Friday, November 20, 2015

၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် စာရင်းတွင် အမျိုးသမီး ၁၂ ရာခိုင်နှုန်းကျော်ပါဝင်


၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ် ၁၁၃၉ ဦး ကြေညာပြီးချိန် တွင် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် ၁၄၆ ဦး ပါဝင်သဖြင့် လွှတ်တော်တွင်းသို့ အမျိုးသမီး ကိုယ်စားလှယ်လောင်း ပါဝင်မှုမှာ ၁၂ ရာခိုင်နှုန်းကျော် ရှိလာမည်ဖြစ်ကြောင်း သိရှိရသည်။
၂၀၁၀ ရွေးကောက်ပွဲ၌ တက်လာသည့် လွှတ်တော်တွင် အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ် ပါဝင်မှုမှာ ၃ ရာခိုင်နှုန်းသာရှိသဖြင့် လာမည့်လွှတ်တော်၌ အမျိုးသမီးပါဝင်မှုမှာ ယခုကျင်းပဆဲ လွှတ်တော်ထက် ပိုမိုလာမည်ဖြစ်ပြီး လက်ရှိအနိုင်ရ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် များတွင် ယခင်ကတည်းက အမျိုးသမီးအရေးကို ဆောင်ရွက်နေသူများ လည်း ပါဝင်ကြောင်းသိရသည်။

“ အခုလွှတ်တော် ကိုယ်စားလှယ်တွေထဲမှာ ကျွန်မတို့နဲ့အတူ လက်တွဲပြီး ဆောင်ရွက်တဲ့ အမျိုးသမီးကိစ္စရပ် တွေမှာ အားတက်သရော၊ တကယ့် လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွ လုပ်ကိုင်ကြတဲ့ ဒေါ်ရွှေရွှေစိန်လတ်တို့၊ စူဆန်နာတို့ မဇင်မာအောင်တို့ ရှိတယ်။ သူတို့ဆိုရင် အမျိုးသမီးကိစ္စတွေကို လုပ်တဲ့သူတွေက လာတယ်ဆိုတော့ သူတို့ရဲ့အသံတွေကို ပိုပြီးတော့ တင်ပြနိုင်မယ်။

အမျိုးသမီးကိစ္စတွေကို ပိုပြီးဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု မွန်အမျိုးသမီးအဖွဲ့မှ မိကွန်ချမ်းနွန်က ပြောသည်။

အဆိုပါ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်များတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄၁ ဦး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၂၃ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၈၂ ဦး ပါဝင်ခြင်း ဖြစ်သည်။

“အမျိုးသမီးတွေအနေနဲ့ ကျွန်မတို့နယ်မှာ အမျိုးသမီးတွေက ကျောင်းဆရာမ တွေ၊ အုပ်ချုပ်ရေးဌာနမှာ စာရေးမ ဖြစ်တာတွေပဲ ရှိတယ်။ မိမိလုပ်တဲ့ အလုပ်ခနဲ့ ပေးဆပ်တဲ့ လုပ်အားနဲ့ ပြန်ရတဲ့အကျိုးက လူ့ဘ၀မှာ လူတန်းစေ့ လူ့အခွင့်ရေးနဲ့ တန်းတူရရှိအောင် လွှတ်တော်အတွင်းမှာ အဆိုတင်သွင်း သွားမယ်။ ဆွေးနွေး သွားမယ်” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ကျောက်တန်းမြို့နယ် မဲဆန္ဒနယ်(၂)မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်သက်မူက ပြောသည်။

လက်ရှိထုတ်ပြန်ခဲ့ပြီးသည့် အနိုင်ရ ပြည်သူ့လွှတ်တော် အမျိုးသမီးကိုယ်စားလှယ်လောင်းများတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ၃၇ ဦး၊ ရခိုင်အမျိုးသားပါတီမှ တစ်ဦး၊ ရှမ်းတိုင်းရင်းသားဒီမို ရေစီအဖွဲ့ချုပ်ပါတီမှ နှစ်ဦး၊ တအာင်း(ပလောင်) အမျိုးသားပါတီမှ တစ်ဦး စုစုပေါင်း ၄၁ ဦး ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ စာရင်းများအရ သိရသည်။

အမျိုးသား လွှတ်တော်ကိုယ်စားလှယ် အမျိုးသမီး ၂၃ ဦးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ နှစ်ဆယ်ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တစ်ဦး၊ ဇိုမီးအဖွဲ့ချုပ်ပါတီမှ တစ်ဦး၊ ရခိုင်အမျိုးသားပါတီမှ တစ်ဦးပါဝင်သည်။

တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းရင်းသား ရေးရာ ဝန်ကြီး နေရာအတွက် အနိုင်ရကိုယ်စားလှယ် အမျိုးသမီး ၈၂ ဦးတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ၇၂ ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နှစ်ဦး၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ တစ်ဦး၊ လီဆူအမျိုးသားဖွံ့ဖြိုး တိုးတက်ရေး ပါတီမှ တစ်ဦး၊ ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ငါးဦးနှင့် ကချင်ပြည်နယ် ဒီမို ကရေစီပါတီမှ တစ်ဦးတို့ ပါဝင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

သတင်း - MMK
The Ladies News Journal

No comments:

Post a Comment

My Blog List