ အားကောင်းမှု၊ USDP နဲ့ တပ်မတော်တို့ရဲ့ ပေါင်းစည်းမှုတို့ကြောင့် NLD ပါတီ အစိုးရဖွဲ့ဖို့ မလွယ်ကြောင်း သူ့ရဲ့ သုံးသပ်ချက်ကို ပြောခဲ့ပါတယ်။
“တစ်ခါတလေ ကိုယ့်ရှေ့မှာ လူအုပ်စုကြီးကို တွေ့ရရင်၊ မြင်ရရင် နိုင်ပြီထင်တယ်။ ကျွန်တော်တို့လည်း ၈၈ တုန်းက လူအုပ်စုကို မြင်တော့ နိုင်ပြီ ထင်ခဲ့တယ်။ ဒါပေမဲ့ မနိုင်ခဲ့ပါဘူး။ ၂၀၀၇ တုန်းကလည်း ကျွန်တော်တို့ လူအုပ်စုကို မြင်တယ်။ လူက စုမိလာတဲ့အခါ အင်အားကြီးလို့ ထင်သွားခဲ့တယ်။ အဲဒါ စိတ္တဗေဒ နည်းအရတော့ ဒါအဖြေအစစ်အမှန် မဟုတ်ဘူး။ NLD က ၅၁ ရာခိုင်နှုန်းရမှသာ အစိုးရဖွဲ့လို့ ရမယ်။ ရရင် ပြဿနာ မရှိဘူး။ မရရင် ပြဿနာ ရှိလာပြီ။ USDP ကျတော့ ၂၆ ရာခိုင်နှုန်းရရင် အိုကေပြီလို့ သူတို့ ပါးစပ်က ထုတ်ပြောတယ်။ ဘာလို့ဆို သူတို့က တပ်မတော်ထိုင်ခုံကို ယူထားပြီးသားဆိုတော့ ၂၆ ကို ၂၅ နဲ့ပေါင်းရင် ၅၁ ဖြစ်သွားပြီ။ ဒါဆိုရင် တိုင်းရင်းသားပါတီတွေကို ထည့်မတွက်တော့ဘူးလား။ ရခိုင်ဆို အင်မတန် အင်အားကောင်းတယ်။ ရှမ်းမှာဆို ကျားဖြူနဲ့ ကျားခေါင်းက အင်မတန် အင်အားကောင်းတယ်။ အဲဒီနေရာတွေမှာ NLD နဲ့ USDP တို့က နိုင်ပါ့မလား။ ကျွန်တော်တို့ တော်တော် စဉ်းစားရမယ်။ ပြည်ပမဲက ဘယ်အတိုင်းအတာအထိ ရမယ်ဆိုတာ မသေချာသေးဘူး။ အဲဒီတော့ အပြတ်အသတ်နိုင်ဖို့ တော်တော် ခက်ခက်ခဲခဲ ပြိုင်ရမယ်။... ကျွန်တော် ကိုယ့်စကားကို တာဝန်ယူပြီး ပြောရရင် NLD ၅၁ ရာခိုင်နှုန်းစလုံး နိုင်ဖို့ မလွယ်ဘူး” လို့ ဦးဇာဂနာက သုံးသပ်ခဲ့ပါတယ်။
ရွေးကောက်ပွဲ မတိုင်မီမှာ လူထုကြား စိတ်အားလျော့စရာ၊ နားလည်းမှု လွဲစရာ ဖြစ်နိုင်တဲ့ Message တွေ ဖြန့်သလို ဖြစ်ခဲ့တာတွေ ရှိခဲ့တယ်။ USDP က ၂၆ နေရာ ရရင် ပြီးပြီ။ လွှတ်တော်ထဲမှာ တပ်မတော်က ၂၅ ရာခိုင်နှုန်းရှိ တယ်။ ဒါ့ကြောင့် ၅၁ ရာခိုင်နှုန်းဖြစ်ပြီ။ ဒီတစ်သက် NLD အစိုးရဖွဲ့ဖို့ မဖြစ် နိုင်ပါဘူးလို့ လက်ရှိ ပြည်ခိုင်ဖြိုးပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖြစ်ပြီး အခု ၂၀၁၅ မှာ ရှုံးနိမ့်သွားတဲ့ ဦးလှဆွေက ပြောကြားမှုတွေ ရှိခဲ့ပါတယ်။
အောက်တိုဘာ ၅ ရက်ထုတ် 7Day Daily သတင်းစာမှာပဲ ဆောင်းပါးရှင် ဘစီရဲ့ ‘ဆေးသကြား မျက်နှာများ’ သရော်စာ ဆောင်းပါးမှာ ခြိမ်းခြောက်မှုများ၊ မဲဆန္ဒရှင် မှားယွင်းမှုများကြောင့် လူထုထောက်ခံရုံနဲ့ NLD ပါတီ နိုင်မယ်လို့ မထင်ကြောင်း သုံးသပ်ရေးသားခဲ့ပါတယ်။ “အတိုက်အခံ ပါတီဖြစ်တဲ့ NLD ပါတီကလည်း ရွေးကောက်ပွဲနိုင်ရင် အစိုးရဖွဲ့နိုင်မယ်ချည်း ထင်နေသဗျ။ အခုကာလ ရွေးကောက်ပွဲမယ် ခြိမ်းခြောက်၊ ဟိန်းဟောက်တာတွေ၊ မဲဆန္ဒရှင်စာရင်း အမှားအယွင်း စတာတွေ တသီကြီး ရှိနေတဲ့ကြားမှာ လူထုထောက်ခံမှု ရရုံနဲ့ ရလဒ်က အစိုးရ ဖွဲ့နိုင်လောက်တဲ့ အနေအထားအထိ ရှိမယ်လို့ ကျုပ်တို့ဖြင့် မထင်ရဲဘူးဗျာ” လို့ ဆောင်းပါးရှင် ဘစီက ရေးသားသုံးသပ်ခဲ့ပါတယ်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းကလည်း အောက်တိုဘာ ၃၁ ရက်ထုတ် 7Day Daily သတင်းစာမှာ ‘သုံးပါတီ ညွန့် ပေါင်းလား၊ ပြည်ထောင်စု ညွန့်ပေါင်းလား’ ခေါင်းစဉ်နဲ့ ဆောင်းပါးရေးခဲ့ပြီး ပြည်နယ်များမှာ တိုင်းရင်းသားပါတီတွေ အားကောင်းလို့ ၂၀၁၅ ရွေး ကောက်ပွဲ အလွန်မှာ ပါတီအနေနဲ့ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းဖို့ ကြိုတင် ဆောင်ရွက် သင့်တယ်ဆိုပြီး သုံးသပ်ခဲ့ပြန်ပါတယ်။
ဒေါက်တာ ရန်မျိုးသိမ်းရဲ့ ဆောင်းပါးမှာ “ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် အခြေပြု ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၈၉ နေရာသည် ထက်ဝက်နီးပါးရှိပြီး အရေးပါကြောင်း၊ NLD ပါတီရဲ့ မိတ်ဖက်တိုင်းရင်းသား ပါတီများ အနေနဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၀၀ နီးပါး အနိုင်ရရင် သမ္မတ ရွေးချယ်ရေးနဲ့ လွှတ်တော်နိုင်ငံရေးတွေမှာ အသာစီးရ လာနိုင်ခြေ မြင့်မားတယ်။ NLD အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ အလွန်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီများနဲ့ သုံးပါတီ ညွန့်ပေါင်းဖွဲ့ စည်းနိုင်ရေး၊ မိတ်ဖက် တိုင်းရင်းသားများနှင့် သုံးပါတီ ညွန့်ပေါင်းဖွဲ့စည်းနိုင်ရေးတို့ကို ရွေးကောက်ပွဲ မတိုင်မီကာလ ကတည်းက ရေရှည် အမြင်ရှိရှိ ဗျူဟာမြောက် စီမံချက်များ ရေးဆွဲ ပြင်ဆင် ဆောင်ရွက်သင့်ကြောင်း” ဆိုပြီး ဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်လိုက်တာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၄ ရက်ထုတ် 7Day Daily မှာ နိုင်ငံရေး အကျဉ်းသားဟောင်း၊ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူနဲ့ မြန်မာ့နိုင်ငံရေး လေ့လာသူ ကိုအောင်ဒင်နှင့် တွေ့ဆုံခြင်းမှာတော့ “၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီရဲ့ ရလဒ်အပေါ် ခန့်မှန်းချက် လေးခုရှိပြီး NLD ပါတီ သမ္မတလောင်း တင်ရာမှာ အောင်မြင်မှု မရဘဲ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော် ပေါင်းထားတဲ့ သမ္မတလောင်းက သမ္မတနေရာရမယ့် ခန်မှန်းချက်မှာ ဖြစ်နိုင်ခြေ အများဆုံး” လို့ သုံးသပ်ခဲ့ပါတယ်။
ခန့်မှန်းခြေ လေးမျိုးမှာ ပထမ ခန့်မှန်းခြေက NLD နေရာ အများစု အနိုင်ရရင်လည်း သမ္မတလောင်း တင်ရာမှာ အောင်မြင်မှု မရဘဲ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်က ပေါင်းထားတဲ့ သမ္မတလောင်းက သမ္မတနေရာဖြစ်မယ်။ ဒုတိယ ခန့်မှန်းချက်က NLD ဟာ လွှတ်တော် နှစ်ရပ်စလုံးမှာ နေရာအများစုရမည် ဖြစ်သော်လည်း အရေအတွက် မပြည့်လို့ ပြည်ခိုင်ဖြိုးက သမ္မတရာထူး ရမယ်။ တတိယ ခန့်မှန်းချက်မှာ NLD သမ္မတတင်မြှောက်ပြီး ပြည်ခိုင်ဖြိုးနဲ့ တိုင်းရင်းသားများက ဒုသမ္မတ ဖြစ်လာ နိုင်တယ်။ နံပါတ်လေး ခန့်မှန်းချက်မှာ NLD အားအကောင်းဆုံးဖြစ်ပြီး လွှတ်တော် နှစ်ရပ်စလုံးမှာ ဥက္ကဋ္ဌ ဖြစ်နိုင်သလို သမ္မတလည်း ရွေးချယ် နိုင်မယ်” လို့ ဆိုထားပါတယ်။ ဒါပေမဲ့ ပထမ ခန့်မှန်းချက်က ဖြစ်နိုင်ခြေ အများဆုံး ဖြစ်ပြီး နောက်ဆုံး ခန့်မှန်းချက်မှာ အနည်းဆုံး ဖြစ်တယ်လို့ တွေ့ဆုံမေးမြန်းခန်းမှာကို အောင်ဒင်က သုံးသပ်ပြခဲ့ပါတယ်။
ဒါ့အပြင် တိုင်းမ်မဂ္ဂဇင်းပါ ဆောင်းပါးရှင် ချာလီကမ်းဘဲလ်ရဲ့ What the Confusion Over Elections Says About Bumar ဆောင်းပါးကို 7Day Daily သတင်းစာမှာ ဘာသာပြန် ဖော်ပြခဲ့ပြီး “NLD က လူကြိုက်များ ထောက်ခံမှုကနေ အနိုင်ရရန် အာရုံစိုက်နေသော်လည်း သူတို့အနေဖြင့် အစိုးရ ဖွဲ့န် လုပ်နိုင်စွမ်းမရှိကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်ထဲက အမတ် ၂၅ ရာခိုင်နှုန်းသည် စစ်တပ်က သူများအတွက် သတ်မှတ်ထားရှိပြီးဖြစ်ကြောင်း စစ်တပ်က ကျောထောက်နောက်ခံ ပေးထားတဲ့ စစ်ဗိုလ်ချုပ်ဟောင်း သမ္မတ ဦးသိန်းစိန်ကလည်း မွတ်စလင်ဝါဒ ထွန်းကားမလာအောင် ကာကွယ်ပေးသူအဖြစ် မွတ်စလင် လူနည်းစုများကို နှိပ်ကွပ်ပေးမှုအတွက် လူကြိုက်များနေကြောင်း” စတဲ့ အချက်တွေကို ပြန်လည် ဖော်ပြထားခဲ့ပါတယ်။
Tomorrow News Journal မှာလည်း ဘဲလားလေဘာတီရဲ့ ‘ဖရိုဖရဲ ရွေးကောက်ပွဲနှင့် ရင်မောဖွယ် တိုင်းပြည်ရဲ့ အနာဂတ်’ ဆိုတဲ့ ဆောင်းပါးကို ဖော်ပြထားခဲ့ပါတယ်။ ဒီဆောင်းပါးမှာလည်း “ပြည်ခိုင်ဖြိုး ပါတီကြီးကလည်း Conflict ဖြစ်လို့နေပြီး ယနေ့ NLD ဆိုတာကလည်း အကြိမ်ကြိမ် Conflict ဖြစ်ခဲ့တဲ့ ပါတီဖြစ်သလို မိမိပါတီဝင် မဟုတ်သူတွေကို အရပ်တကာ လှည့်ရှာလို့ NLD ခေါင်းစီးအောက်ကို ဆွဲသွင်းပြီး မဲရရှိရေးကို ကြိုးစားနေပါတယ်။ ဒီတော့ ပြည်ခိုင်ဖြိုးက ပြိုကွဲနေသလို NLD ကလည်း အင်အား ချိနဲ့နေပြီ ဆိုတာကို နိုင်ငံရေး ဇာတ်ခုံပေါ်မှာ မီးမောင်း ထိုးပြလိုက်သလိုလည်း ဖြစ်နေပါပြီ။ ဒါကြောင့် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကြီးမှာ အင်အားမရှိတဲ့ ပြည်ခိုင်ဖြိုးနဲ့ Political Power ချည့်နဲ့နေတဲ့ NLD ပါတီတို့ ယှဉ်ပြိုင်ကြမှာမို့ ဖရိုဖရဲ ရွေးကောက်ပွဲလို့ မှတ်ချက်ပြုနိုင်ပါတယ်။ နောက်တစ်ချက်က ၁၉၉၀ နဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွေက မျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်ခဲ့သလို NLD ကလည်း အပြတ်အသတ် နိုင်ခဲ့တာပါပဲ။ လာမယ့် ရွေးကောက်ပွဲကလည်း မျှတတဲ့ ရွေးကောက်ပွဲပဲ ဖြစ်နိုင်ပေမယ့် NLD ကတော့ ၁၉၉၀ ကလို ရာခိုင်နှုန်း ၉၀ တော့ မနိုင်တော့ပါဘူး” လို့ ရေးသားခဲ့ပါတယ်။
ရွေးကောက်ပွဲ မတိုင်မီ ၀ါဒဖြန့်ချိမှုတွေ လူထုကြားကို တန်ပြန်တဲ့နည်းနဲ့ ရောက်နေတဲ့ Message တွေ၊ အပြောင်းအလဲအပေါ်ေ၀၀ါးစေနိုင်တဲ့ Psywar တွေ နေရာပေါင်းစုံ၊ ဘက်ပေါင်းစုံကနေ အခြေအနေတွေပေါ် မူတည်ပြီး ပျံ့နှံ့ခဲ့တာတော့ အမှန်ပဲ ဖြစ်ပါတယ်။
အခုချိန်မှာ ရွေးကောက်ပွဲကြီးက ပြီးသွားပြီ။ လူထုက အပြောင်းအလဲဆိုတဲ့ မျက်နှာ တစ်ခုတည်းကို ကြည့်ပြီး NLD ကို ပြတ်ပြတ်သားသား ထောက်ခံ လိုက်ကြပြီ။ ၁၉၉၀ တုန်းကလိုပဲ ပြတ်ပြတ်သားသား အနိုင်ရသွားပြီ။ ရွေးကောက်ပွဲ မတိုင်မီက နယ်ပယ် အသီးသီးက ခန့်မှန်းတွက်ချက် သုံးသပ်မှုတွေကလည်း လွဲချော်သွားခဲ့ကြပြီ။ တကယ်တော့ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရသွားခဲ့တာက အပြောင်းအလဲကို လိုချင်နေတဲ့ ပြည်သူလူထုပဲ ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ်တုန်းကထက် လူထုရဲ့ နိုင်ငံရေးနိုးကြားမှု အမြင်တွေက တိုးတက်သွားခဲ့ပြီ။ လူထုကြောင့်ပဲ ၂၀၁၅ မှာ ခန့်မှန်းမှုတွေ လွဲချော်သွားကြတာ ဖြစ်ပါတယ်။
Eleven Media Group
No comments:
Post a Comment